ညီညွှတ်မှုသရုပ်ကိုဖော်ဆောင်သည့် ကရင်ချည်ဖြူဖွဲ့ရိုးရာပွဲတော်

မုဒိသာ(တောင်သာ)

 

ကျွန်မတို့ ကရင်လက်ချည်ပွဲသို့ ကွင်းဆင်းဆေးကုသွားရမည်ဆို၍ ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။ ချည်ဖြူဖွဲ့ (လက်ချည်ပွဲ) ကို ကရင်လူမျိုးတို့၏ ရှေးဘိုးဘွားများ အမွေအနှစ်အဖြစ် ဝါခေါင်လပြည့်နေ့တွင် နှစ်စဉ်မပျက် ကရင်လူမျိုးများရှိရာဒေသများတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။ ကရင်လက်ချည်ပွဲသည် ကရင်လူမျိုးများ၏ ညီညွတ်မှုသရုပ်ကို ဖော်ဆောင်သည့်ရိုးရာပွဲတော်တစ်ခုလည်း ဖြစ်သည်။ ကျွန်မတို့သည် အမှတ် ၈ ရပ်ကွက်က မိုးကယ်ဘုန်းကြီးကျောင်း၏ ကရင်လက်ချည်ပွဲကို သွားရောက်ခဲ့ကြခြင်းဖြစ်သည်။

 

မိုးကယ်ကျောင်း၏ရှေ့တွင် ကရင်လက်ချည်ပွဲရှိသဖြင့် ကရင်ရိုးရာဝတ်စုံများနှင့် လှပနေသော ကရင်လူမျိုးများကို မြင်တွေ့ရသည်။ ကရင်ဒုံးယိမ်းအကများနှင့် ပျော်မြူးနေသော ကရင်လူငယ်များကို ငေးမောကြည့်ရသည်မှာလည်း စိတ်ကြည်နူးမှုများကို ဖြစ်ပေါ်စေသည်။ ကရင်ဝတ်စုံများနှင့် အမိုး၊ အပါးများကို မြင်တွေ့ရသည်မှာလည်း စိတ်ပျော်ရွှင်မှုတစ်မျိုးကို ဖြစ်ပေါ်စေသည်။

 

ဝါခေါင်လက်ချည်ပွဲ

စပ်စုတတ်သောကျွန်မလည်း ကရင်အမိုးတစ်ယောက်အား ဝါခေါင်လပြည့်နေ့ကို အဘယ်ကြောင့် လက်ချည်ပွဲ ကျင်းပတာလဲဟု မေးလိုက်သည်။ ရပ်ရွာနှင့်တကွ ရွာသူရွာသားမိသားစုများအား ဘေးအန္တရာယ် မဖြစ်စေရန် အရံအတားသဘောဖြင့် လက်ကောက်ဝတ်တွင် ချည်မျှင်ဖြူဖြင့် လက်ရစ်ချည်လိပ်ပြာခေါ်ပေးရခြင်း ဖြစ်သည်။ ထိုလက်ရစ်ချည်လိပ်ပြာခေါ် ခြင်းကိုပင် ပိုးကရင်လို “လာခေါက် ခိုင်စူး” “လားခုတ်ခိုက်စူ” ဟုခေါ်ပြီး စကောကရင်လို “လားခူ့ကီစူး”ဟု ခေါ်သည်။ အဓိပ္ပာယ်မှာ ဝါခေါင်လ လက်ရစ်ချည်လိပ်ပြာခေါ် ခြင်းပင် ဖြစ်သည်ဟု သိရသည်။

 

ဝါခေါင်လက်ချည်ပွဲကို အများအားဖြင့် ဝါခေါင်လဆန်း၁ ရက်မှ ၁၅ ရက်အတွင်း ကျင်းပပြုလုပ် လေ့ရှိသည်။ တောင်ပေါ်ဒေသရှိ အချို့သော စကောကရင်များသည် တော်သလင်းလတွင် ကျင်းပပြုလုပ် လေ့လည်း ရှိကြသည်။ အမိုး၏ပြောကြားချက်အရ လက်ချည်ပွဲဆိုသည်မှာ စကော၊ ပိုး စသည့်ဖြင့် ခွဲခြားဆုံးဖြတ်သည့် ဘာသာရေးပွဲ မဟုတ်ပါ။ ကရင်တစ်မျိုးသားလုံး၏ မိတ်ဆုံစားပွဲ၊ စုဆုံပွဲ၊ ချစ်ခင်ကြင်နာမှုတွေ နှီးနှောပွဲ၊ မိတ်ဆက်ပွဲပင် ဖြစ်သည်။

 

ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား လက်ချည်ပွဲတွင် အဓိကလိုအပ်သောပစ္စည်း ၉ မျိုးပါဝင်သည်။ လင်ပန်း သို့ ဗျပ်၊ဆန်ကောတစ်ခု၊ ထမင်းဆုပ် ၇ ဆုပ်၊ ကောက်ညှင်းဖင်ချွန် ၂ထုပ်တစ်စည်း ၇ ထုပ်၊ ငှက်ပျောသီးမှည့် ၇ လုံး၊ နတ်ပန်းညို၇ ခက်၊ ကြံပိုင်း ၇ ပိုင်း၊ ရေတစ်ဖလား၊ တစ်တောင်ခန့်ရှိသော ချည်ဖြူချည်နီတို့ ဖြစ်သည်။
ထမင်းဆုပ် ခုနစ်ဆုပ်ဆိုသည်မှာ လက်ချည်ပွဲကျင်းပသောအခါ ဗန်းထဲတွင်ထည့်ထားသော ထမင်းဆုပ်ပင်ဖြစ်သည်။ ထမင်းသည် လူတို့၏ အသက်ရှင်နေထိုင်ရန် စားသောက်ရသောမရှိမဖြစ် အရာတစ်ခုဖြစ်သည်။ ထမင်းဆုပ် ခုနစ်ဆုပ်ထားရခြင်းမှာ ခုနစ်ရက်သားသမီးများ အစဉ်မပြတ် ဥမကွဲသိုက်မပျက် နေထိုင်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

 

ကောက်ညှင်းဖင်ချွန် နှစ်ထုပ်တွဲ နှစ်ထုပ်ကို တစ်စည်းတွဲ၍စည်းထားရခြင်းမှာ နှစ်နှစ်ကာကာ ချစ်ခင်စုပေါင်းနေထိုင်ခြင်းနှင့်အတူ ကောက်ညှင်းသည် စေးကပ်နေသော သဘောရှိသောကြောင့် တော်ရုံခွာ၍မရသော စည်းလုံးတည်တံ့ခိုင်မာသည့် စိတ်နှလုံးရှိသောသဘောကို ဆောင်ထားခြင်းဖြစ်သည်။

 

စုစုစည်းစည်း ညီညီညွတ်ညွတ် နေထိုင်သွားရန်

ငှက်ပျောသီးမှည့်သည် ချိုသောအရသာကို ပေးစွမ်းလေသည်။ ထိုငှက်ပျောသီးကို ဥပမာထားပြီး နောင်လာ မျိုးဆက်သစ်များအနေဖြင့် ငှက်ပျောပင် ငှက်ပျောသီးများလို စုစုစည်းစည်း ညီညီညွတ်ညွတ် နေထိုင်သွားရန် ရည်ရွယ်သည့်သဘောဖြင့် ငှက်ပျောသီးကို ထည့်သွင်းထားခြင်းဖြစ်သည်။ ငှက်ပျောပင်ဟူသည် တစ်ပင်စိုက်လျှင် မကြာမီအပင်များပွားလာပြီး စုစုစည်းစည်းပေါက်လေ့ရှိသည်။ အသီးသီးရာတွင်လည်း အခိုင်လိုက်သီးပြီး အဖီးတိုင်းတွင်လည်း အသီးများ တစ်စုတစ်စည်းတည်းရှိနေသည်။ ထို့ကြောင့် ငှက်ပျောသီးကို ထည့်သွင်းထားခြင်းဖြစ်သည်။

 

နတ်ပန်းညိုဆိုသည်မှာ ပန်းပင်များအနက် တစ်စုတစ်စည်းတည်း ပေါက်လေ့ရှိသည်။ နေပူမိုးရွာမရှောင် ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခိုင်နိုင်သော အပင်မျိုးဖြစ်သည်။ မျိုးဆက်မတုံးနိုင်ဘဲ အချိန်တန်ပြန်ပေါက်လေ့ရှိသည်။ ရာသီမရွေးဘဲ အဖြူ အနီရောင်ပွင့်သော အပင်မျိုးလည်းဖြစ်သည်။ ထိုနတ်ပန်းညိုကဲ့သို့ တစ်စုတစ်စည်း နေထိုင်ကြဖို့၊ လောကဓံတရား ဖိနှိပ်မှုအမျိုးမျိုးကို ကြုံတွေ့ခဲ့ပါကလည်း ထိုလောကဓံတရားဖိနှိပ်မှုကို ကြံ့ကြံ့ခိုင်ပြီး မိမိတို့မျိုးဆက်ကို မတုံးအောင် ထိန်းသိမ်းထားဖို့ရည်ရွယ်ချက်ဖြင့် ထည့်သွင်းထားခြင်းဖြစ်သည်။

 

ကြံပိုင်းကိုထည့်ခြင်းမှာ ကရင်လူမျိုးတို့၏ စိတ်ထားချိုမြိန်ဖြူစင်စေသည့်သဘောကို ဆိုလိုခြင်း ဖြစ်သည်။ ကြံပင်သည်တစ်ဆင့်ပြီးတစ်ဆင့်တက်ကာ အထက်သို့ ထိုးတက်သကဲ့သို့ ကရင်လူမျိုးတို့၏ ဘဝတိုးတက်ရေးကို ကြိုးစားခြင်းသဘောကိုလည်း ဆောင်ခြင်းဖြစ်သည်။ ထိုကြံပင်ကဲ့သို့ပင် ရှေးကရင်ဘိုးဘွားများသည် မိမိတို့၏ မျိုးဆက်များအား ကြံကို နမူနာယူစေလျက် လောကဓံတရားကို ကြံ့ကြံ့ခံနိုင်ပြီး မိသားစုချင်း၊ အမျိုးချင်း မေတ္တာတရားပွားများစေနိုင်ရန် ရည်ရွယ်၍ လိပ်ပြာခေါ်ရာတွင် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

 

ရေဆိုသည်မှာ လူသားတိုင်းအတွက် မရှိမဖြစ်သော ကျေးဇူးရှင်ဖြစ်သည့်အပြင် အေးမြစေသော သဘောဆောင်သည့်အတွက် ကရင်တိုင်းရင်းသားတို့၏ ဘဝလမ်းခရီးကိုအေးမြစေရန် ရည်ရွယ်ထား၍ ထည့်ထားခြင်းဖြစ်သည်။ လက်ချည်ပွဲပြုလုပ်ရာတွင် ရေစင်တစ်ခွက်ပါဝင်ရ၏။ ရေစင်သည် ကရင်လူမျိုးတို့၏ ပင်ကိုစရိုက်ကို ဖော်ဆောင်ပေးသည်။ ဖြူစင်အေးမြခြင်း၊ သန့်ရှင်းကြည်လင်ခြင်းရှိသကဲ့သို့ ကရင်လူမျိုးတို့၏ မွေးရာပါ ဖြူစင်သောစိတ်ဓာတ်ကို လိုလားသောကြောင့် လက်ချည်သောအခါ ရေစင်အနည်းငယ် သောက်ရခြင်းဖြစ်သည်။ ရှေးကရင်ဘိုးဘွားများက အလွန်ပင် အမြော်အမြင်ကြီးမားသူများဖြစ်ရာ မိမိတို့၏ သားသမီးမြေးမြစ်များကို သတိပေးသည့်သဘောဖြင့် ဝါခေါင်လသည် မိုးများသော ကာလဖြစ်သည့်အတိုင်း အညစ်အကြေးပေါများခြင်း၊ ခြင်ပေါခြင်း၊ ဖျားနာလွယ်ခြင်း စသောအကြောင်းများကြောင့် ကျန်းမားရေးကို အလေးထားဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ထားခြင်းလည်းဖြစ်သည်။

 

စည်းလုံးညီညွတ်မှုပြယုဂ်

ချည်ဖြူကို လက်ကောက်ဝတ်တွင် ချည်ဖွဲ့ရန်အတွက် ထည့်ထားခြင်းဖြစ်သည်။ ချည်ဖြူတစ်မျှင်ကို ပြတ်အောင် ဆွဲဖြတ်နိုင်သော်လည်း ချည်မျှင်များကို စုစည်းဖွဲ့ချည်ထုံးနှောင်ထားလျှင် ဖြတ်ရခက်သည်။ ထို့ကြောင့် ကရင်တိုင်းရင်းသား ညီနောင်များအနေဖြင့်လည်း အချင်းချင်း ချည်ဖြူပမာ စုစည်းနိုင်ကြရမည့် သဘောပင်ဖြစ်သည်။ ထိုသို့ လက်ချည်ပွဲပြုလုပ်ရာတွင် အသုံးအဆောင်ပစ္စည်းများကို ထည့်သွင်းစဉ်းစားရာ၌ အဓိကအားဖြင့် စည်းလုံးညီညွတ်မှုပြယုဂ်ဖြစ်သော ပစ္စည်းများကို ထည့်သွင်းထားရခြင်း ဖြစ်သည်။ အမိုး၏ပြောပြချက်အရ ကရင်လက်ချည်ပွဲ ကျင်းပခြင်းအကြောင်းနှင့် ပါဝင်သောပစ္စည်းများကို သိရှိခဲ့ရသည်။

 

ကျွန်မတို့သည်လည်း ကရင်လူမျိုးများကို ချစ်ခင်သောအားဖြင့် ဆေးကုသရာမှ နားချိန်တွင် ကရင်အမိုးတို့ ချည်ပေးသော လက်ချည်ဖွဲ့မင်္ဂလာကို ပါဝင်ဆင်နွှဲခဲ့ကြသည်။ ကရင်လူမျိုးတို့၏ ရိုးရာ အစားအစာများဖြစ်သည့် တာလပေါ၊ ငါးပိရည်ကျိုနှင့် အတို့အမြှုပ်၊ ကြက်ဆင်သားများနှင့် ကရင်ထမင်း အဝစားခဲ့ခြင်းကိုလည်း မမေ့နိုင်ခဲ့ပါ။ ကရင်မုန့်တီများလည်း အားပါးတရ စားခဲ့ပါသေးသည်။

 

ကရင်လက်ချည်ပွဲသွားခြင်းဖြင့် ကျွန်မအတွက် ဗဟုသုတမြောက်မြားစွာ ရရှိခဲ့သည်။ ကရင်လူမျိုးတို့၏ လှပသောဝတ်စုံ၊ ချစ်စရာကောင်းသော ရိုးရာဓလေ့များကို မြင်တွေ့ခဲ့ရသည်။ ကရင်ဒုံးယိမ်းအကများကို မြင်တွေ့ခဲ့ရခြင်းဖြင့် လိုက်ကချင်သော စိတ်တက်ကြွမှုများ ခံစားခဲ့ရသည်။ မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ခဲ့ခြင်းကြောင့် ဝမ်းသာကြည်နူးပီတိဖြစ်ခဲ့ရ၏။ ကရင်ရိုးရာ အစားအစာများကို စားသုံးခဲ့ရခြင်းကြောင့် ကုသိုလ်လည်းရ ဝမ်းလည်းဝခဲ့သောနေ့အဖြစ် မှတ်တမ်း တင်အပ်သော နေ့လည်းဖြစ်သည်။ သို့ပါသောကြောင့် ကရင်လက်ချည်ပွဲသို့မိတ်ဆွေများလည်း တစုတဝေးတည်း စုစုစည်းစည်း ဝင်ရောက်ဆင်နွှဲကြပါစို့ဟု ဖိတ်ခေါ်လိုက်ပါရစေ။ ။