မန္တလေး  ၂၅  ဖေဖော်ဝါရီ

COVID-19 ဗိုင်းရပ်(စ်) ရောဂါဂယက်ကြောင့် ယခုနှစ်တွင် မြန်မာနိုင်ငံသို့ အရှေ့တိုင်းခရီးသွားဝင်ရောက်မှု ကျဆင်းလာနိုင်သဖြင့် အနောက်တိုင်း ခရီးသွားဈေးကွက် ပိုမိုချဲ့ထွင်ရန် အလားအလာရှိသော ဥရောပနိုင်ငံတချို့အား ဆိုက်ရောက်ဗီဇာ (Visa and Arrival) စနစ်ဖြင့် ဝင်ရောက်ခွင့်ပြုနိုင်ရေးအတွက် ညှိနှိုင်းစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၀ ခုနှစ်အစမှာပဲ မိမိတို့နိုင်ငံမှာ COVID-19 ဗိုင်းရပ်(စ်)ဂယက်ကြောင့် အရှေ့တိုင်းခရီးသွားဝင်ရောက်မှု အနည်းငယ် ကျဆင်းလာနေကြောင်း၊ ဒါကြောင့် လက်ရှိအခြေအနေပေါ်မူတည်ပြီး အနာဂတ်အတွက် ကြိုတင်ပြင်မှုတွေအနေနဲ့ အလားအလာရှိတဲ့ ဥရောပနိုင်ငံအချို့က ခရီးသွားတွေ ပိုမိုဝင်ရောက်လာစေဖို့ ဆိုက်ရောက်ဗီဇာရရှိရေးအတွက် စီစဉ်ဆောင်ရွက်နေကြောင်း၊ ဒါ့အပြင် မိမိတို့ရဲ့ ခရီးသွားလုပ်ငန်းကို အရေအတွက်ထက် နိုင်ငံနဲ့ ပြည်သူအတွက် တိုက်ရိုက်သွယ်ဝိုက်ဆက်စပ်ပြီး အမှန်တကယ် အကျိုးပြုစေမယ့် အရည်အသွေးကို ဦးစားပေးတဲ့ ခရီးသွားလုပ်ငန်းအဖြစ် ဆောင်ရွက်ဖို့အတွက်လည်း ခရီးသွားကဏ္ဍမှာ ပါဝင်ပတ်သက်သူအားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။

ထို့ပြင် အဆိုပါဗိုင်းရပ်(စ်)ရောဂါ အလွန်ကာလတွင် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရန် ကြိုတင်ပြင်ဆင်မှုများအဖြစ် အခြေခံအဆောက်အအုံများ ပြုပြင်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် သင်တန်းများပေးခြင်း၊ ကမ္ဘာခရီးသွားဈေးကွက်တွင် Myanmar is Save to Travel အဖြစ် သိရှိနိုင်စေရန် Digital marketing စနစ်ဖြင့် ကြိုးစားဆောင်ရွက်ခြင်းများကို ခရီးသွားကဏ္ဍတွင် ပါဝင်ပတ်သက်သူအားလုံးနှင့် ပူးပေါင်း၍ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

လက်ရှိ နှစ်ဆန်းပိုင်းကာလတွင် မြန်မာနိုင်ငံအတွင်းသို့ ရှေးဟောင်းကားများ၊ ဆိုင်ကယ်များ၊ စက်ဘီးများဖြင့် နိုင်ငံတကာ ခရီးသွားများ ဝင်ရောက်လည်ပတ်လျက်ရှိပြီး မန္တလေးမြို့ရှိ ထင်ရှားသည့် ရှေးဟောင်းဒေသများဖြစ်သော အင်းဝဒေသ၊ တောင်သမန်အင်းနှင့် ဦးပိန်တံတားတို့တွင်လည်း နိုင်ငံတကာခရီးသွားများ ဝင်ရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

ဓာတ်ပုံ-အောင်ဖြိုးကျော်