နျူကလီးယား စွမ်းအင်သုံး ကမ္ဘာ့ပထမဆုံး ရေပေါ် ဓာတ်အားပေးစက်ရုံတည်ဆောက်

စိန့်ပီတာစဘတ်၂၀  မေ 

 

နျူကလီးယား စွမ်းအင်သုံး ကမ္ဘာ့ပထမဆုံး  ရေပေါ်ဓာတ်အားပေး စက်ရုံတစ်ခုကို ပြီးခဲ့တဲ့ စနေနေ့က ရုရှားနိုင်ငံ မြောက်ပိုင်း မော်မန့်(က်)မြို့မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ Akademik Lomonosov လို့ အမည်ပေးထားတဲ့ အဲဒီ ဓာတ်အားပေးစက်ရုံကို စိန့်ပီတာစဘတ်မြို့မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး သတင်းမီဒီယာကို ပြသဖို့ ကြာသပတေးနေ့က မော်မန့်(က်) မြို့ရှိ ဆိပ်ကမ်းကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

 

ရုရှားနိုင်ငံပိုင် နျူကလီးယား စွမ်းအင်ကုမ္ပဏီ Rosatom က တည်ဆောက်ခဲ့တာဖြစ်ပြီး အရှည် ၁၄၄ မီတာ ရှိပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖို တစ်လုံးကို ၃၅ မဂ္ဂါဝပ်ပါတဲ့ ဓာတ်ပေါင်းဖို နှစ် လုံး တပ်ဆင်ထားပြီး အဲဒီစွမ်းအင်ပမာဏဟာ ရေခဲခွဲ သင်္ဘောတွေရဲ့ စွမ်းအင်ပမာဏနဲ့ ညီမျှပါတယ်။ 

 

အလေးချိန် ၂၁၀ဝ၀ တန် ရှိတဲ့ ရေပေါ်ဓာတ်အားပေးစက်ရုံကို ရုရှားနိုင်ငံ အရှေ့မြောက်ဘက် အစွန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ချူကော့ရှိ ပီးဗက် ဆိပ်ကမ်းကို ၂၀၁၉ ခုနှစ် နွေရာသီ လောက်မှာ ဆွဲခေါ်သွားမှာ ဖြစ်ပါတယ်။ အာတိတ် စက်ဝိုင်းကနေ မြောက်ဘက် ၃၅၀ ကီလိုမီတာမှာရှိတဲ့ ပီးဗက်မြို့ဟာ လူဦးရေ ၅၀ဝ၀ ကျော်ရှိပြီး နျူကလီးယား စွမ်းအင်သုံး ရေပေါ်ဓာတ်အားပေး စက်ရုံဟာ လူဦးရေ ၂၀ဝ၀ဝ၀ နီးပါးရှိတဲ့ မြို့တစ်မြို့ကို လျှပ်စစ်စွမ်းအင် အလုံအလောက်ပေးနိုင်ပါတယ်။ 

 

ဓာတ်အားပေး စက်ရုံက လျှပ်စစ်စွမ်းအင်ကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်မှုမှာ အဓိက သုံးစွဲသွားဖို့ မျှော်လင့်ထားပါတယ်။ ရုရှားနိုင်ငံဟာ အာတိတ် သမုဒ္ဒရာ မြောက်ပိုင်းက ဝေးလံတဲ့ နေရာတွေမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ဖို့ လျှပ်စစ်စွမ်းအင် လိုအပ်နေတာဖြစ်ပါတယ်။

 

အဲဒီ ဓာတ်အားပေးစက်ရုံ တည်ဆောက်မှုမှာ ပါဝင်ခဲ့တဲ့ တည်ဆောက်ရေးအဖွဲ့ ခေါင်းဆောင် ဗစ်တာလီ ထရန့်နတ်ရဲ့ ပြောကြားချက်အရ ဝေးလံခေါင်ဖျားဒေသတွေအတွက် လျှပ်စစ် စွမ်းအင်ထုတ်ပေးနိုင်မှာ ဖြစ်သလို အဲဒီလို နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံတွေ အသုံးပြုခြင်းဖြင့် တစ်နှစ်ကို ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှု တန် ၅၀ဝ၀ဝ ထိ လျော့ကျ သက်သာစေမှာဖြစ်ကြောင်း သိရပါတယ်။

 

MDN 

ကိုးကား - AFP