နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်း (BAJ အဖွဲ့) တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

ပြည်တော်   ၂၁  သြဂုတ်

 

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်း (BAJ အဖွဲ့) တို့ ပူးပေါင်း၍ ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၅) နှစ်တာကာလအတွင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၁) သန်းဖြင့် စာသင်ကျောင်း (၈၀) ဆောက်လုပ်ရေးစီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က အမှာစကားပြောကြားပြီး နိပွန်ဖောင်ဒေးရှင်းမှ Executive Director , Mr. Yuji Mori က နားလည်မှု စာချွန်လွှာနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ နိပွန်ဖောင်ဒေးရှင်းမှ Executive Director,  Mr. Yuji Mori နှင့် BAJ အဖွဲ့မှ CountryRepresentative , Ms. Akiko Mori တို့မှ စာသင်ကျောင်း (၈၀) ဆောက်လုပ်ခြင်း  စီမံကိန်းဆိုင်ရာနားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)