နယူးဒေလီရဲ့ လေထုညစ်ညမ်းမှု ဝေဒနာ

၅   နိုဝင်ဘာ  

ယနေ့ကမ္ဘာတစ်ဝန်းမှာ လေထုညစ်ညမ်းမှုကို ရင်ဆိုင်နေရတဲ့ နိုင်ငံအများအပြားရှိနေပြီး သဘာဝ ပတ်ဝန်းကျင်အရေးဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီးအရေးကြီးတဲ့ အကြောင်းအရာတစ်ခု ဖြစ်လာလျက် ရှိပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း အရှေ့တောင်အာရှနိုင်ငံတချို့ဟာ လေထုညစ်ညမ်းမှုဒဏ်ကို ဆိုးဆိုးရွား ရွာခံစားခဲ့ရတာကို တွေ့ရှိခဲ့ရပြီးဖြစ်ပါတယ်။ ယခုရက်ပိုင်းအတွင်း လေထုညစ်ညမ်းမှုကို အလူးအလဲ ရင်ဆိုင်နေရတဲ့ နိုင်ငံကတော့ အိန္ဒိယနိုင်ငံပါပဲ။

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ လေထုညစ်ညမ်းမှုအခြေအနေဟာ သည်းမခံနိုင်တော့တဲ့ အတိုင်းအတာအထိ ရောက်ရှိသွားပြီဖြစ်တယ်လို့ မြို့တော်နယူး ဒေလီအကြီးအကဲဖြစ်တဲ့ အာဗင်းကက်ဂျရီဝယ်လ်က ပြောခဲ့ပါတယ်။ ဒေလီရဲ့ နေရာဒေသအများအပြားမှာ လေထုအရည်အသွေးဟာ ယိုယွင်းပျက်စီးရုံမက အန္တရာယ်ရှိတဲ့အဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေတောင် ဖြစ်လာနိုင်တဲ့အခြေအနေမှာရှိတယ်လို့ သိရ ပါတယ်။

ခရီးစဉ်တွေဖျက်သိမ်း

ပိန်းပိတ်အောင် ဖုံးလွှမ်းနေတဲ့ မီးခိုးတွေကြောင့် မြင်ကွင်းမရှင်းလင်း တော့တဲ့အတွက် လေကြောင်းခရီးစဉ်ပေါင်း ၃၀ ကျော်ကိုလည်း နိုဝင်ဘာ ၃ ရက်မှာ ရပ်နားထားခဲ့ရပါတယ်။ ဒီတော့ သတ်မှတ်ထားတဲ့ နေ့ရက်တွေမှာ စုံဂဏန်း သို့မဟုတ် မဂဏန်းရှိတဲ့ နံပါတ်ပြားတပ်ဆင်ထားတဲ့ မော်တော် ယာဉ်တွေချည်းသာ သီးသန့်စီမောင်းနှင်သွားလာကြဖို့ ထုတ်ထားတဲ့ စည်းကမ်းချက်တွေလည်း ယခု အသက်ဝင်နေခဲ့ပြီ ဖြစ်ပါတယ်။ ။

ဒီစည်းကမ်းချက်ကို ထုတ်ရတဲ့အကြောင်းကတော့ လေထုညစ်ညမ်းမှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းမှုတစ်ခုအနေနဲ့ လမ်းမပေါ် မော်တော်ယာဉ်တွေ သွားလာနေမှုကို လျှော့ချလိုတဲ့ ရည်ရွယ်ချက်ကြောင့်ပါပဲ။ ပြီးတော့ နယူးဒေလီ တစ်မြို့လုံးက စာသင်ကျောင်းတွေအားလုံးကိုလည်း နိုဝင်ဘာ ၅ ရက် မတိုင်ခင်အထိ ပိတ်ထားဖို့ အမိန့်ထုတ်ထားခဲ့ပါတယ်။

ညွှန်ကြားချက်ထုတ်

ပြည်သူလူထုရဲ့ ကျန်းမာရေးအတွက် ညွှန်ကြားချက်တစ်ရပ်အနေနဲ့ ဒေသခံပြည်သူတွေဟာ အထူးသဖြင့် နံနက်အစောပိုင်းနဲ့ ညနေခင်း နှောင်းပိုင်းအချိန်အတောအတွင်းမှာ အပြင်ကိုထွက်ပြီး ကာယလှုပ်ရှားမှုတွေ မလုပ်ကြဖို့ နယူးဒေလီကျန်းမာရေးဝန်ကြီး စက်ယန်ဒါဂျိန်က အကြံပြုထားပါတယ်။ လေထုညစ်ညမ်းမှုကနေ ကာကွယ်ပေးတဲ့ နှာခေါင်းစည်းတွေ တပ်ဆင်ထားကြဖို့၊ လေထုညစ်ညမ်းမှုဖြစ်နေတဲ့ နေရာတွေဆီ မသွားကြဖို့နဲ့ ပြတင်းတံခါးပေါက်တွေကို ပိတ်ထားကြဖို့ ပြည်သူလူထုတစ်ရပ်လုံးကို အကြံ ပြုထားတာလည်း တွေ့ရပါတယ်။

ဘာကြောင့်ညစ်ညမ်း

ယခုနှစ် ဒီအချိန်ကာလမှာ နယူးဒေလီမြို့ရဲ့ လေထုညစ်ညမ်းမှုအမြင့်ဆုံး အခြေအနေအထိ ရောက်ရှိနေရတဲ့ အဓိကလက်သည်တရားခံကတော့ အိမ်နီးချင်းဒေသတွေမှာ တောင်ယာလုပ်ကိုင်နေကြတဲ့ လယ်သမားတွေ ၎င်းတို့ရဲ့ တောင်ယာခင်းတွေကို ရှင်းလင်းဖို့အတွက် ကောက်ပဲသီးနှံအမှိုက်သရိုက်တွေ မီးရှို့နေကြခြင်းကြောင့်ပါပဲ။ ဒီလိုမီးရှို့မှုကနေ ကာဗွန်ဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်နဲ့ အန္တရာယ်ဖြစ်စေတဲ့ အမှုန်အမွှားတွေ လေထုထဲ ပါဝင်လာပြီး အထူးသဖြင့် ပြီးခဲ့တဲ့ရက်သတ္တပတ်က ဟိန္ဒူဘာသာဝင်တို့ရဲ့ ရိုးရာပွဲတော်ဖြစ်တဲ့ ဒီပါဝလီပွဲကျင်းပချိန်အတွင်း မီးရှူးမီးပန်းတွေ ပစ်ဖောက်မှုတွေပါ ထပ်ပေါင်းလိုက်တဲ့အခါ လေထုညစ်ညမ်းမှု အဆိုးဆုံး အခြေအနေကို ရောက်ရှိသွားစေခဲ့ပါတော့တယ်။

သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်လာ

မော်တော်ယာဉ်တွေကထွက်တဲ့ မီးခိုးငွေ့တွေ၊ ဆောက်လုပ်ရေးနဲ့ စက်မှု လုပ်ငန်းတွေကနေထွက်တဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုကလည်း မီးခိုးမြူတွေ ဖုံးလွှမ်းသွားအောင် အားဖြည့်ပေးလိုက်သလို ဖြစ်သွားစေခဲ့ပြန်ပါတယ်။

လာမယ့် ရက်သတ္တပတ်အကုန်မှာ မိုးရွာသွန်းတဲ့အခါ ညစ်ညမ်းမှုတွေအားလုံးကို ဖယ်ရှားသွားစေလိမ့်မယ်လို့ အိန္ဒိယပြည်သူတွေ မျှော်လင့်နေကြပေမယ့် ဒီလိုရွာသွန်းဖို့က လာမယ့်ကြာသပတေးနေ့ မတိုင်ခင်အထိ ဖြစ်လာဖို့ မရှိသေးဘူးလို့ သိရပါတယ်။

တရုတ်နိုင်ငံ မြို့တော်ပေကျင်းမှာဆိုရင် PM 2.5 လို့ခေါ်တဲ့ အန္တရာယ်ရှိတဲ့ အမှုန်အမွှားတွေ လေထဲပါဝင်မှုနှုန်းဟာ သတ်မှတ်ထားတဲ့ ပမာဏထက် အတော်လေးမြင့်မားနေခဲ့ပါတယ်။ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန အာဏာပိုင်တစ်ဦးက နယူးဒေလီမြို့ရဲ့ လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးအဖွဲ့ဟာ လေထုညစ်ညမ်းမှုအဆင့်ကို တိတိကျကျ မှတ်တမ်းတင်ဖော်ပြဖို့ (ကိန်းဂဏန်းတွေလုံလောက်မှု မရှိခဲ့ဘူး။ ဒါက သဘာဝဘေးအန္တရာယ်တစ်ခု ကျရောက်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အရေးပေါ်အခြေအနေ ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး နှာခေါင်းစည်း ငါးသန်းလောက်ကို စာသင်ကျောင်းတွေမှာ လိုက်လံဝေငှပေးခဲ့ပါတယ်။ လေထုညစ်ညမ်းမှုကို ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေတစ်ရပ်အဖြစ် ကြေညာထားပြီး မစ္စတာ ကက်ဂျရီဝယ်လ်ကတော့ မြို့တော်နယူးဒေလီဟာ လူတွေကို အဆိပ်ငွေ့တွေနဲ့ သတ်ဖြတ်နေတဲ့ အခန်းကြီးတစ်ခုလိုမျိုး ခိုင်းနှိုင်းဖော်ပြခဲ့ပါတယ်။ ဒီညစ်ညမ်းမှုဟာ ဆေးရွက်ကြီးနဲ့ ဆေးလိပ်သောက်တဲ့အခါ ထိခိုက်နိုင်တဲ့ သက်ရောက်မှုနဲ့ အတူတူပဲလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၎င်းရဲ့ ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။

မစ္စတာ ကက်ဂျရီဝယ်လ်ရဲ့ မကြာသေးခင်က ပေးခဲ့တဲ့မှတ်ချက်အများစုဟာ အစိုးရအာဏာပိုင်တွေကို အတော်လေး စိတ်မချမ်းမသာဖြစ်စေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရေးသမားတွေဟာ မြို့တွင်းမှာဖြစ်နေတဲ့ လေထုညစ်ညမ်းမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး တစ်ယောက်နဲ့တစ်ယောက် အပြစ်ပုံချနေ ကြတယ်ဆိုပြီး သတင်းတွေလည်း ထွက်နေပါတယ်။

လမ်းပေါ်ထွက်ဆန္ဒပြ

နိုဝင်ဘာ ၃ ရက်က ဒေလီမြို့မှာ နေထိုင်ကြတဲ့ ဒေသခံလူငယ်တွေဟာ လမ်းမပေါ်ထွက် ဆန္ဒပြတာတွေ ပြုလုပ်လာကြပြီး ဒီကိစ္စကို မြန်မြန်ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ကိုယ့်ရှေ့မှာ ရှိနေတဲ့အရာတွေကို မမြင်ရတော့တဲ့ အနေအထားက ဘယ်လောက်တောင် ထိတ်လန့်စရာကောင်းတဲ့ အဖြစ်မျိုးလဲဆိုတာ အမှန်တကယ်သိရတဲ့အခါ ဘယ်လောက်တောင် ဆိုးရွားတဲ့ လေထုညစ်ညမ်းမှု အခြေအနေလဲဆိုတာကို သဘောပေါက်လာပါတယ်။ ဒီတော့ ရေရှည်တည်တံ့စေမယ့် လေထုညစ်ညမ်းမှုဆိုင်ရာ ထိန်းချုပ်ဆောင်ရွက်ပေးမှုတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ ပြည်သူလူထုက လိုလားနေပါတယ်။

အကြံပြု

ကျန်းမာအောင်နေထိုင်ဖို့နဲ့ ပတ်သက်ပြီး ထိုက်သင့်တဲ့ အကြံပြုချက်တွေကလည်း ဝန်ကြီးများ တချို့အကြား အငြင်းပွားစရာတွေ အနည်းငယ်ဖြစ်ပေါ်ခဲ့ပါတယ်။ ကျန်းမာရေးနဲ့ မိသားစု သာယာဝပြောရေး ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဟားရ်ဗာဒန်က ညဘက်မှာ အမြင်အာရုံမသဲကွဲမှုနဲ့ လေထုညစ်ညမ်းမှုနဲ့ ဆက်စပ်နေတဲ့ တခြားကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေကို ကာကွယ်ဖို့အတွက် မုန်လာဥနီကို စားသုံးပေးကြဖို့ အကြံပြုထားပါတယ်။ ။

ကလျာမိုးမြင့်

ကိုးကား- ဘီဘီစီ၊ အေအက်ဖ်ပီ