ပဲခူးမြို့တွင် တိုင်းဒေသကြီးအဆင့် ရိုတာဗိုင်းရပ်(စ်)နှင့် ဆုံဆို့မေးခိုင်ပါဝင်သော ကာကွယ်ဆေး (စတုတ္ထအကြိမ်) စတင်ထည့်သွင်းခြင်း အခမ်းအနားကျင်းပ

ပဲခူး ၅ ဖေဖော်ဝါရီ

 

ပဲခူးတိုင်းဒေသကြီးအဆင့် ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်)ကာကွယ်နှင့် ဆုံဆို့မေးခိုင်ပါဝင်သော ကာကွယ်ဆေး (စတုတ္ထအကြိမ်) စတင်ထည့်သွင်းခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပဲခူးမြို့ ဥဿာမြို့သစ်၊ (၃)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းဒေါင့်ရှိ ဒေသန္တရကျန်းမာရေးရုံး၌ ကျင်းပပြုလုပ်သည်။

 

အဆိုပါ ပဲခူးတိုင်းဒေသကြီးအဆင့် ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်တွင် ရိုတာ ဗိုင်းရပ်(စ်) ကာကွယ်နှင့် ဆုံဆို့မေးခိုင်ပါဝင်သော ကာကွယ်ဆေး(စတုတ္ထအကြိမ်) စတင်ထည့်သွင်းခြင်း အခမ်းအနားကို လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းနှင့် ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း အကြံပေးအရာရှိ ဒေါက်တာခင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးနှင့်အတူ ဌာနဆိုင်ရာ အကြီး အကဲများက ကလေးများအားရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးတိုက်ကျွေးနေမှုကို ကြည့်ရှုကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရိုတာဗိုင်းရပ်(စ်)သည် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပြီး အသက်ငါးနှစ်အောက်ကလေးငယ်များတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေသော အဓိကအကြောင်းအရင်းမှာ ရိုတာဗိုင်းရပ်(စ်) ပိုးကူးစက်မှုကြောင့်ဖြစ်သည်။

 

တစ်နှစ်အောက်ကလေးငယ်များတွင်ဖြစ်ပွားပါက ပြင်းထန်၍ အသက်သေဆုံးတတ်ပြီး မစင်မှတစ်ဆင့် မသန့်ရှင်းသော အစားအစာ ရေနှင့်အရာဝတ္ထုများမှ ပါးစပ်အတွင်းသို့ ဝင်ရောက်ကာ ကူးစက်တတ်ကြောင်း သိရသည်။

 

ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်တွင် မွေးစမှအသက်(၁၈)လအထိကလေးငယ်များကို အကြိမ်ပြည့်ထိုးနှံရန် အရေးကြီးပြီး ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးအား ပုံမှန်ကာကွယ်ဆေးများနှင့် အတူ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်အောက် ကလေးငယ်များအား အသက်(၂)လအရွယ်တွင် ပထမအကြိမ်၊ အသက်(၄)လ အရွယ်တွင် ဒုတိယအကြိမ် ပေါင်း(၂)ကြိမ်ထည့်သွင်းတိုက်ကျွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

အဆိုပါ ပဲခူးတိုင်းဒေသကြီးအဆင့် ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်နှင့် ဆုံဆို့မေးခိုင်ပါဝင်သော ကာကွယ်ဆေး(စတုတ္ထအကြိမ်) စတင်ထည့်သွင်းခြင်း အခမ်းအနားသို့ လူမှုရေးဝန်ကြီးဒေါ်ညွန့်ညွန့်ဌေး၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)