ပစ်တင်ဝေဖန်မှုတို့ ရပ်တန့်ချိန်တန်ပြီ

၈ ဇွန်

 

နိုင်ငံတော်၏လုံခြုံရေးတပ်စခန်းတို့အား ARSA အကြမ်းဖက်အဖွဲ့က တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့မှုအပေါ်အကြောင်းပြု၍ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူတို့ကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံသည် ကနဦးအစကတည်းက သဘောတူလက်ခံပြီး ဖြစ်ပါသည်။ ထိုကဲ့သို့ ပြန်လည်လက်ခံရန် မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်း၍ နှစ်နိုင်ငံအကြားသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးအတည်ပြုပြီး ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းမရှိ၍သာ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် နှောင့်နှေးကြန့်ကြာနေခြင်း ဖြစ်ပါသည်။ သို့သော်ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံတချို့က ရခိုင်ပြည်နယ်သို့ ပြန်လည်ဝင်ရောက်လာမည့်သူတို့၏ လုံခြုံရေးအပါအဝင် ရေရှည်တည်ငြိမ်အေးချမ်းမှုအတွက် စိုးရိမ်သည်ဟူသောအကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံအပေါ် ပြစ်တင်ဝေဖန်ခဲ့ကြပါသည်။

 

ဤပြစ်တင်ဝေဖန်မှုတို့ ရပ်တန့်ရန် အချိန်တန်နေပြီဖြစ်ကြောင်း ယခုအခါပို၍ပို၍ ပေါ်လွင်ထင်ရှားလာပြီး ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရသည် ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အပံ့ပြုနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာတို့အား ကုလသမဂ္ဂအေဂျင်စီနှစ်ရပ်နှင့် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါသည်။ ဤကဲ့သို့ လက်မှတ်ရေးထိုးခဲ့ခြင်းကို ၂၀၁၈ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က တရားဝင်အပြီးသတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့သော ကုလသမဂ္ဂအေဂျင်စီနှစ်ရပ်မှာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ဖြစ်ပါသည်။ အမှန်တကယ်မှာမူ မြန်မာနိုင်ငံ၏ ကုလသမဂ္ဂနှင့်ပူးပေါင်းဆောင်ရွက်သည့် အစဉ်အလာသည် သမိုင်းသက်သေထူပြီး ဖြစ်ပါသည်။ ၁၉၉၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာအရ နေရပ်စွန့်ခွာသူ ၂၃၀ဝဝဝ ခန့်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်စိစစ်လက်ခံခဲ့ခြင်းသည် မငြင်းနိုင်သော သမိုင်းအချက်အလက်မှန် ဖြစ်ပါသည်။

 

မိမိသဘောဆန္ဒအလျောက်ပြန်လာသော နေရပ်စွန့်ခွာသွားသူများအား ပြန်လည်စိစစ်လက်ခံ၍ နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ရှေ့ပြေးစီမံကိန်းများ ဆန်းစစ်ခြင်းအပါအဝင် အသိုင်းအဝိုင်း အားလုံးအား အကျိုးဖြစ်ထွန်းစေမည့် အတူယှဉ်တွဲနေထိုင်ရေး စီမံကိန်းအဆင့်ဆင့်တို့ကို ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက နိုင်ငံတော်အစိုးရကို အထောက်အပံ့ပြုသွားမည် ဖြစ်ပါသည်။ ထို့အပြင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးသည် ပြန်လည်ထူထောင်တည်ဆောက်ရေးကို အခြေခံသော ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ရာတွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့်အတူတကွ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်သည်လည်း အသိုင်းအဝိုင်းများကြား လူမှုသဟဇာတဖြစ်မှု မြှင့်တင်ရေးကိုအခြေခံလျက် ပြန်လည်ထူထောင်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအတွက် ဆန်းစစ်မှုများပြုလုပ်ခြင်းအပါအဝင် စီမံကိန်းများရေးဆွဲနိုင်ရေးအတွက် နိုင်ငံတော်အစိုးရကို အထောက်အပံ့ပြုသွားမည် ဖြစ်ပါသည်။

 

နေရပ်စွန့်ခွာသူတို့အား ပြန်လည်လက်ခံနေရာချထားရေးအတွက် နိုင်ငံတော်အစိုးရ၏ဘက်စုံကြိုးပမ်းမှုတို့ကို ဤမျှအထင်အရှားမြင်တွေ့နေရပါလျက် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံး (ICC) ၏ ရှေ့နေချုပ် ဇာတူးဘင်ဆူဒါက မြန်မာနိုင်ငံအပေါ် စုံစမ်းစစ်ဆေးရန် ဆက်လက်ပြုလုပ်နေသည်ကို နားမလည်နိုင်အောင် ဖြစ်ရပါကြောင်း လေးနက်စွာတင်ပြအပ်ပါသည်။ 

 

မြန်မာ့အလင်း