ပျောက်ကွယ်သွားနိုင်သည့် မြန်မာ့ရိုးရာ မြေသပိတ်လုပ်ငန်း

အမရပူရ  ၆  ဒီဇင်ဘာ

မန္တလေးမြို့ အမရပူရမြို့နယ် ဘုန်းတော်နိုင်ငံကျေးရွာတွင် မြန်မာ့ရိုးရာ မြေသပိတ်လုပ်ငန်းကို ထိန်းသိမ်းလုပ်ကိုင် လျက်ရှိရာ ကိုဗစ်-၁၉ ဖြစ်ပွားနေချိန်တွင် မြေသပိတ်လုပ်ငန်း အခက်တွေ့လျက်ရှိပြီး ပညာအမွေသင်ယူမည့် မျိုးဆက်သစ်မရှိသည့်အတွက် မြန်မာ့ရိုးရာမြေသပိတ်လုပ်ငန်း ပျောက်ကွယ်သွားနိုင်ကြောင်း သိရသည်။

လက်ရှိကာလတွင် မြန်မာ့ရိုးရာမြေသပိတ်များမှာ ရောင်းအားကျလာပြီး မြေသပိတ်ပြုလုပ်သည့်ပညာ အမွေဆက်ခံသူမရှိသလောက် နည်းလာကြောင်း သိရသည်။ မြန်မာ့ရိုးရာမြေသပိတ်လုပ်ငန်းကို မန္တလေးမြို့ အမရပူရမြို့နယ် ဘုန်းတော်နိုင်ငံကျေးရွာတွင် ပြုလုပ်လျက်ရှိပြီး မြေသပိတ်တစ်လုံးလျှင် ငွေကျပ် ၅၀ဝ ဖြင့် ဖောက်သည်သွင်းရသည်။  

ယခုအခါ ဘုန်းတော်နိုင်ငံကျေးရွာတွင် မြန်မာ့ရိုးရာမြေသပိတ်လုပ်ငန်းပြုလုပ်သူ နှစ်ဦးတည်းသာရှိပြီး ပညာအမွေ ဆက်ခံသင်ယူသည့် မျိုးဆက်သစ်မရှိတော့သည့်အတွက် မြန်မာ့ရိုးရာမြေသပိတ်လုပ်ငန်းအတွက် ပျောက်ကွယ်မည့် အခြေအနေဖြစ်နေသည်။ 

မြန်မာ့ရိုးရာမြေသပိတ်လုပ်ငန်းသည် ကျွန်းကျင်မှုနှင့်အတူ သဘာဝနည်းပညာတို့ကို အသုံးပြုကြသည်။ မြေသပိတ် ပြုလုပ်ရန်အတွက် ဘုန်းတော်နိုင်ငံရွာပိုင်မြေ ဒေသအခေါ် သပိတ်ကျင်းမှမြေများကိုရယူကာ မြေသပိတ်ရရှိရန် အဆင့်ဆင့်ပြုလုပ်ကြရသည်။

မြေသပိတ်အကြမ်းများရရှိလာပါက မြေသပိတ်ဖိုအတွင်းထည့်ကာ မီးဖုတ်ပေးကြရသည်။ သပိတ်ဖိုတစ်ဖို မြေသပိတ် အလုံးငါးရာကျော် ဝင်ဆံ့သည်။ မြေသပိတ်မီးကျက်သည်နှင့် သပိတ်အနက်ရောင်ဖြစ်ရေး သဘာဝနည်းဖြင့် ကျွန်းမှိုင်းခံပေးရသည်။ ကျွန်းမှိုင်းခံခြင်းတွင် ပညာပါပြီး အထူးဂရုစိုက်ရသည်။ မှိုင်းပေါက်ပါက သပိတ်သည်အနက် ရောင်မဖြစ်ဘဲ အနီးကွက်များကွက်နေတတ်သည်။ ကျွန်းမှိုင်းခံပြီး နက်လာပြီဆိုသည်နှင့် မြေသပိတ်တစ်လုံး ရရှိပြီဖြစ်သည်။ မြေသပိတ်တစ်လုံးဖြစ်ရန် အဆင့်ဆင့်ပြုလုပ်ရပြီး လက်ဝင်လှသည်။ လက်ရှိဈေးကွက်တွင် ပခုက္ကူဈေးကွက်တစ်ခုတည်းသာ အားကိုးနေရကြောင်း  သိရသည်။ 

လက်ရှိတွင် ဈေးကွက်ကျဆင်းလာခြင်း၊ အကျိုးအမြတ်နည်းပါးခြင်းတို့ကြောင့် လက်ဆင့်ကမ်း ပညာအမွေဆက်ခံသူ နည်းပါးပြီး တိမ်ကောပျောက်ကွယ်သွားမည်ကို စိုးရိမ်ရကြောင်း မြေသပိတ်ပြုလုပ်သူတစ်ဦးက ပြောသည်။

တိမ်တမန်