ဖွဲ့စည်းပုံအခြေခံဥပဒေကပြောသော ကိုးကွယ်ရာဘာသာ သာသနာ

၂ သြဂုတ်

ဘာသာသာသနာနှင့် နိုင်ငံရေး၊ ဘာသာသာသနာဆိုင်ရာ လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ်ဆောက်တည်နိုင်သောအခွင့်အရေး၊ နိုင်ငံရေးနှင့် ဘာသာရေး ဖွဲ့စည်းပုံအခြေခံဥပဒေ များတွင် မည်သို့ပြဋ္ဌာန်းထားသနည်း လေ့လာစောကြောမိသည်။

၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ

၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ဘာသာသာသနာဆိုင်ရာ အခွင့်အရေးများနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ပြဋ္ဌာန်းထားရှိသည်-

ပုဒ်မ ၂၀ တွင် ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ထို့ပြင် ဤအခန်းရှိ အခြားပြဋ္ဌာန်းချက်တို့နှင့်လည်းကောင်း မဆန့်ကျင်လျှင် လူခပ်သိမ်းတို့သည် ဘာသာသာသနာတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှရရှိရမည်ဟု ဖော်ပြထားသည်။

ယင်းပုဒ်မ၏ရှင်းလင်းချက် ၁ တွင် ဘာသာရေးဆိုင်ရာ ကိုးကွယ်ဆောက်တည်မှုနှင့် ဆက်စပ်နေစေကာမူထိုသို့ဆက်စပ်နေသော စီးပွားရေး၊ ဘဏ္ဍာရေး၊ နိုင်ငံရေးနှင့် အခြားလောကီရေးဆောင်ရွက်မှုတို့ကိုအထက်ပါအခွင့်အရေးတွင် မပါဝင်စေရဟူ၍လည်းကောင်း၊ ရှင်းလင်းချက် ၂ တွင် ဤပုဒ်မ၌ ထိုသို့လွတ်လပ်သော အခွင့်အရေးများကို ပေးထားသော်လည်း ပြည်သူ့အကျိုးကိစ္စ၊ ပြုပြင်ရေးကိစ္စတို့အတွက် နိုင်ငံတော်၏ တရားဥပဒေပြုခြင်းကို မတားမြစ်ရဟူ၍လည်းကောင်း ဖော်ပြထားသည်။

ပုဒ်မ ၂၁ (၁) တွင် ဗုဒ္ဓဘာသာ သာသနာတော်သည်နိုင်ငံတော်၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာကြီးဖြစ်သည်ဟု ပြည်ထောင်စုနိုင်ငံတော်က အသိအမှတ်ပြုသည်ဟူ၍ ဖော်ပြထားသည်။

ပုဒ်မ ၂၁ (၂) တွင် နိုင်ငံတော်သည် အစ္စလာမ်ဘာသာသာသနာ၊ ခရစ်ယာန်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သောဘာသာတို့ကို အခြေခံဥပဒေအာဏာတည်သည့်နေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာအချို့ဟူ၍ အသိအမှတ်ပြုကြောင်း ဖော်ပြထားသည်။

ပုဒ်မ ၂၁ (၃) တွင် နိုင်ငံတော်သည် ဘာသာရေးဆိုင်ရာ ကိုးကွယ်မှုကိုသော်လည်းကောင်း၊ ယုံကြည်မှုကိုသော်လည်းကောင်း အကြောင်းပြု၍ မည်သူ့ကိုမျှ သက်ဆိုင်ရာအခွင့်အရေး ချို့ငဲ့စေခြင်း၊ ခွဲခြားခြင်းကိုမပြုရဟူ၍ ဖော်ပြထားသည်။

ပုဒ်မ ၂၁ (၄) တွင် နိုင်ငံရေးကိစ္စအလို့ငှာ ကိုးကွယ်ရာဘာသာကို အလွဲသုံးစားမပြုရ။ ထို့အပြင် လူမျိုးရေ ကြောင့်သော်လည်းကောင်း၊ ကိုးကွယ်ရာဘာသာရေးကြောင့်သော်လည်းကောင်း တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတို့ ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့တည်းမဟုတ် ပေါ်ပေါက်ရန်အကြောင်းရှိသော အပြုအမူသည် ဤအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်အောင်တရားဥပဒေပြုနိုင်ကြောင်း ဖော်ပြထားသည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ

၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဘာသာသာသနာဆိုင်ရာ အခွင့်အရေးများနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ပြဋ္ဌာန်းထားရှိသည် –

ပုဒ်မ ၁၅၆ (က) တွင် နိုင်ငံသားတိုင်း လွတ်လပ်စွာတွေးတောကြံဆခွင့်၊ လွတ်လပ်စွာယုံကြည်ခွင့်၊ မည်သည့်ဘာသာကိုမဆို လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ရှိကြောင်း ဖော်ပြထားသည်။

ပုဒ်မ ၁၅၆ (ခ) တွင် အထက်ဖော်ပြပါ လွတ်လပ်မှုအခွင့်အရေးများရှိသော်လည်း လုပ်သားပြည်သူများ၏ အကျိုးစီးပွားအတွက်သော်လည်းကောင်း၊ စည်းကမ်းသေဝပ်တည်ငြိမ်ရေးအတွက် သော်လည်းကောင်း ဥပဒေပြဋ္ဌာန်းနိုင်ကြောင်း ဖော်ပြထားသည်။

ပုဒ်မ ၁၅၆ (ဂ) တွင် ဘာသာရေးအဖွဲ့အစည်းများနှင့်ဘာသာရေးကို နိုင်ငံရေးကိစ္စအလို့ငှာ အသုံးမပြုရ။ ယင်းကိစ္စနှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းထားရမည်ဟူ၍ ဖော်ပြထားသည်။

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ဘာသာသာသနာဆိုင်ရာ အခွင့်အရေးများနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်-

ပုဒ်မ ၃၄ တွင် ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက်တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိစေရမည်ဟူ၍ ဖော်ပြထားသည်။

ပုဒ်မ ၃၆၀ (က) တွင် ဘာသာသာသနာဆိုင်ရာ ကိုးကွယ်ဆောက်တည်မှုသည် စီးပွားရေး၊ ဘဏ္ဍာရေး၊ နိုင်ငံရေး၊ အခြားလောကီရေးရာ ဆောင်ရွက်မှုတစ်ခုခုနှင့် ဆက်စပ်နေပါက ပုဒ်မ ၃၄ ပါ ဘာသာသာသနာဆိုင်ရာ လွတ်လပ်ခွင့်များတွင်မပါဝင်စေရဟူ၍ဖော်ပြထားသည်။

ပုဒ်မ ၃၆၀ (ခ) တွင် ထိုသို့ ဘာသာသာသနာရေးနှင့်စပ်လျဉ်း၍ လွတ်လပ်သောအခွင့်အရေးများကိုပေးထားသော်လည်း အများပြည်သူအကျိုးကိစ္စနှင့်ပြုပြင်ရေးကိစ္စတို့အတွက် နိုင်ငံတော်၏ ဥပဒေပြုခြင်းကိုမတားမြစ်ရဟူ၍ ဖော်ပြထားသည်။

ပုဒ်မ ၃၆၁ တွင် နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံ ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့်ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုကြောင်း ဖော်ပြထားသည်။

ပုဒ်မ ၃၆၂ တွင် နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သောဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုကြောင်း ဖော်ပြထားသည်။

ပုဒ်မ ၃၆၃ တွင် နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ပုဒ်မ ၃၆၄ တွင် နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ်ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည်ဤဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်ကြောင်း ဖော်ပြထားသည်။

လွတ်လပ်စွာကိုးကွယ်ခွင့်

ဖွဲ့စည်းပုံအခြေခံဥပဒေများ၏ ဖော်ညွှန်းပြဋ္ဌာန်းချက်အရဆိုပါလျှင် နိုင်ငံသားတိုင်းသည် မည်သည့်ဘာသာကိုမဆို လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ရှိသည်။ ဘာသာသာသနာတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှရရှိကြသည်။

အသိအမှတ်ပြုခြင်း

ဖွဲ့စည်းပုံအခြေခံဥပဒေများ၏ ဖော်òန်းပြဋ္ဌာန်းချက်များအရဆိုပါလျှင် ဗုဒ္ဓဘာသာ သာသနာတော်သည်နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနနှင့်ပြည့်စုံသည့် ဘာသာကြီးဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်။ ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သည့်ဘာသာတို့ကိုလည်း နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများဟု နိုင်ငံတော်က အသိအမှတ်ပြုသည်။ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်ဖြစ်သည်။

အလွဲသုံးစားပြုခြင်းနှင့် စိတ်ဝမ်းကွဲစေခြင်း

ဖွဲ့စည်းပုံအခြေခံဥပဒေများ၏ ဖော်ညွှန်းပြဋ္ဌာန်းချက်များအရဆိုပါလျှင် နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုကြရပါ။ ရှောင်ကြဉ်ကြရပါမည်။ ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုး ပေါ်ပေါက်လာစေရန်ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာစေရန အကြောင်းရှိသော အပြုအမူသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်ဖြစ်သောကြောင့် ယင်းအပြုအမူများကိုလည်း သတိပြုရှောင်ကြဉ်ကြရပါမည်။

တာဝန်ရှိခြင်း

နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန် တာဝန်ရှိသည်ဟူ၍ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၄ တွင် ပြဋ္ဌာန်းထားသည်။ နိုင်ငံသားဟုဆိုလျှင်တိုင်းရင်းသားနိုင်ငံသားနှင့် ဥပဒေအရဖြစ်သော နိုင်ငံသားကိုဆိုလိုကြောင်း ယခင်အပတ် ဆောင်းပါးတွင် ရှင်းလင်းဖော်ပြခဲ့ပြီးဖြစ်သည်။

ဤသို့ဆိုလျှင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ နိုင်ငံသားအားလုံးတို့သည် မိမိတို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တိုးတက်ဖွံ့ဖြိုးဖို့၊ တည်ငြိမ်အေးချမ်းဖို့၊ သာယာဝပြောဖို့၊ ထာဝစဉ်ငြိမ်းချမ်းစေဖို့၊ ကမ္ဘာ့အလယ်တွင် တင့်တယ်ဝင့်ထည်သည့် နိုင်ငံတော်ကြီးဖြစ်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဘာသာသာသနာဆိုင်ရာ ပြဋ္ဌာန်းချက်များကို နိုင်ငံသားတိုင်း၊ နိုင်ငံသားတိုင်းက လိုက်နာစောင့်ထိန်းကျင့်ကြံအားထုတ်သွားကြရန် တာဝန်ရှိနေကြသည် ဖြစ်ကြောင်းပါဗျာ။

- ဗုဒ္ဓဘာသာသာသနာ ရောင်ဝါနေသို့ ထွန်းတောက်ပါစေ၊ပါစေ၊-နိုင်ငံတော်ကအသိအမှတ်ပြုထားသောဘာသာ- နိုင်ငံတော်က အသိအမှတ်ပြုထားသော ဘာသာသာသနာများကိုတတ်နိုင်သမျှကူညီစောင့်ရှောက်ပေးသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးနိုင်ကြပါစေ၊နိုင်ကြပါစေ၊-

နိုင်ငံရေးကိစ္စအလို့ငှာဘာသာသာသနာကိုအလွဲ         နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကိုအလွဲသုံးစားပြုခြင်းနှင့် ဘာသာရေးကိုအကြောင်းပြု၍သုံးစားပြုခြင်းနှင့် ဘာသာရေးကို အကြောင်းပြု၍ မုန်းတီးခြင်း၊ရန်မူခြင်း၊စိတ်ဝမ်းကွဲခြင်းများပေါ်ပေါက်မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းများ ပေါ်ပေါက်လာစေသည့်အပြုအမူတို့ကိုရှောင်ကြဉ်နိုင်ကြပါစေ။

မောင်စာဂ