ဖိအားပေးခံခဲ့ရတာတွေအတွက် တစ်ဆင့်ချင်းတုံ့ပြန်နေတဲ့ အီရန်

၁၀  စက်တင်ဘာ

အီရန်ရဲ့ နျူကလီးယားစွမ်းအင်အေဂျင်စီ အကြီးအကဲဖြစ်တဲ့ အလီအက်ကဘာဆာလီဟီက ဥရောပ အင်အားကြီးနိုင်ငံတွေဟာ ၎င်းတို့ပေးထားတဲ့ကတိတွေကို ပျက်ကွက်ခဲ့တဲ့အတွက် အီရန်အနေနဲ့ ရွေးချယ်စရာမရှိတဲ့ အခြေအနေကို ကျရောက်ခဲ့ရတယ်လို့ ယခုရက်ပိုင်းအတွင်းမှာ ဥရောပနိုင်ငံတွေအပေါ် အပြစ်တင်စကားဆိုခဲ့ပြီး ဒီလိုတွေဖြစ်ပြီးနောက် အီရန်အနေနဲ့လည်း နျူကလီးယားသဘောတူညီချက်အရ ပေးအပ်ထားတဲ့ ကတိကဝတ်တွေအတိုင်း လိုက်နာဆောင်ရွက်နေတာတွေကို တဖြည်းဖြည်းနောက်ဆုတ်သွားတော့မယ်လို့ ပြောကြားခဲ့ပါတယ်။

စာချုပ်ကိုထိုးနှက်

တီဟီရန်မြို့ကို တစ်ရက်တာခရီးစဉ်ရောက်ရှိနေတဲ့ နိုင်ငံတကာအဏုမြူစွမ်း အင်အေဂျင်စီအကြီးအကဲ ကော်နယ်ဖီရူတာနဲ့ အတူရှိနေစဉ်အတွင်း အလီအက်က ဘာဆာလီဟီက သတင်းထောက်တွေရဲ့မေးမြန်းမှုကို အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။ သမိုင်းဝင် နျူကလီးယားသဘောတူစာချုပ်ကို ထိုးနှက်လိုက်တဲ့အနေနဲ့ ယူရေနီယံသန့်စင်မှုကို ပိုမိုမြန်ဆန်တဲ့နှုန်းနဲ့ ကန့်သတ်ပမာဏကျော်လွန်ထုတ်လုပ်ဖို့ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ အီရန်က ပြောကြားလိုက်ပြီးတဲ့နောက်မှာ အိုင်အေအီးအေအကြီးအကဲ ကော်နယ်ဖီရူတာရဲ့ အီရန်ခရီးစဉ် ပေါ်ထွက်လာခဲ့တာပါ။

သုံးခုမြောက်ခြေလှမ်း

ဒီအစီအစဉ်ဟာဆိုရင် အမေရိကန်ဆီကနေ အဆက်မပြတ်ကျရောက်လာနေတဲ့ ပိတ်ဆို့မှုနဲ့ ဖိအားတွေကနေ သက်သာရာရစေဖို့အတွက် နျူကလီးယားသဘောတူစာချုပ်မှာ ပါဝင်ကြတဲ့ ကျန်အဖွဲ့အစည်းတွေဆီက ကတိကဝတ်တွေ ပေးအပ်လာဖို့ ကြိုးပမ်းနေတဲ့အီရန်က မေလအတွင်းမှာ အကောင်အထည်ဖော်ခဲ့တဲ့ နည်းဗျူဟာရဲ့ သုံးခုမြောက် ခြေလှမ်းအဖြစ်နဲ့ မြင်တွေ့လာရပါတယ်။

နျူကလီးယားသဘောတူစာချုပ်ကနေ ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်နုတ်ထွက်သွားပြီး အီရန်အပေါ် အပြစ်ပေးအရေးယူတဲ့ ပိတ်ဆို့မှုတွေကို စတင်ချမှတ်လာတဲ့ အချိန်မှာ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေက နျူကလီးယားသဘောတူစာချုပ်ကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားခဲ့ကြပါတယ်။ ထွက်သွားတဲ့ အမေရိကန်နေရာမှာ ဥရောပသမဂ္ဂ အစားထိုး ဝင်ရောက်လာတယ်လို့ ယူဆခဲ့ပေမယ့် မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘဲ ဥရောပနိုင်ငံတွေဟာ ၎င်းတို့ရဲ့တာဝန်တွေကို ပျက်ကွက်ခဲ့တယ်လို့ ဆာလီဟီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ကတိတွေဖောက်ဖျက်ခဲ့

နျူကလီးယားသဘောတူညီချက်ပါ ကတိကဝတ်တွေကို အီရန်က လိုက်နာစောင့်ထိန်းနေသမျှ ကာလပတ်လုံး ဥရောပနိုင်ငံတွေကလည်း လိုက်နာစောင့်ထိန်းမှာ ဖြစ်တယ်လို့ ဥရောပသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့တာကို ကျွန်ုပ်တို့ ကြားခဲ့ရတယ်။ ဒီတော့ကျွန်ုပ်သိချင်တာက ၎င်းတို့ဟာ ဘာတစ်ခုမှ မလိုက်နာဖို့ ကတိပေးခဲ့တာလား၊ ဒါမှမဟုတ် ကတိတွေ ဖောက်ဖျက်ဖို့ ကတိပေးခဲ့တာလား၊ ဥရောပနိုင်ငံသားတွေဟာ မကြာသေးခင်ကပဲ ဒီလိုလုပ်ခဲ့ကြပြီလို့ ၎င်းက ပြောကြား လိုက်ပါတယ်။

တစ်လမ်းသွားပုံစံ

အီရန်အဏုမြူစွမ်းအင်အေဂျင်စီ အကြီးအကဲက နျူကလီးယားသဘောတူစာချုပ် (JCPOA) ဟာ အခုအချိန်မှာ တစ်လမ်းသွားပုံစံတစ်ခုသာ ဖြစ်တယ်လို့ မှတ်ချက်ချခဲ့ပါတယ်။ စာချုပ်ကို နှစ်လမ်းသွားပုံစံအဖြစ် ယူဆခဲ့ပေမယ့် ဒီလိုဖြစ် မလာခဲ့ဘူး။ ဒီတော့ အီရန်နိုင်ငံအနေနဲ့က အခုလုပ်ဆောင်ခဲ့ပြီးတဲ့ ခြေလှမ်းအဆင့် သုံးခုနဲ့အတူ မှန်ကန်သင့်လျော်တဲ့ အချိန်အခါတစ်ခုမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို အတိအကျ ချမှတ်တော့မှာဖြစ်တယ်လို့ ဆာလီဟီက ဆိုပါတယ်။

တီဟီရန်ကို ခရီးစဉ်ရောက်ရှိနေစဉ်အတွင်း ဖီရူတာဟာ အီရန်က လုပ်ဆောင်နေတဲ့ သုတေသနဆောင်ရွက်မှုနဲ့၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆက်စပ်နေတဲ့ လှုပ်ရှားမှုတွေ ကိုကြေညာခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း အသိပေး အကြောင်းကြားမှုကို ရရှိခဲ့ပြီးဖြစ်တယ်လို့ ဗီယင်နာအခြေစိုက် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီက ဖော်ပြထားပါတယ်။

အီရန်ရဲ့ ပူးပေါင်းမှုလိုအပ်

ကုလသမဂ္ဂ အဏုမြူစောင့်ကြည့်အဖွဲ့ကတော့ လက်ရှိဖြစ်နေတဲ့ အပြန်အလှန် တုံ့ပြန်ဆောင်ရွက်မှုတွေမှာ အီရန်ရဲ့ အချိန်နဲ့တစ်ပြေးညီ ပြည့်ပြည့်ဝ၀ပူးပေါင်း ဆောင်ရွက်မှု လိုအပ်တယ်လို့ ပြောကြားခဲ့ပြီး ဒီကိစ္စမှာ သတင်းအချက်အလက် မျှဝေမှုနဲ့ပတ်သက်ပြီး စိုးရိမ်စရာအခြေအနေတွေ ရှိလာနိုင်တဲ့အကြောင်း သံအမတ်ကြီးတွေက စောင်းပါးရိပ်ခြည် ဖော်ပြခဲ့ကြပါတယ်။ ဩဂုတ် ၃၀ ရက်က ဖော်ပြခဲ့တဲ့ အစီရင်ခံစာထဲမှာ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီက သဘောတူညီမှုကို လိုက်နာခြင်းရှိမရှိ တည်နေရာစုံစမ်းစစ်ဆေးမှုတွေနဲ့ ကင်မရာတွေကတစ်ဆင့် ဆက်လက်ပြီး စစ်ဆေးနေတယ်လို့ ဖော်ပြထားပါတယ်။

စာချုပ်ကို သွေဖည်တဲ့ခြေလှမ်းတွေရပ်ဖို့လို

နျူကလီးယားသဘောတူစာချုပ်ကို ဆက်လက်ထိန်းသိမ်းနိုင်ရေး ဥရောပနိုင်ငံတွေရဲ့ ကြိုးပမ်းမှုကို ဦးဆောင်နေတဲ့ ပြင်သစ်နိုင်ငံက အီရန်အနေနဲ့ စာချုပ်ကိုသွေဖည်တဲ့ ခြေလှမ်းတွေကို ရပ်လိုက်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အီရန်ကို တိုက်တွန်းခဲ့ပါတယ်။ စကားပြောဆိုဆွေးနွေးနိုင်မယ့် လမ်းကြောင်းမှန်သမျှကို ယနေ့အချိန်အထိ ဖွင့်ထားဆဲဖြစ်တယ်။ ဒါပေမယ့် အီရန်က စာချုပ်နဲ့မညီတဲ့ လုပ်ဆောင်ချက်တွေကိုတော့ စွန့်လွှတ်ရလိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဂျိန်းဗက်စ်လီဒရီယန်က ပြောကြားခဲ့ပါတယ်။

အပြန်အလှန်ဆွေးနွေး

ပျက်ပြယ်လုနီးနီးဖြစ်နေတဲ့ သဘောတူစာချုပ်ဟာ အီရန်ရဲ့ နျူကလီးယား အစီအစဉ်အပေါ် ထိန်းချုပ်မှုတွေအတွက် အပြန်အလှန်အနေနဲ့ အရေးယူပိတ်ဆို့မှုတွေကနေ သက်သာရာရစေဖို့ဆိုတဲ့ ရည်ရွယ်တဲ့ သဘောတူညီမှုဖြစ်ပါတယ်။ ပြင်သစ်သမ္မတ အီမန်နျူရယ်လ် မက်ခရွန်နဲ့ ၎င်းရဲ့မိတ်ဖက် ရုရှားသမ္မတဗလာဒီမာပူတင်တို့ဟာ စက်တင်ဘာ ၈ ရက်က တယ်လီဖုန်းနဲ့ဆက်သွယ်ပြီး အပြန်အလှန် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

သဘောတူစာချုပ်ကို ထိန်းသိမ်းဖို့ စိတ်ဝင်စားတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးက စုစည်းညီညွတ်စွာ အားထုတ်ဆောင်ရွက်ကြဖို့ ခေါင်းဆောင်နှစ်ဦးက အလေးပေး ဆွေးနွေးခဲ့တာဖြစ်သလို စာချုပ်ကို အပြည့်အဝလိုက်နာဖို့ကိုလည်း လိုလားနေတယ်လို့ ကရင်မလင်နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကန့်သတ်ချက်ကို ကျော်လွန်

နျူကလီးယားသဘောတူစာချုပ်ကနေ အမေရိကန်နုတ်ထွက်လိုက်တဲ့ ၂၀၁၈ ခုနှစ်မေလကစပြီး အီရန်ဟာ စာချုပ်ပါ ကတိကဝတ်တွေကို လိုက်နာဆောင်ရွက်ပြီး နေလာသမျှကို လျှော့ချသွားဖို့ တုံ့ပြန်တဲ့ခြေလှမ်းတွေကို ဆက်တိုက်ဆိုသလို လှမ်းလာခဲ့တာပါ။

ဇူလိုင် ၁ ရက်မှာတော့ သဘောတူညီချက်ထဲမှာပါတဲ့ ယူရေနီယံထုတ်လုပ်မှု ကန့်သတ်ပမာဏ ၃၀ဝ ကီလိုဂရမ်ကို ကျော်လွန်ပြီး ယူရေနီယံထုတ်လုပ်မှုကို တိုးမြှင့်လိုက်ပါတယ်။ နောက်ပိုင်းမှာ အီရန်က ယူရေနီယံပမာဏကို ၃ ဒသမ ၇ ရာခိုင်နှုန်းထက် ကျော်လွန်ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း လူသိရှင်ကြားကြေညာခဲ့ပါတယ်။

စောင့်ကြည့်ခွင့်ပြုမယ်

စာချုပ်ပါစည်းကမ်းတွေလိုက်နာမှုကို တဖြည်းဖြည်းနဲ့ လျှော့ချမှုတွေလုပ်ဆောင် နေသော်ငြားလည်းပဲ အီရန်အဏုမြူ စွမ်းအင်အေဂျင်စီက အီရန်ဟာ၂၀၁၅ သဘော တူညီချက်နဲ့အညီ ၎င်းရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီက စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်ခွင့်ကိုတော့ ဆက်ပေးနေဦးမှာဖြစ်တယ်လို့ ဆိုထားပြန်ပါတယ်။

နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီအကြီးအကဲ ဖီရူတာဟာ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ်နဲ့လည်း စက်တင်ဘာ ၈ ရက်က စကားပြောဆိုဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အီရန်နျူကလီးယားအရေးမှာ အီရန်က ဘယ်လိုခြေလှမ်းမျိုးတွေ ဆက်လှမ်းလာဦးမလဲဆိုတာကို မသိနိုင်သေးတဲ့အတွက် အိုင်အေအီးအေအနေနဲ့ကတော့ ဆက်လက်စောင့်ကြည့်နေဆဲပါပဲ။ ။

ကလျာမိုးမြင့်

ကိုးကား- အေအက်ဖ်ပီ