ဖျက်သိမ်းခဲ့သည့် ဓာတ်ပေါင်းဖိုမှ နျူကလီးယား လောင်စာများအား ပထမဆုံးအကြိမ်အသုံးပြုမည့် ဂျပန်

တိုကျို ၁၈ ဇူလိုင်

 

ဂျပန်နိုင်ငံ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့ဟာ လုပ်ငန်းလည်ပတ်မှု ဖျက်သိမ်းခဲ့သည့် နျူကလီးယား ဓာတ်ပေါင်းဖိုများအနက်မှ နျူကလီးယား လောင်စာများကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည် အသုံးပြုသွားမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ အတည်ပြုလိုက်သည်။ 

 

 

ဆွေးနွေး အဖြေရှာမှုတွေ ပြုလုပ်ပြီးနောက်မှာ ဂျပန်နိုင်ငံ အလယ်ပိုင်း အိုအီ နျူကလီးယား စွမ်းအင် စီမံကိန်းမှ Kansai လျှပ်စစ်စွမ်းအင် ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ၎င်းတို့ကိုယ်တိုင် ဖျက်သိမ်းခဲ့သည့် နျူကလီးယား ဓာတ်ပေါင်းဖို အမှတ်စဉ် (၁) နှင့် (၂) မှ စုဆောင်းထားသည့် လောင်စာများကို ဓာတ်ပေါင်းဖို အမှတ်စဉ် ( ၃) နှင့် (၄) သို့ ဖြည့်တင်းပြီး နွေးဦကာလအတွင်း လုပ်ငန်းများ စတင်လည်ပတ်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်သည်။

 

စုဆောင်းရရှိထားသည့် လောင်စာများအနက် အချို့လောင်စာချောင်းများသည့် အိုအီ နျူကလီးယား စွမ်းအင် စီမံကိန်းမှ လောင်စာချောင်းများနှင့် အရွယ်စားတူညီပြီး လဲလှယ်အသုံးပြုနိုင်ကြောင်း သိရသည်။ အိုအီ နျူကလီးယား စွမ်းအင် စီမံကိန်းအတွက် လောင်စာဖြည့်တင်းမှုသည် သာမန်အားဖြင့် ၃ နှစ်မှ ၅ နှစ်အထိ ကြာမြင့်နိုင်ကြောင်း သိရသည်။ ဖျက်သိမ်းခဲ့သည့် ဓာတ်ပေါင်းဖိုများမှ နျူကလီးယား လောင်စာတောင့် ၆၂၉ ခု သိမ်းဆည်းထားခဲ့ပြီး ၂၆၄ ခုမှာ ပြန်လည် အသုံးပြုနိုင်ကြောင်း သိရသည်။ ကျန်ရှိသည့် ၃၆၅ ခုကို ပြန်လည် သန့်စင်နိုင်ရန် နိုင်ငံ၏ အနောက်တောင်ပိုင်းရှိ Rokkasho စီမံကိန်းသို့ ပို့ဆောင်ခဲ့ကြောင်း ယူဆရသည်။

 

ဖျက်သိမ်းခဲ့သည့် နျူကလီးယား ဓာတ်ပေါင်းဖို အမှတ်စဉ် (၁)နှင့် (၂)သည် ၁၁၇၅ မဂ္ဂဝပ် စွမ်းအင် ရှိပြီး ၂၀၁၉ ခုနှစ်တွင် သက်တမ်း နှစ် ၄၀ ပြည့်တော့မည်ဖြစ်သည်။ မတ်လက အဆိုပါ ဓာတ်ပေါင်းဖို နှစ်လုံးကို ဖျက်သိမ်းရန် ကုမ္ပဏီဘက်က အစိုးရကို အသိပေးခဲ့ခြင်းဖြစ်သည်။

 

၂၀၁၁ ခုနှစ်က ဖူကူရှီးမား မတော်တဆမှုကြောင့် နိုင်ငံအတွင်းက နျူကလီးယား ဓာတ်ပေါင်းဖို အတော်များများကို ပိတ်သိမ်းခဲ့ရပြီး ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အစိုးရအနေဖြင့် နျူကလီးယား ဓာတ်ပေါင်းဖိုများ ပြန်လည်စတင်နိုင်ရေးအတွက် နျူကလီးယား မူဝါဒအပေါ် ပြင်ဆင်မှုများ ပြုလုပ်နေသော်လည်း အားကောင်းသည့် ဆန့်ကျင်ဘက် အတိုက်အခံများနှင့် ရင်ဆိုင်နေရသည်။

 

SMZaw (MDN)
ကိုးကား -Kyodo News