ဖွံ့ဖြိုးတိုးတက်မှု အားနည်းသည့်ဒေသမှ ကလေးများ၊ မိဘမဲ့ကျောင်းမှ ကလေးများအား  EQ သင်တန်း အခမဲ့ဆောင်ရွက်ပေးမည်

မန္တလေး  ၁၁  ဇန်နဝါရီ

 

ဖွံ့ဖြိုးတိုးတက်မှုအားနည်းသည့်ဒေသမှ ကလေးများ၊ မိဘမဲ့ကျောင်းမှ ကလေးများအား  စိတ်ခံစားမှုကို ထိန်းချုပ်နိုင်ပြီး အမှားအမှန်ခွဲခြားတက်သည့် ကလေးငယ်များဖြစ်လာစေရန် EQ သင်တန်းအခမဲ့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း  CHILD EQ BUILDING CENTER မှ သိရသည်။

 

စိတ်ခံစားမှုကို ထိန်းချုပ်နိုင်ပြီး အမှားအမှန်ခွဲခြားတတ်သည့် ကလေးငယ်များဖြစ်လာစေရန် ဆောင်ရွက်မည့် EQ သင်တန်းကို ၂၀၁၉ ခုနှစ်အတွင်းမှာ ၃ ကြိမ်မှ ၅ ကြိမ်ခန့် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“မြန်မာနိုင်ငံရှိ လူငယ်တွေ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်နိုင်အောင်၊ အမြင်မှန် အတွေးမှန်တွေ ရရှိစေချင်တယ်။ ကွန်မြူနီကေးရှင်းအားနည်းတာလေးတွေရှိတယ်။ အခမဲ့သင်တန်းအနေနဲ့  ဖွံ့ဖြိုးတိုးတက်မှု အားနည်းတဲ့နေရာတွေ၊ မိဘမဲ့ကျောင်းတွေမှာ ပညာပို့ချပေးပါတယ်” ဟု CHILD EQ BUILDING CENTER တည်ထောင်သူ ဒေါ်ဝင်းဝင်းကြူက ပြောသည်။

 

၂၀၁၈ ခုနှစ်အတွင်းမှာ ရွှေဘိုမြို့နယ် ဇီးကုန်းကျေးရွာ၊ မတ္တရာ သုံးဆယ်ပေး ကျေးရွာ၊ မတ္တရာမြို့ပေါ်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စသည့်နေရာသုံးခုတွင်  EQ သင်တန်းအခမဲ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။ အခမဲ့သင်ကြားလိုသူများအနေဖြင့် အသေးစိတ်အချက်အလက်များကို CHILD EQ BUILDING CENTER ၏ facebook page တွင် ဝင်ရောက်မေးမြန်းနိုင်ကြောင်း သိရသည်။

 

CHILD EQ BUILDING CENTER သည် ကလေးများ မိမိ၏စိတ်ခံစားမှုကိုထိန်းချုပ်နိုင်ပြီး အမှားအမှန်ခွဲခြားနိုင်ရန်၊ မိမိကိုယ်ကိုယ်ယုံကြည်မှု တည်ဆောက်နိုင်ရန်၊ တိကျသည့် ရည်မှန်းချက်များ ရှာဖွေတွေ့ရှိစေရန်၊ လူအများ၏ ယုံကြည်မှုကို ရယူတတ်သော လူငယ်များဖြစ်စေရန်အတွက် မိဘများ၊ ကလေးများအား သင်တန်းများပေးနေသည့် စင်တာတစ်ခုဖြစ်သည်။

 

အိမို့မို့ခိုင်