ဖွံ့ဖြိုးဝေစည်လာသော မနောမြေမှ ပြည်သူတို့၏ လူမှုစီးပွား

ဆောင်းပါး - ရှင်မင်း၊ ဓာတ်ပုံစုစည်း - ထိန်နန်နော်၊ ပြည်နယ်ပြန်/ဆက်

ပဒန်မနော၊ ဆွတ်မနော၊ ဂျူမနော၊ ဂွမ်ရမ်မနောနှင့် ရှဒပ်မနော စသည့် မနောပွဲများ ကျင်းပလေ့ရှိသည့် မနောမြေခေါ် သွေးချင်းတို့မြေ ကချင်ပြည်နယ်သည် ကချင်တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့များဖြင့် ထုံမွှမ်းနေသည်။

ချစ်စဖွယ် ရိုးရာဓလေ့များနှင့်အတူ ဆီးနှင်းရေခဲများ ဖုံးလွှမ်းနေသော မြန်မာနိုင်ငံ၏ အမြင့်ဆုံး တောင်ထိပ်များဖြစ်သည့် ခါကာဘိုရာဇီနှင့် ဂမ်လန်ရာဇီတောင်တို့ကို ကချင်ပြည်နယ်မှ ပိုင်ဆိုင်ထားသည်။

ထိုကဲ့သို့ လှပသည့် တောတောင်များ၊ ချစ်စဖွယ်ရိုးရာ ယဉ်ကျေးမှုဓလေ့များဖြင့် ပြည့် နှက်နေသည့် ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု ရရှိရန်အတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ အကျိုးအတွက် ရည်မှန်းဆောင်ရွက်လျက်ရှိသည့် မူဝါဒနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က “ကချင်ပြည်နယ်ဟာ လူဦးရေ ၁၆ သိန်းကျော်နဲ့ လူမျိုးပေါင်းစုံနေထိုင်တဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး ပြည်နယ်သူ/ ပြည်နယ်သားတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသနေ ပြည်သူတွေ ဘဝအေးချမ်းသာယာပြီး စီးပွားရေး၊ လူမှုရေး လိုအပ်ချက်တွေ ပြည့်ဝစေဖို့ Vision (မျှော်မှန်းချက်)နဲ့ Mission (ရည်မှန်းချက်တာဝန်) တွေကို ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါတယ် ဟု ပြောသည်။

ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်၍ ငြိမ်းချမ်းသာယာပြီး တိုင်းရင်းသားများ အတူတကွ ယှဉ်တွဲနေထိုင်ကာ မူးယစ်ကင်းစင်သော ပြည်နယ်တစ်ခုဖြစ်လာရန် ပြည်နယ်အစိုးရအနေဖြင့် မျှော်မှန်းဆောင်ရွက် လျက်ရှိသည်။

မူးယစ်ဆေးဝါးကင်းစင်ရေး

မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် တစ်နှစ်တာအတွင်း ဆောင်ရွက်တဲ့နေရာမှာ အမှုပေါင်း ၂၁၁၇ မှု ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ ပေါင်း ၂၈၂၄ ဦး၊ မူးယစ်ဆေးဝါးမျိုးစုံ စုစုပေါင်း ဂရမ် ၇၀၀၀၀ ကျော်၊ ဆေးပြားပေါင်း ၁၆ သိန်းကျော်၊ ဘိန်းရည် ၀ ဒသမ ၅၆ လီတာ နဲ့အတူ မော်တော်ယာဉ် ၃၅ စီး၊ မော်တော် ဆိုင်ကယ် ၆၈၃ စီးနဲ့ စုစုပေါင်းတန်ဖိုးငွေကျပ် ၉၂၆၇၈၉၈၉၉၁ သန်း အရေးယူနိုင်ခဲ့ပြီး ဘိန်းခင်းစုစုပေါင်း ၄၉၆ ဒသမ ၂၃ ဧကကို ဖျက်ဆီးနိုင်ခဲ့ပါတယ် ဟု ပြည်နယ်ဝန်ကြီးချုပ် က ပြောသည်။

တရားဥပဒေစိုးမိုးရေး

တရားဥပဒေစိုးမိုးရေး လုပ်ငန်း ဆောင်ရွက်မှုက တစ်နှစ်တာအတွင်း အမှုကြီး ၁၀ မျိုး ဖြစ်ပွားမှု ၉၃ မှု ဖြစ်ပွားခဲ့တဲ့အနက် ၆၉ မှုကို စွဲချက်တင်နိုင်ခဲ့ပြီး အခြားအမှု ၁၈၈၁ မှုအနက် ၁၂၃၇ မှုကို စွဲချက်တင်နိုင်ခဲ့ပါတယ် ဟု ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ပြောသည်။

စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ် အတွင်းဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု ၂၅ မှု အနက် အမှု ၂၀ ကို စွဲချက်တင်နိုင်ခဲ့ပြီး ကြိုတင်ကာကွယ်မှု ၄၃၇၄ မှုကို ဆောင်ရွက် နိုင်ခဲ့သဖြင့် မှုခင်းဖြစ်ပွားမှုများ လျော့နည်း စေရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။

လမ်းနှင့် တံတားကဏ္ဍစတုတ္ထ (၁) နှစ်တာ ကာလအတွင်း မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအိုလမ်း အပါအဝင် လမ်းပိုင်း ရှစ်ခုကို ဦးစားပေး ဆောင်ရွက်ခဲ့သည်။

ပြည်သူ့အကျိုးဖြစ်ထွန်းရေးကို ဦးစား ပေးပြီး ထင်ရှားစွာ ဆောင်ရွက်နိုင်ခဲ့တဲ့ လမ်းတွေက မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအိုလမ်း၊ မန္တလေး - လားရှိုး - ဗန်းမော်-မြစ်ကြီးနားလမ်း၊ ရွှေဘို - မြစ်ကြီးနားလမ်း၊ မံဝိန်း - ချီဖွေ - လောခေါင် - ထောဂေါ့ - ဖီမော် လမ်း၊ ဂွေးတော် - အင်ဂျန်းယန်လမ်း ၊ ဟိုပင်- နန့်မွန်း - ညောင်ပင် - ဝှေခါလမ်း၊ ဗန်းမော်- နောင်လိုက် - တာဆိုင်လမ်း၊ မချမ်းဘော - ဖရုခ - ရပ်ဘော့ - နောင်မွန်လမ်း တို့ဖြစ်ပါတယ်ဟု ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ဆိုသည်။

ပြည်နယ်လမ်းဦးစီးဌာနအနေဖြင့် AC လမ်း (၉ မိုင် ၆ ဖာလုံ)၊ ကွန်ကရစ်လမ်း (၅၅ မိုင် ၂ ဖာလုံ)၊ ကတ္တရာလမ်း (၄၅ မိုင် ၁ ဖာလုံ)၊ ကျောက်လမ်း (၅ မိုင် ၁ ဖာလုံ)၊ အမာခံလမ်း(၁ မိုင် ၂ ဖာလုံ)၊ တောင်ချဲ့ခြင်း (၄၆ မိုင် ၇ ဖာလုံ)ကို ဆောင်ရွက်ခဲ့သည်။

ပြည်နယ်အတွင်း တံတားတည်ဆောက်မှု အနေဖြင့် ပေ ၅၀ အောက် တံတား ၃၀၅ စင်း၊ ပေ ၅၀ နှင့် ပေ ၁၀၀ အကြား တံတား တစ်စင်း၊ ပေ ၁၀၀ နှင့် ပေ ၁၈၀ အကြား တံတား တစ်စင်းတို့ကို ပြည်ထောင်စုရန်ပုံငွေကျပ် ၂၂ ဒသမ ၆၆၄ ဘီလီယံနှင့် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေ ၄၉ ဒသမ ၅၈၂ ဘီလီယံ စုစုပေါင်း ငွေကျပ် ၇၂ ဒသမ ၂၄၆ ဘီလီယံ ကုန်ကျခံ ဆောင်ရွက်ထားသည်။

ထို့ပြင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ ၂၀၁၉ ခုနှစ်အတွင်း လမ်းလုပ်ငန်းပေါင်း ၁၇၁ မိုင်နှင့် တံတားလုပ်ငန်းပေါင်း ၁၆၆ စင်း တို့ကို စုစုပေါင်းခွင့်ပြုရန်ပုံငွေကျပ် ၃၁ ဒသမ ၉ ဘီလီယံဖြင့် တည်ဆောက်ပေးလျက်ရှိသည်။

ပြည်နယ် စည်ပင်သာယာရေးအဖွဲ့

ပြည်နယ်အစိုးရအဖွဲ့သည် ပြည်နယ်အတွင်း ချိတ်ဆက်သွားလာနေသည့် လမ်း၊ တံတား ကွန်ရက်များကောင်းမွန်ရန် ဦးစားပေး ဆောင်ရွက်ခဲ့ရာ ပြည်နယ်စည်ပင်သာယာရေး အဖွဲ့မှ မြို့ဝင်ဘီးခွန်ကောက်လိုင်စင်ကို ပြည်သူများဝန်ထုပ်ဝန်ပိုး မဖြစ်ရန်အတွက် ဖြုတ်သိမ်းခဲ့ပြီး ဖြစ်သည်။

ပြည်နယ်စည်ပင်သာယာရေးအဖွဲ့အနေနဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၆၃၉ သန်းကျော်နဲ့ လမ်းလုပ်ငန်း ၄၆ ခု၊ ၂၆ မိုင် ၂ ဖာလုံ၊ တံတားလုပ်ငန်း ၁၀ ခု၊ ရေပေးရေးနှင့် အခြားလုပ်ငန်း ခြောက်ခုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေ ၃ ဒသမ ၁၅၁ ဘီလီယံနဲ့ လမ်းလုပ်ငန်း ၁၉၄ ခု၊ ၂၆ မိုင် ၆ ဖာလုံ၊ တံတားလုပ်ငန်း ၁၁၇ ခု၊ ရေပေးရေးနဲ့ အခြားလုပ်ငန်း ၃၂၅ ခုတို့ကို ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်ဟု ပြည်နယ်ဝန်ကြီးချုပ်က ရှင်းပြသည်။

လျှပ်စစ်ကဏ္ဍ

လျှပ်စစ်မီးလင်းရေးအနေဖြင့် ပူတာအို ခရိုင်အတွင်း အထက်နမ့်ထွမ် ရေအားလျှပ်စစ် စီမံကိန်းကို တည်ဆောက်ပေးနိုင်ခဲ့ပြီး ပူတာအို မြို့ပေါ် ရပ်ကွက် ၁၀ ရပ်ကွက်နှင့် မချမ်းဘော မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက် အပါအဝင် ပတ်ဝန်းကျင်ရှိ ကျေးရွာ ၃၄ ရွာတို့ကို ၂၄ နာရီ မီးပေး နိုင်ခဲ့သည်။

(၄) နှစ်တာ ကာလအတွင်း လျှပ်စစ်မီး ရရှိရေးကို ကဏ္ဍတစ်ခုအနေနဲ့ ကြိုးပမ်းဆောင် ရွက်ပါတယ်။ မြို့ပေါင်း ၃၂ မြို့လုံး လျှပ်စစ်မီး ရရှိနေပြီဖြစ်ပါတယ်။ ကျေးရွာပေါင်း ၂၅၃၉ ရွာအနက် ၁၃၁၄ ရွာကို လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ် ဟု ပြည်နယ် ဝန်ကြီးချုပ်က ရှင်းပြသည်။

နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး

နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၇ ဒသမ ၅ ဘီလီယံဖြင့် လမ်းတံတား လုပ်ငန်း ၅၀၊ သောက်သုံးရေရရှိရေးလုပ်ငန်း သုံးခုနှင့် ဝန်ထမ်းအိမ်ရာ သုံးလုံးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ

ပြည်နယ်အတွင်း ဆက်သွယ်ရေးကဏ္ဍ တိုးတက်စေရန်အတွက် ပြည်နယ်အစိုးရအနေ ဖြင့် စတုတ္ထ (၁) နှစ်တာ ကာလအတွင်း တာဝါတိုင်ပေါင်း ၆၄ တိုင် စိုက်ထူနိုင်ခဲ့ပြီး မိုဘိုင်းဖုန်း စခန်းပေါင်း ၃၆၀ ကို ဖွင့်လှစ် နိုင်ခဲ့သည်။

ပို့ဆောင်ရေးကဏ္ဍအနေဖြင့် မိုးညှင်းမြို့နှင့် ဗန်းမော်မြို့တို့တွင် ယာဉ်ရပ်နားစခန်းများ ဆောင်ရွက်လျက် ရှိသည်။

ပညာရေးကဏ္ဍ

ပြည်နယ်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်သည့် အတွက် ပြည်နယ်အစိုးရ အနေဖြင့် ပြည်နယ်အတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးကဏ္ဍတစ်ခု အဖြစ် အကောင်အထည်ဖော်လျက်ရှိသည်။

ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာကျောင်းပေါင်း ၁၂၀ ကို အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး အထက် တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းပေါင်း ၁၃၈ ကျောင်းကို ငွေကျပ် ၁၃ ဒသမ ၀၆၉ ဘီလီယံဖြင့် တည်ဆောက် ပေးနိုင်ခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ထို့ပြင် ပြည်နယ်၏ တက္ကသိုလ်၊ ကောလိပ် နှင့် ကျန်းမာရေးဌာန သင်တန်းကျောင်းများ တွင် ဝန်ထမ်းအိမ်ရာအပါအဝင် အဆောက် အဦများကို ခွင့်ပြုရန်ပုံငွေကျပ် ၂၃၃၄၄ သန်း ဖြင့် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိ ရသည်။

ကျန်းမာရေးကဏ္ဍ

မြစ်ကြီးနား ခုတင် ၅၀၀ ဆံ့ ဆေးရုံကြီး လူနာဆောင် RC လေးထပ်အဆောက်အဦကို ရန်ပုံငွေ ၃ ဒသမ ၄၁ ဘီလီယံနဲ့ ဆောင်ရွက်ပေး နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၃၁ ရက် မှာ အဆောက်အဦ ပြီးစီးပြီဖြစ်ပါတယ်။ ဒါ့ပြင် ပြည်နယ်ကုသရေးဦးစီးဌာနမှူးရုံး RC နှစ်ထပ်

ဆောက်လုပ်ခြင်းလုပ်ငန်းကို ရန်ပုံငွေကျပ် သန်းပေါင်း ၄၅၀ နဲ့ ဆောင်ရွက်ပေးခဲ့ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၅ ရက်မှာ အဆောက် အဦပြီးစီးပြီဖြစ်ပါတယ် ဟု ပြည်နယ်၏ ကျန်းမာရေးကဏ္ဍ အဆင့်မြှင့်တင်မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

ထို့ပြင် အများပြည်သူ အပန်းဖြေအနားယူ နိုင်ရန်နှင့် ကျန်းမာပျော်ရွှင်စွာ ဆော့ကစား နိုင်ရန်အတွက် မြစ်ကြီးနားမြို့ရှိ စိမ်းမြဧရာ ပန်းခြံနှင့် မင်းရပ်အားကစားကွင်း၊ မိုးညှင်း မြို့နယ်ရှိ စိမ်းလဲ့သာယာပန်းခြံ၊ ဝိုင်းမော် မြို့နယ်ရှိ ဧရာမော်ပန်းခြံ ပြုပြင်တည်ဆောက် ခြင်းနှင့် အားကစားပစ္စည်းများ ထပ်မံ ဖြည့်ဆည်းပေးခြင်းတို့ဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အိမ်ရာများဖော်ဆောင်

ပြည်နယ်အတွင်းရှိ ပြည်သူ့ဝန်ထမ်းများအတွက် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းအိမ်ရာ များကို ဖော်ဆောင်လျက် ရှိသည်။ ထိုသို့ဖော်ဆောင်ရာတွင် စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းအိမ်ရာ ၁၆ လုံး၊ အခန်းပေါင်း ၂၅၆ ခန်းတို့ကို ခွင့်ပြု ရန်ပုံငွေကျပ်သန်းပေါင်း ၅၃၄ သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လယ်ယာကဏ္ဍ

ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လယ်ယာကဏ္ဍ အဆင့်မြှင့်တင်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ဆောင်ရွက် လျက်ရှိသည်။

လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကျေးရွာပေါင်း ၂၅၄ ရွာရှိ တောင်သူပေါင်း ၃၇၀၀၀ ကျော်၏ လယ်ဧက ၂၄၄၀၀၀ ကျော် အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် ၃၄ ဒသမ ၂၆၁ ဘီလီယံကို ထုတ်ချေးပေးနိုင်ခဲ့သည်။

ပြည်နယ် စက်မှုလယ်ယာဦးစီးဌာနမှ တောင်သူလယ်သမားများအတွက် ပြည်နယ် အတွင်း လယ်ယာမြေ ၄၇၉၅ ဧကကို ဖော်ထုတ်ပေးနိုင်ခဲ့ပြီး ဧက ၁၀၀ ကျော်ကို သိပ္ပံနည်းစနစ်ကျ လယ်ယာမြေအဖြစ် ဖော်ထုတ်ပေးနိုင်ခဲ့သည်။

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ(၇)ကို ဥပဒေနှင့်အညီ ဦးပိုင်ပေါင်း တစ်သိန်း ကျော်မှ တောင်သူပေါင်း ၉၆၃၅၄ ဦးကို ဧကပေါင်း ၅၂၅၅၂၀ ထုတ်ပေးခဲ့ပြီးဖြစ်သည်။

ထို့ပြင် သိမ်းဆည်းလယ်ယာမြေများ မူလပိုင်ရှင်တောင်သူများထံ ပြန်လည်ရောက်ရှိ ရေးကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အားစိုက် ဆောင်ရွက်လျက်ရှိသည်။

စတုတ္ထ (၁) နှစ်တာ ကာလအတွင်း နစ်နာသူတောင်သူများအတွက် မြေယာ ကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်ပေးမှုအနေဖြင့် အမှုတွဲပေါင်း ၂၃၁ မှု ဖြေရှင်းပေးနိုင်ပြီး မြေဧရိယာ ၃၉၃၉၇ ဧကကို မူလပိုင်ရှင် တောင်သူ ၁၃၃၅ ဦးထံသို့ ပြည်နယ်အစိုးရ အနေဖြင့် အပြီးအပြတ် လွှဲပြောင်းပေးအပ် နိုင်ခဲ့ပြီးဖြစ်သည်။

သစ်တောနှင့် သတ္တုကဏ္ဍ

ပြည်နယ်အတွင်းမှ သယံဇာတတူးဖော် ထုတ်လုပ်မှုအနေဖြင့် ဓာတ်သတ္တု၊ သစ်၊ ရွှေနှင့် ကျောက်စိမ်း တို့ကို တူးဖော်ထုတ်လုပ်လျက် ရှိသည်။

သယံဇာတ တူးဖော်ထုတ်လုပ်မှုအနေနဲ့ သံသတ္တုရိုင်း မက်ထရစ်တန် ၃၂၄၂၀ ၊ ခဲ/သွပ် သတ္တုမက်ထရစ်တန် ၂၈၅၀၊ မာဘယ် မက်ထရစ်တန် ၁၂၀၀ ၊ ကြေးနီမက်ထရစ်တန် ၁၁၀ ၊ ခဲ/ကြေးနီရောရာ မက်ထရစ်တန် ၆၀၀ ကို ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။ အလားတူ သစ်ထုတ်လုပ်ရရှိမှုအနေနဲ့ သစ်မာ ၈၅၉၂ တန် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ကျောက်စိမ်း တူးဖော် ထုတ်လုပ်မှုက ၃၄၆၃၈ တန်ကျော် ထုတ်လုပ် နိုင်ခဲ့ပါတယ် ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

ပြည်နယ်အစိုးရအနေဖြင့် စတုတ္ထ (၁) နှစ်တာကာလအတွင်း တရားမဝင်ကျောက်စိမ်း ၄၄၃၃၂ ပိဿာကို ဖမ်းဆီးရရှိခဲ့ပြီး တရားမဝင် ကျွန်းသစ်နှင့် အခြားသစ်များ ဖမ်းဆီးရရှိမှု အနေဖြင့် ကျွန်းသစ် ၁၇၅ တန်၊ သစ်မာတန် ၁၂၀ နှင့် အခြားအသား ၅၅၇ တန် စုစုပေါင်း ၈၅၂ တန်ရှိကြောင်း သိရသည်။

လိုင်စင်မဲ့ယာဉ်နှင့် ယန္တရားများ ဖမ်းဆီး ရမိမှုအနေဖြင့် မော်တော်ယာဉ်အစီး ၂၉၀၊ မော်တော်ဆိုင်ကယ် ၈၆ စီးနှင့် သုံးဘီးယာဉ် ၂ စီး စုစုပေါင်း ၃၇၈ စီး ဖမ်းဆီးအရေးယူနိုင်ခဲ့ ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုကဏ္ဍ

ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးမှုရရှိရန် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိပြီး စတုတ္ထ (၁) နှစ်တာ ကာလအတွင်း မြန်မာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ငါးခုနှင့် နိုင်ငံခြားသားကုမ္ပဏီ လေးခုရှိသည်။

ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ကနေ အတည်အပြုမိန့်တွေ ထုတ်ပေးခဲ့တဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ငါးခု နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ လေးခုရှိပါ တယ်။ ဒီလို ရင်းနှီးမြှုပ်မှု လုပ်ငန်းတွေက တစ်ဆင့် ဒေသတွင်း အလုပ်အကိုင်အခွင့် အလမ်း ပေါင်း ၃၁၈ နေရာကို ဖန်တီးပေးနိုင် ခဲ့ပါတယ် ဟု ပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။

ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ

ပြည်နယ်အတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ပြည်နယ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ရာတွင် မြစ်ကြီးနားခရိုင်တွင် ခုနစ်ခု၊ ဗန်းမော်ခရိုင်တွင် ၁၃ ခု၊ မိုးညှင်းခရိုင် တွင် ရှစ်ခုနှင့် ပူတာအိုခရိုင်တွင် ရှစ်ခု စုစုပေါင်း ၃၆ ခုကို ခွင့်ပြုရန်ပုံငွေ ၅ ဒသမ ၉၆၁ ဘီလီယံ ဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် မြစ်ချောင်း အနီးတစ်ဝိုက်တွင် နေထိုင်သည့် ပြည်သူများ အနေဖြင့် ရေကြီးရေလျှံသည့် သဘာဝ ဘေးအန္တရာယ် လျော့ပါးသက်သာလာသည်။

သဘာ၀ဘေး ပြန်လည်ထူထောင်ရေး

ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော သဘာဝ ဘေးအန္တရာယ်ကြောင့် ထောက်ပံ့ပေးမှုအနေ ဖြင့် ဘေးအန္တရာယ်ခံစားခဲ့ရသည့် အိမ်ထောင်စု ၄၀၁၂ စုတို့အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေကျပ် စုစုပေါင်းတန်ဖိုး ၁၁၃ သန်း ရှိကြောင်း သိရသည်။

ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းမှု၊ ရေကြီးမှု၊ ကြွက်ဖျက်ဆီးမှု စသည့်သဘာဝ ဘေးများကြောင့် ပျက်စီးသွားသည့် စိုက်ပျိုးမြေ ၂၆၂၈ ဧကအတွက် ငွေကျပ် ၂၆ သန်း ထောက်ပံ့ ပေးနိုင်ခဲ့သည်။

အစိုးရအဖွဲ့အနေနဲ့ ဒေသဖွံ့ဖြိုးတိုးတက် ရေး၊ ဒေသနေပြည်သူတွေ ဘဝအေးချမ်း သာယာရေးနဲ့ လူနေမှုဘဝ ပြီးပြည့်စုံရေးအတွက် လေးနှစ်တာကာလအတွင်းမှာ စွမ်းစွမ်း တမံ ကြိုးပမ်းဆောင်ရွက် ခဲ့ပြီးဖြစ်ပါတယ်။ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ လမ်းတွေ၊ တံတားတွေ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ၊ ဆက်သွယ်ရေးတာဝါတိုင်တွေ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို ဆောင်ရွက်ပေးနိုင်ခဲ့ ပါတယ်။ နောင်နှစ်တွေမှာ ပြည်နယ်သူ/ ပြည်နယ်သားတွေနဲ့ ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဒီထက်တိုးပြီး ကြိုးပမ်း ဆောင်ရွက်သွားပါမယ် ဟု ပြည်နယ် ဝန်ကြီးချုပ်က ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်သူ များအတွက် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာ တွင် လိုအပ်ချက်များ တည်ရှိနေနိုင်သော်လည်း ၎င်းတို့တာဝန်ယူ ဆောင်ရွက်သည့် လေးနှစ် တာကာလအတွင်း တတ်အားသမျှ ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။

ထို့အတူ ပြည်သူမှ ရွေးချယ်ထားသည့် ပြည်သူ့အစိုးရဖြစ်သည့် အားလျော်စွာ ကျန်ရှိနေသည့် အစိုးရသက်တမ်းကာလ အတွင်း ပြည်သူတို့၏ လိုအပ်ချက်များကို တိုးတက်ထမ်းဆောင်သွားမည်ဟု ယုံကြည် ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။