ပါကစ္စတန်နိုင်ငံအတွက် ဂြိုဟ်တုနှစ်စင်းကို တရုတ်လွှတ်တင်

ကျို့ချွမ် ၁၀ ဇူလိုင်
 
ပြီးခဲ့သည့် တနင်္လာနေ့က တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကျို့ချွမ်ဂြိုဟ်တု ပစ်လွှတ်ရေး စင်တာကနေ ပါကစ္စတန်နိုင်ငံအတွက် ဂြိုဟ်တုနှစ်စင်းကို ပစ်လွှတ်ပေးခဲ့ကြောင်း သိရသည်။
 
အဝေးထိန်းစနစ် အာရုံခံ ဂြိုဟ်တု PRSS-1 သည် တရုတ်နိုင်ငံ အာကာသနည်းပညာ အကယ်ဒမီ (CAST) မှ ပြည်ပဖောက်သည်များအား ရောင်းချရန် တည်ဆောက်ခဲ့သည့် ၁၇ ခုမြောက် ဂြိုဟ်တုဖြစ်ပြီး ပါကစ္စတန်နိုင်ငံအား ရောင်းချခဲ့ခြင်းဖြစ်သည်။ ၎င်းဂြိုဟ်တုနှင့်အတူ လွှတ်တင်ခဲ့သည့် ဂြိုဟ်တုမှာ ပါကစ္စတန်နိုင်ငံမှ တည်ဆောက်သည့် PakTES-1A အမည်ရှိ ဂြိုဟ်တု ဖြစ်ပြီး  ဂြိုဟ်တု နှစ်စင်းလုံးကို တရုတ်နိုင်ငံတွင်  Long  March-2C ဒုံးပျံတစ်စင်းတည်းဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ 
 
PRSS-1 ဂြိုဟ်တုအမျိုးအစားသည် မြေယာနှင့် သယံဇာတများ လေ့လာရေး၊ သဘာဝဘေးအန္တရာယ်များ စောင့်ကြည့်ခြင်း၊ စိုက်ပျိုးရေး သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြို့ပြတည်ဆောက်ရေးလုပ်ငန်းများနှင့် တရုတ်နိုင်ငံ၏ ပိုးလမ်းမကြီး စီမံကိန်းအတွက် သတင်းအချက်အလက်များ အထောက်အပံ့ရရှိစေရေး ရည်ရွယ်ပြီး တည်ဆောက်ထားခြင်းဖြစ်သည်။ ဂြိုဟ်တုကို ၇ နှစ်အထိ အသုံးပြုနိုင်ရန် ရည်ရွယ် ဒီဇိုင်းရေးဆွဲထားပြီး ဂြိုဟ်တုပေါ်မှတစ်ဆင့် သတင်းအချက်အလက်များကို ပြန်လည်ဖတ်ရှုနိုင်မည့် ကုဒ်များအဖြစ် ပြောင်းလဲပေးနိုင်ပြီး သတင်းအချက်အလက် လုံခြုံရေးကိုဦးစားပေး ဒီဇိုင်းရေးဆွဲထားသည်။ ဂြိုဟ်တု၏ သတင်းအချက်အလက် လွှဲပြောင်းရေး စနစ်သည် အဆင့်မြင့် နည်းပညာသုံးထားပြီး   အဆိုပါ ဂြိုဟ်တုမျိုး အစင်း ၂၀ ထိ တရုတ်နိုင်ငံတွင် အသုံးပြုနေပြီဖြစ်ကြောင်းလည်း တရုတ်နိုင်ငံ အာကာသနည်းပညာ အကယ်ဒမီ (CAST) မှ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဟေဇီယောင် ကပြောပြသည်။
 
တရုတ်နိုင်ငံနှင့် ပါကစ္စတန် နိုင်ငံတို့သည် ၂၀၁၁ ခုနှစ် သြဂုတ်လက PAKSAT-1R အမည်ရှိ ဆက်သွယ်ရေး ဂြိုဟ်တုကို လွှတ်တင်စဉ်က စတင်ပြီး အာကာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ စတင်ခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံ အင်ဂျင်နီယာများဟာ ဂြိုဟ်တုနည်းပညာများ တိုးတက်လာရေးအတွက် ပူးတွဲဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်လျက်ရှိပြီး တရုတ်အာကာသ ကျွမ်းကျင်သူများက ပါကစ္စတန်နိုင်ငံမှ နည်းပညာကျွမ်းကျင်သူများကို ကူညီလေ့ကျင့်ပေးလျက်ရှိသည်။ ပြင်သစ်အာကာဆိုင်ရာ ကျွမ်းကျင်သူများကလည်း အဓိကအစိတ်အပိုင်းများ ထုတ်လုပ်မှုအတွက် အကြံပေးနိုင်ရန် ဖိတ်ခေါ်ထားကြောင်းလည်း သိရသည်။ မကြာသေးခင်ကပဲ တရုတ်ပညာရှင်များက ဗင်နီဇွဲလား နိုင်ငံအတွက် ဂြိုဟ်တု နှစ်စင်း တည်ဆောက်ပေးခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် စီးပွားဖြစ် ဂြိုဟ်တုဈေးကွက်တွင် အထောက်အကူဖြစ်စေရေးအတွက် PRSS-1 အမျိုးအစား အဝေးထိန်းစနစ် အာရုံခံ ဂြိုဟ်တုများထုတ်လုပ်မှုကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် အကောင်အထည် ဖော်ဆောင်လျက်ရှိသည်။
 
MDN
ကိုးကား - Xinhua