ပင်လယ်ပျော်တို့ဒေသသို့ ဖွံ့ဖြိုးရေးဖြင့် ပွေ့ဖက်ခြင်း

ဝထကလသ(နတလ)

လှလိုက်တဲ့ ‘‘တနင်္သာရီ’’

ဤလှပသောမြင်ကွင်းကို ငေးကြည့်ရင်း “အမိ မြန်မာပြည်၏တောတောင်များ အစဉ်စိမ်းလန်းပြီး တောင်တန်းများ အမြဲခိုင်ခံ့တည်တံ့ကာ ပင်လယ်ပြင်ကြီးများ ထာဝရရှင်သန်ပါစေ” ဟု ဆုတောင်း နေမိပါသည်။ စာရေးသူတို့စစ်ကြောင်း ရောက်ရှိနေ သောတောင်ထိပ်မှ မြောက်စွန်းသို့ လှမ်းကြည့်လျှင် ထင်ထင်ရှားရှားမြင်ရသည်က တနင်္သာရီဒေသအတွင်း အမြင့်ဆုံး မိုးထိနေသည့် မြင့်မိုရ်လက်ခတ်တောင်။ ကျန်သည့် အရပ်လေးမျက်နှာတွင်လည်း တောင်ပင်လယ် အနိမ့်အမြင့်များက မျက်စိတစ်ဆုံး။

တောင်များကို ရစ်သိုင်းနေသည့် မြူနှင်းတိမ်စိုင်ကြားမှ တောင်တန်းများ၏အလှက အံ့ဖွယ် ပန်းချီကားတစ်ချပ်လိုပင်။ ကြီးထွားမင်းမူနေသည့် မြက်ရိုင်းပင်များက တောင်အောက်မှ ဝှေ့ယမ်းပင့်တိုက်နေသည့် လေတဟူးဟူးနှင့်အတူ ဘယ်ညာ ယိမ်းနွဲ့နေကြသည်။ တောင်ထိပ်မှနေ၍ နိမ့်ဆင်းသွားသော တောင်စွယ်များကိုကျော်ကာ အန်ဒမန် (Andaman Sea) ပင်လယ်ပြင်ကြီးကို ကြည့်ရသည်မှာလည်း အလွန်အရသာရှိလှပေသည်။ ပင်လယ်ပြင်တွင် ကျွန်းငယ်လေးများက ဟိုသည်အစုအစု ရှိနေကြသည်။ ထိုကျွန်းများကား မြိတ်ကျွန်းစုများ ဖြစ်ကြပေသည်။ စိမ်းပြာသောပင်လယ်နောက်ခံတွင် မျက်စိတစ်ဆုံး ထင်ရှားလှပစွာတွေ့မြင်နေရသည်။

မုတ္တမကိုဖြတ်သန်းလျက်

တနင်္သာရီဒေသသို့ စာရေးသူတပ်မတော်သား ဘဝ ၁၉၉၆- ၁၉၉၇ ခုနှစ်လောက်က ရောက်ခဲ့ပါသည်။ ပြည်မြို့အခြေစိုက် ခြေမြန်တပ်မ၏ စစ်ကြောင်းများနှင့်အတူ ထားဝယ်၊ မြိတ်၊ ပုလော၊ ပလောက်၊ မေတ္တာ၊ ကျောက်လုံးကြီး၊ ဘန်းချောင်း၊ တနင်္သာရီ၊ ထီးထ၊ ကထောင်းနီ၊ ကွမ်းချောင်းလေး၊ ကွမ်းချောင်းကြီး၊ ကျောက်ထု၊ မြင့်မိုရ်လက်ခတ် တောင်၊ အောင်သာဝရဒေသတို့တွင် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးအတွက် စစ်ဆင်ရေး တာဝန်ထမ်းဆောင်ခဲ့ချိန်ဖြစ်ပါသည်။

စာရေးသူအပါအဝင် တပ်မတော်သားများ ပြည်မှထားဝယ်သို့ ယာဉ်တန်းများဖြင့် ချီတက် ခဲ့ကြသည်။ ထိုအချိန်က သံလွင်မြစ်ကူးတံတား (မော်လမြိုင်) မတည်ဆောက်ရသေးပေ။ 

၁၆ ရာစု၊ ၁၇ ရာစုမှ ၁၉ ရာစုအထိ မြန်မာနိုင်ငံ၏ အရေးကြီးဒေသတစ်ခု ဖြစ်ခဲ့ဖူးသည့် “မုတ္တမမြို့” ဆိပ်ကမ်းတွင် စစ်ကြောင်းကားများ ရပ်ကြရသည်။ ထိုမှမော်တော်ယာဉ်များကို “ဇက်သင်္ဘော” များဖြင့် သံလွင်မြစ်ကိုဖြတ်၍ မော်လမြိုင်ဘက်ကမ်းသို့ ကူးကြရသည်။ ထိုမှ ကားပေါ်ပြန်တက်၍ မုဒုံ၊ သံဖြူဇရပ်၊ လမိုင်း၊ ရေး၊ မလွဲတောင်၊ ကလိန်အောင်၊ ရေဖြူ၊ ထားဝယ်၊ သရက်ချောင်း၊ ဝင်းဝ၊ ပလောက်၊ ပုလော၊ ပလတို့ကိုဖြတ်ကာ မြိတ်ဒေသသို့ ခရီးဆက်ခဲ့ရသည်။ တောတောင်လမ်းများဖြစ်သဖြင့် လမ်းတစ်လျှောက် တောအုပ်စိမ်းစိမ်း၊ တောင်တန်း ညို့ညို့တို့က မြင်ကွင်း၌ ကပ်ပါလာကြသည်။

ကားလမ်းများရှိသော်လည်း တောက်လျှောက် သွား၍မရသေး။ ချောင်းကူး၊ မြစ်ကူးတံတားများ မတည်ဆောက်ရသေး။   မိုးများသောဒေသ၊ မြစ်ချောင်းများပေါများသောဒေသ ဖြစ်သည်နှင့်အညီ မြစ်များ၊ ချောင်းများ ပေါများလှသည်။ ဝင်းဝရွာ၊ ပလောက်ရွာ၊ ပုလောအဝင်၊ သမုတ်၊ လော့လော့ ချောင်း၊ ကျွဲကူး၊ ကျောက်ဖျာရွာတို့တွင် ကားများကို ဇက်များ၊ ဖောင်များဖြင့်တင်၍ ဖြတ်ကူးခဲ့ရသည့် အချိန်ဖြစ်သည်။ အချို့နေရာများမှာ ကျောက်ကြမ်း လမ်းဖြစ်ပြီး မြို့များနှင့်အနီးတစ်ဝိုက်တွင်မူ ကတ္တရာလမ်းများကို ဖြတ်သန်းရသည်။ ကျောက်ကြမ်းလမ်း၊ သဲကြမ်းလမ်း၊ ရွှံ့တန်း၊ ဗွက်တန်း၊ လှည်းလမ်း အနေ အထားမျိုးစုံကို ဖြတ်သန်းသွားရခြင်းဖြစ်ပါသည်။ ခရီးသည်ကားများ သွားလာနိုင်မှုအနည်းငယ်သာ ရှိသောကာလဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုမရှိသေးသဖြင့် အချိန်ကြာခဲ့သည်။

အလောင်းမင်းတရားကြီး၏ စစ်ချီရာလမ်းကြောင်း

“ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီး” ၌ “မြန်မာသက္ကရာဇ် ၁၁၂၁ ခုနှစ်တွင် ယိုးဒယားတို့က ထားဝယ်ကို ထိပါးခဲ့သည်။ အလောင်းမင်းတရားကြီးသည် ကုန်းကြောင်းဖြင့် စစ်ချီခဲ့သည်။ ဘဝရှင်မင်းတရားကြီးဘုရားသည် ထားဝယ်မြို့က ချီတော်မူသည်။ ထိုကချီတော်မူသည့်နေ့ ကျောက်မြောင်းတွင် ချတော်မူသည်။  ထိုကမှ တောင်ပျောက်တွင် ချတော်မူသည်။ ထိုကမှ တိန်ညင်ချောင်း(ကညင်ချောင်း)တွင် ချတော်မူသည်။ ထိုကမှ ပလောင်ရွာ(ပလောက်ရွာ)တွင် ချတော်မူ သည်။ ထိုကမှ ပုလောရွာတွင် ချတော်မူသည်။ ထိုကမှ ပုလောချောင်းတွင် ချတော်မူသည်။ ထိုကမှ ဘဝတ်ရွာ (ပဝတ်ကုန်း) တွင် ချတော်မူသည်။ ထိုက မှ သကောရွာတွင် ချတော်မူသည်။ ထိုကမှ တမုတ် ရွာတွင် ချတော်မူသည်။ ထိုက ချီတော်မူသည့်နေ့ မြိတ်မြို့ကို သိမ်းယူတော်မူပါသည်။” ဟု ဖော်ပြထား ကြောင်း လေ့လာတွေ့ရှိရပါသည်။ ထိုစဉ်က စစ်ချီစစ်တက် စစ်ကြောင်းကြီးများသည် တောရှင်း၊ တောနင်း၍ ချီတက်ခဲ့ကြဟန်တူသည်။ လမ်းဟူ၍ ပီပီပြင်ပြင်ဖောက်ခဲ့ဟန်မတူ။  ကျွန်တော်တို့ စစ်ကြောင်းယာဉ်များ ဖြတ်သန်းနေသည့် ကားလမ်းများသည်ပင်လျှင် ရှေးမြန်မာမင်းများ၏ စစ်ချီရာလမ်းကို အခြေခံ၍ ဖောက်ခဲ့ကြခြင်းပင် ဖြစ်ပေလိမ့်မည်။ 

လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး

ဤဒေသ၏ နယ်မြေအခြေအနေကြောင့် ယခင်က ဤကားလမ်းကို ဆယ်စုနှစ်တစ်စုနီးပါး ပိတ်ထားသော မှတ်တမ်းများရှိခဲ့ပါသည်။ ကမ်းရိုးတန်းဒေသ ဖြစ်သဖြင့် ဒေသခံတို့သည် ပင်လယ်ရေလမ်းခရီးကို အားကိုးအားထားပြုခဲ့ကြသည်။ ဒေသခံတို့သည်သာ နယ်မြေမအေးချမ်းမှုဒဏ်၊ မိသားစုဘဝလုံခြုံမှုမရှိ သည့်ဒဏ်ကို ခါးစည်းခံခဲ့ရသည်။ နယ်မြေမတည်ငြိမ် မအေးချမ်းမှုနှင့်အတူ ဤဒေသတို့သည် ဖွံ့ဖြိုးမှုများ နောက်ကျခဲ့ရပါသည်။

၁၉၈၈ ခုနှစ်တွင်  နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က တာဝန်ယူခဲ့ရာ အဓိက တာဝန်ကြီး လေးရပ်အနက် “လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့စေရေး” ဟူသော တာဝန်နှင့်အညီ နိုင်ငံအနှံ့အပြားလမ်းများဖောက်ခြင်း၊ တံတားများ တည်ဆောက်ခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။ တနင်္သာရီဒေသတွင်မူ နယ်မြေအခြေအနေများအရ မြို့နယ်များအလိုက် အပိုင်းလိုက်ရွေးချယ်၍ သာ လမ်းဖောက်၊ တံတားဆောက်နိုင်ခဲ့ပါသည်။ ထို့ကြောင့် ထားဝယ်မှမြိတ်သို့ ကားဖြင့် တောက်လျှောက် မသွားနိုင်ခဲ့သေးပေ။
၁၉၉၆ ခုနှစ်တွင် တနင်္သာရီတိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ် သူရသီဟသူရစစ်မောင် တာဝန်ယူခဲ့ပါသည်။ သူသည် ဤထားဝယ်-မြိတ်ကားလမ်းကို ပီပီပြင်ပြင် အသုံးပြုနိုင်ရေး လမ်းဖောက်ရန်စီစဉ်ခဲ့သည်။ ထို့ကြောင့် ထားဝယ်မှ မြိတ်အထိ ၁၅၆ မိုင် ၆ ဖာလုံ ရှည်လျား သောလမ်းပျက်ကြီးမှာ ကောင်းမွန်သွားပြီး ရာသီမရွေးသွားနိုင်သော လမ်းမကြီးအဆင့်ဖြစ်ခဲ့ပါသည်။ လမ်းပန်းဆက်သွယ်ရေး  ကောင်းမွန်မှုနှင့်အတူ တနင်္သာရီဒေသကား လှပဝေစည်ဖွံ့ဖြိုးတိုးတက် ခဲ့ပါသည်။

ယခုကာလတွင်မူ နယ်မြေမအေးချမ်း၊ မတည်ငြိမ်မှုကြောင့် ဤလမ်းမကြီးအား အသုံးပြုနိုင်မှု နည်းပါးနေကြောင်းသိရှိရပါသည်။ ဤဒေသတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသအနှံ့ဆောင်ရွက်ပေးလိုသော်လည်း လွတ်လပ်စွာ သွားလာရန်မလွယ်ကူ သည့်အခါ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် နှောင့်နှေးပေတော့သည်။ ဆိုရလျှင် နယ်စပ်ဒေသ များတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများအား နယ်မြေအခြေ အနေ၊ ရာသီဥတုအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေ ကန့်သတ်ချက်များအပေါ် မူတည်၍ ခက်ခက်ခဲခဲဆောင်ရွက်နေရခြင်းများ ရှိနေပါသည်။ 

တည်ငြိမ်အေးချမ်းရေးကိုအခြေခံ၍

နယ်စပ်ဒေသများ  ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေး (Peace and Stability) သည် အရေးအကြီးဆုံးဖြစ်ပါသည်။ တည်ငြိမ်အေးချမ်းရေးဆိုသည်မှာလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခြေခံ၍ဆောင်ရွက်ရန် လိုပေသည်။ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့သည် အပြန်အလှန်ဆက်စပ် နေပါသည်။ အလားတူ တိုင်းရင်းသားအချင်းချင်း အပြန်အလှန်ယုံကြည်မှု၊ ချစ်ခင်ရင်းနှီးမှု တိုးတက်ဖြစ်ထွန်းရန်အတွက်မှာလည်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍသည် အလွန်အရေးကြီးသည့် အစိတ်အပိုင်းတွင် ပါဝင်နေသည်။ 

 နယ်စပ်ဒေသအသီးသီး၏ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး/မွေးမြူရေးစသည့် လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် ကဏ္ဍအသီးသီးသည်လည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်ရန်လိုအပ်ပေသည်။ အဆိုပါလုပ်ငန်းစဉ် များအားလုံးကို ဌာနတစ်ခုတည်းက ဆောင်ရွက်ခြင်းထက် သက်ဆိုင်သည့်ဌာနအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါသည်။
ယခုအခါ  “နယ်စပ်ဒေသများအပါအဝင် နယ်မြေ အားလုံး အကြားအလပ်မရှိ ဆူကြုံနိမ့်မြင့်ကွာဟနေမှုများ လျော့နည်းကျဆင်းပြီး ပြည်ထောင်စုကြီး တစ်ခုလုံး တစ်စည်းတစ်လုံးတည်း မကွဲမပြား ညီညီညွတ်ညွတ် ဖွံ့ဖြိုးတိုးတက်ရမည်” ဆိုသည့် မွန်မြတ် သောရည်မှန်းချက်ကြောင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကဏ္ဍအသီးသီး၌ အောင်မြင်မှုတိုးတက်မှုရရှိနေသည်ကိုလည်း တွေ့မြင်ကြရမည်ဖြစ်ပါသည်။

တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးရေး

ယခုအချိန်တွင် စာရေးသူရောက်ခဲ့အခြေချခဲ့ဖူးသည့် ဤတနင်္သာရီဒေသသည်ကား နှစ်ပေါင်း ၂၅ နှစ်ကျော်ကာလအတွင်း များစွာဖွံ့ဖြိုးတိုးတက် ခဲ့လေပြီ။ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ၁၈၈၉- ၁၉၉၀ ဘဏ္ဍာရေးနှစ်မှစတင်၍ ဆောင်ရွက် ပေးခဲ့ပါသည်။ ဤဒေသအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်အထိ လမ်းတံတားလုပ်ငန်းကဏ္ဍတွင် မြေလမ်း ၄၆၂ မိုင် ငါးဖာလုံ၊ ကျောက်ခင်းလမ်း ၃၃၁ မိုင် ခြောက်ဖာလုံ၊ ကျောက်ရောမြေလမ်း ၂၄ မိုင် ငါးဖာလုံ၊ ကတ္တရာလမ်း ၃၈ မိုင် ငါးဖာလုံ၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း လေးမိုင်၊ ကွန်ကရစ်လမ်း လေးမိုင် တစ်ဖာလုံ၊ လမ်းတာချဲ့ခြင်း ၂၂ မိုင်၊ လမ်းပြုပြင်ထိန်းသိမ်းခြင်း ၂၄၇ မိုင် သုံးဖာလုံ၊ တံတားပြုပြင်ထိန်းသိမ်းခြင်း ငါးစင်း၊ မြေထိန်းနံရံ နှင့် လှိုင်းကာနံရံတည်ဆောက်ပေးခြင်း ပေ ၁၈၇၀၊ ကျောက်စီ၊ အုတ်စီနှင့် ကွန်ကရစ်ရေမြောင်း ပေ ၁၃၂၀၊ တံတားကြီး ၃၃ စင်း၊ တံတားငယ် ၂၀၁ စင်း၊ Box Culvert ၄၀၈ စင်း၊ ရေပြွန် ၂၄၈ ခု ဖြစ်ပါသည်။ ထို့ကြောင့် ဒေသ၏လမ်းပန်းဆက်သွယ်ရေး ကွန်ရက်များ ပိုမိုကောင်းမွန်လာခဲ့ပေပြီ။
ကျန်းမာရေးကဏ္ဍတွင် ဆေးရုံ နှစ်ရုံ၊ ဆေးပေး ခန်း သုံးခန်း၊ ကျေးလက်ကျန်းမာရေးဌာန နှစ်ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၃ ခု တိုးချဲ့ဖွင့်လှစ် ပေးနိုင်ခဲ့သည်။

 ပညာရေးကဏ္ဍတွင် အထက်တန်းကျောင်း ခုနစ်ကျောင်း၊ အလယ်တန်းကျောင်း ခုနစ်ကျောင်း၊ မူလတန်းကျောင်း ၅၀ တည်ဆောက်ပေးခဲ့ပါသည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍတွင် စိုက်ပျိုးရေး စခန်း တစ်ခု၊ စိုက်ပျိုးမြေဖော်ထုတ်ခြင်း ဧက ၂၀၀၊ စိုက်ပျိုးရေသွယ်ယူခြင်းလုပ်ငန်း ၁၂ မိုင်၊ မီးလင်းရေးကဏ္ဍတွင် မီးရရှိရေးဆောင်ရွက်ပေးခဲ့သည့်မြို့ နှစ်မြို့၊ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးခြင်း ၃၁၇၂ စုံ ဖြစ်ပါသည်။

 ပြည်သူ့ဆက်ဆံရေးကဏ္ဍတွင် ရုပ်မြင်သံကြားထပ်ဆင့်ထုတ်လွှင့်စက်ရုံ ၁၀ ရုံ၊ စာကြည့်တိုက် နှစ်လုံး၊ တည်ဆောက်ရေးကဏ္ဍတွင် မြို့တည်ဆောက်ရေး ခြောက်မြို့၊ သောက်သုံးရေရရှိရေးလုပ်ငန်း    ၇၁ ခု၊ တန်ဖိုးနည်းအိမ်ရာ ၂၂ လုံး၊ ဝန်ထမ်းအိမ်ရာ လုံးချင်း တစ်လုံး၊ နှစ်ခန်းတွဲ ဝန်ထမ်းအိမ်ရာ ၂၂ လုံး၊ ခြောက်ခန်းတွဲဝန်ထမ်းအိမ်ရာ တစ်လုံးနှင့် သာသနာ ရေးကဏ္ဍတွင် ဘုန်းတော်ကြီးကျောင်း ၁၇ ကျောင်း ဆောက်လုပ်ခြင်း၊ အခြားသာသနိကအဆောက် အအုံများ ပြုပြင်မွမ်းမံခြင်း ငါးခုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ 
နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေအားဖြင့် ငွေကျပ်သန်းပေါင်း ၄၆၆၁၄ ဒသမ ၅၆ သန်း ကျခံသုံးစွဲပေးခဲ့ပြီးဖြစ်သည်။ ဆက်လက်ဆောင်ရွက်ပေးရန်ကဏ္ဍများလည်း များစွာကျန်ရှိနေသေးသည်။

ဆလုံကျေးရွာများ

ဤဒေသ၏ ထူးခြားမှုတစ်ခု၌ “ပင်လယ်ပျော် ဆလုံတိုင်းရင်းသား”တို့ ပါဝင်ပါသည်။ မြိတ်ကျွန်းစုများတွင် ဆလုံတိုင်းရင်းသားများ နေထိုင်သည်ဆို သောအသိအမြင်ကို ကလေးအရွယ်ကပင် ကျောင်းစာအုပ်ထဲ၌ ဖတ်ခဲ့မှတ်ခဲ့ရသည်။ မြန်မာတိုင်းရင်း သားအစ “ပျူ၊ မွန်၊ မြန်မာ၊ သက်” ဟူသော လူမျိုးကြီး လေးစုအနက် ဆလုံတိုင်းရင်းသားတို့မှာ “သက်” လူမျိုးတို့မှတစ်ဆင့်  ဆင်းသက်လာခဲ့သည်ဟု မှတ်သားခဲ့ဖူးပါသည်။ ဆလုံတိုင်းရင်းသားတို့ကို “မော်ကင်း”ဟုလည်း ခေါ်ကြသည်။ ပင်လယ်နှင့် အနီးနားတွင်နေ၍လားမသိ၊  ပင်လယ်ပျော်တို့၏ အသားအရောင်မှာ အညိုရောင်သန်းနေကြသည်။ သစ်ထွင်းလှေတွေထဲ၌ သူတို့မိသားစုများက အိမ်အဖြစ်နေထိုင်ကြသည်။ လွတ်လပ်မှုကို မြတ်နိုး ကြ၏။ တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးကြ သည်။  အိမ်ထောင်ရေးဖောက်ပြန်မှုကို လုံးဝလက်မခံ ပေ။ လူကြီးလူငယ်မရွေး အအားမနေဘဲ အမြဲအလုပ် လုပ်နေသော တိုင်းရင်းသားများပင်။ အားလုံးစုပေါင်း ဝိုင်းဝန်း၍ ညီညွတ်စွာလုပ်ဆောင်လေ့ရှိကြသည်။ သို့သော် စာတတ်မြောက်မှုတော့ နည်းပါးနေပါသေး သည်။

ဆလုံလူမျိုးတို့သည်ကား မြိတ်ကျွန်းစု၏ အဖိုး မဖြတ်နိုင်သော ပြယုဂ်တစ်ခုပင်။ သူတို့၏ ဓလေ့ စရိုက်၊ ရိုးသားဖြောင့်မတ်မှုကို တုနှိုင်းရန်အရာမရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများထင်ရှားနေ ခြင်းဖြစ်ပါသည်။ ဆလုံလူမျိုးတို့သည် နေရာအတည် တကျမရှိ၊ ပင်လယ်ပြင်တစ်ခွင် ဝမ်းစာအတွက် လှည့်လည်ကျက်စားကြသည်။ ရေကူး၊ ရေငုပ်ရာ တွင် ကျွမ်းကျင်ကြသည်။ ပင်လယ်ခရု၊ ကမာ(မုတ်)ကောင်များ၊ ငါးကြီးအန်ဖတ်၊ ပင်လယ်ရေမှော်ပင်၊ ပုလဲ၊ ငှက်သိုက်၊ ပျားရည်၊ ပရဆေးပင်များကို ရှာဖွေစုဆောင်း ရောင်းချလေ့ရှိသည်။ ထို့ကြောင့် Men of the Sea ဟုပင် ခေါ်ဆိုနိုင်ပါသည်။

ဆလုံလူမျိုးများကို ကော့သောင်းမြို့အနီးရှိ ကျွန်းစုများတွင်လည်း မြင်တွေ့နိုင်ပါသည်။ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်ရှိ ကျွန်းများ၊ မြိတ်ကျွန်းစု၊ ပုလော၊ တနင်္သာရီမြို့နယ်တို့ရှိ ကတန် ကျွန်း၊ ဒုံးကျွန်း၊ တနင်္သာရီကျွန်း၊ ကော့သောင်း မြို့နယ်ရှိ ဆလုံကျွန်းစု၊ ဇာဒက်ကြီး၊ ဇာဒက်လေး၊ ဂျလန်းကျွန်း၊ မကြုံဂလက်ကျေးရွာတို့တွင် ဆလုံ တို့ စုစုခဲခဲနေထိုင်လျက်ရှိကြသည်။ 

ပင်လယ်ပျော်တို့ဒေသဖွံ့ဖြိုးရေး

ထိုဆလုံကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ကိုလည်း နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပေးခဲ့သည်။ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေး နှစ်တွင် ဇာဒက်ကြီးကျွန်းရှိ ဆလုံတိုင်းရင်းသား များအတွက် အခြေခံပညာမူလတန်းကျောင်းနှင့် ကျောင်းဆောင်များဆောက်လုပ်ပေးခြင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆလုံကျေးရွာရှိ အိမ်ခြေ ၂၂၀ မီးလင်းရေးအတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်း များတပ်ဆင်ပေးခြင်း၊ ဇာဒက်ကြီးကျွန်းရှိ ဆလုံ ကျေးရွာ ရေရရှိရေးအတွက် ရေသွယ်တန်းပေးခြင်း၊ ၂၀၂၁- ၂၀၂၂ တွင် မကြုံဂလက်ရွာနှင့် ညောင်ဝိရွာတို့ အတွက် ဆိုလာ ၁၄၁ စုံနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ပေးခြင်း၊ ၂၀၂၂- ၂၀၂၃ တွင် ဆလုံကျေးရွာ များဖြစ်သည့် မကြုံဂလက်၊ ညောင်ဝိ၊ ဇာဒက်ကြီးနှင့် ဂျလန်းစသည့်ကျေးရွာများတွင် တန်ဖိုးနည်း အိမ်ရာအလုံး ၈၀ တည်ဆောက်ပေးခြင်းနှင့် Aluzinc သွပ်၊ ရိုးရိုးသွပ်များ ထောက်ပံ့လှူဒါန်းခြင်း တို့အပြင် ဇာဒက်ကြီးကျွန်းပေါ်ရှိ ဆလုံကျေးရွာများ ရာသီမရွေး သောက်သုံးရေ ဖူလုံစွာရရှိစေရေး အတွက် စမ်းကြီးချောင်းအားပိတ်ပြီး ရေတားတမံ တည်ဆောက်ကာ လေးမိုင် ရေသွယ်ယူခြင်းလုပ်ငန်း တို့ကို တည်ဆောက်ပေးခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် ဆလုံတိုင်းရင်းသားကျေးရွာများ ဖွံ့ဖြိုးရေးအတွက် ငွေကျပ်သန်းပေါင်း ၄၁၆ ဒသမ ၃၆၉ သန်း သုံးစွဲဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။ 

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအပြင်  ဒေသ၏ လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးရေးကိုလည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး၏ တိုင်းဒေသကြီးအတွင်းရှိ  ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့သည့် ခရီးစဉ်များတွင် ဇာဒက် ကြီးကျွန်းပေါ်ရှိ ဆလုံတိုင်းရင်းသား ကျောင်းသား ကျောင်းသူကလေးများအတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ လှူဒါန်းပေးခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ် အထိ  ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များသို့ ဆလုံ တိုင်းရင်းသား သုံးဦး၊ တိုင်းရင်းသူ လေးဦး စုစုပေါင်း ခုနစ်ဦး တက်ရောက်ပညာသင်ယူခဲ့ပြီး ဘွဲ့များ အသီးသီးရရှိကာ ဝန်ကြီးဌာနအသီးသီးတွင် နိုင်ငံ့ တာဝန်ထမ်းဆောင်နေကြလေပြီ။ ယခင်က စာတတ် မြောက်မှုနည်းပါးခဲ့သော်လည်း နိုင်ငံတော်၏စီစဉ် ပေးမှုဖြင့် ယခုအခါ ဆလုံတိုင်းရင်းသားပညာတတ်များ ပေါ်ပေါက်ခဲ့လေပြီ။

အကောင်းဆုံးခရီးသွားလုပ်ငန်း

တနင်္သာရီကမ်းရိုးတန်း၌ ထူးခြားထင်ရှားသော ကျွန်းကြီး၊ ကျွန်းငယ်များ အမြောက်အမြားရှိနေ သည်။ အချို့ကျွန်းများမှာ မူလသဘာဝအတိုင်း ရှိနေဆဲပင်ဖြစ်သည်။ ကျွန်းစုများ သဘာဝအတိုင်း တည်ရှိနေကြသည်။  သန္တာကျောက်တန်းများ ရှင်သန်ဖွံ့ဖြိုးနေကြသည်။ သဘာဝမျိုးကွဲ၊ မျိုးစိတ် များ၊ ရေနေသတ္တဝါများ ပေါများစွာတည်ရှိနေကြ သည်။ ထိုကဲ့သို့ တနင်္သာရီကမ်းရိုးတန်းရှိ ကျွန်းများ သဘာဝအတိုင်း တည်ရှိနေခြင်းသည်ပင် မြန်မာ နိုင်ငံအတွက်သာမက ကမ္ဘာအတွက်ပါ မပျက်စီး သေးသော  သဘာဝအမွေအနှစ်များဖြစ်သည်ဟု ဆိုရပေမည်။ ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီး သည် မြန်မာနိုင်ငံ၏  ခရီးသွားလုပ်ငန်းများတွင် အကောင်းဆုံးခရီးစဉ်တစ်ခု ဖြစ်လျက်ရှိနေပါသည်။

သဘာဝအတိုင်းတည်ရှိသော တနင်္သာရီကမ်းရိုး တန်းခရီးစဉ် ဖွံ့ဖြိုးတိုးတက်လာရေးတွင် လမ်းပန်း ဆက်သွယ်ရေး လွယ်ကူချောမွေ့ကောင်းမွန်မှုနှင့် ပြည်တွင်းပြည်ပခရီးသွားများ ဆက်သွယ်သွားလာ ရာတွင် လမ်းပိုင်းများ အဆင့်မြင့်မြင့်ဖြင့် ဖြောင့်ဖြူး ကောင်းမွန်ရန်လိုအပ်ပါသည်။ 

စိမ်းလန်းခိုင်ခံ့ ရှင်သန်စေရန်

ထိုသို့ဖြစ်စေရန် နယ်မြေတည်ငြိမ်အေးချမ်း ရန်တော့ အထူးလိုအပ်လှပါသည်။ အဘယ့်ကြောင့်နည်း။ ဆိုရသော် ငြိမ်းချမ်းသောရပ်ရွာများ၌သာ သဘာဝပတ်ဝန်းကျင်ကို ပြုပြင်ခွင့်ရရှိနိုင်ပါလိမ့် မည်။ ဒေသတွင်းနယ်မြေဝန်းကျင်မှာ ညီညွတ်ခြင်း တေးသံများ ပျံ့နှံ့နေရန်လိုသည်။ သို့မှသာ ညီညွတ်ခြင်း၏အသီးအပွင့်ကို ဒေသခံများ ခံစားခွင့်ရကြပါ လိမ့်မည်။ အချင်းချင်း မညီမညွတ် မငြိမ်းချမ်းသရွေ့ သဘာဝပတ်ဝန်းကျင်ကို ပြုပြင်၍မရ၊ ဖွံ့ဖြိုးရေးကို ဖော်ဆောင်၍မရပေ။

အချင်းချင်း မေတ္တာတရားရှိမှသာလျှင် သဘာဝ အလှတရားများကို ခံစားနိုင်ပါလိမ့်မည်။ ငြိမ်းချမ်း နိုင်ပါလိမ့်မည်။ အမုန်းတရားတို့သည် အလုံးစုံပျက်စီး ခြင်းသို့သာ ဦးတည်စေပါသည်။ အမှောင်တံတိုင်းထဲမှ လွတ်မြောက်၍ အလင်းရောင်အောက်ရောက်ပြီးမှ အမှောင်တံတိုင်းနောက်သို့ ပြန်ရောက်သွားသည့်ဒေသ များစွာလည်းရှိနေသည်။ အတိတ်ဖြစ်စဉ်တို့ကို သင်ခန်း စာရယူ၍ ပစ္စုပ္ပန်တွင် သိရှိနားလည်ပြုပြင်မှသာ နောင်အနာဂတ်ကာလ သားစဉ်မြေးဆက်  သာယာ အေးချမ်းဖွံ့ဖြိုးသည့်အကျိုးကို ခံစားရပေမည်။

လှပသော တနင်္သာရီတိုင်းဒေသကြီး၏ ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ “အမိမြန်မာပြည်၏ သစ်ပင်သစ်တောများ အစဉ်စိမ်းလန်းပြီး တောင်တန်းကြီးများ အမြဲခိုင်ခံ့တည်တံ့ကာ ပင်လယ်ပြင်ကြီးများ ထာဝရရှင်သန်ပါစေ”။     ။