ပန်းခင်းစီမံချက် (၁/၂) နှင့် မဲစာရင်းမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၊ နိုင်-၄ နှင့် ပုံစံ (၆၆/၆) ပါ အချက်အလက်များ မှန်ကန်စွာ ဖြည့်သွင်းပြီးစီးပါက မှန်ကန်သောမဲစာရင်းများကို ပြုစုရရှိနိုင် မည်ဖြစ်

နေပြည်တော်၊ စက်တင်ဘာ ၉

 

ပန်းခင်းစီမံချက်နှင့် ပန်းခင်းစီမံချက်အဆင့်(၂) အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ မြို့နယ်ဦးစီးမှူးရုံး အသီးသီးရှိ နိုင်ငံသားကတ်ပြားထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) အခြေအနေများနှင့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)ပါ အချက်အလက်များအား သက်ဆိုင်ရာဒေသများမှ ကွန်ပျူတာများဖြင့် ဖြည့်သွင်းကာ နေပြည်တော်ရုံးချုပ်ရှိ Server သို့ Online စနစ်ဖြင့် ပေးပို့ထိန်းသိမ်းထားရှိမှု၊ မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေးအတွက် ရွေးကောက်ပွဲကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ လုပ်ငန်းများသတ်မှတ်ကာလအတွင်း အောင်မြင်ပြီးစီး နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းဆိုင်ရာအခက်အခဲများကို ရှင်းလင်းဆွေးနွေးမည့် ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က ပြောကြားသည်။

 

 

 ယနေ့ နံနက် (၉) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည့် ပန်းခင်းစီမံချက်(၁/၂)နှင့် မဲစာရင်းမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး ၎င်းတို့၏ နိုင်ငံသားဖြစ်မှု အရည်အချင်းအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ရေးဆွဲကာ နိုင်ငံတစ်ဝန်း နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ် ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပန်းခင်း စီမံချက်ကို ၂၀၂၁ ခုနှစ်၊ မေ (၃) ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၃) ရက်အထိ (၁၈) လတာကာလအတွင်း တစ်နိုင်ငံ လုံးအတိုင်း အတာဖြင့် လူဦးရေပမာဏ (၃ ဒသမ ၄) သန်းကျော်ကို ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လျာထားဆောင်ရွက်ခဲ့ရာ ယခုအခါ တိုင်းဒေသကြီး/ပြည်နယ် (၉)ခုတွင် ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ပါ ကြောင်း၊ မြို့နယ်အချို့တွင်သာ လုံခြုံရေးအခြေ အနေကန့်သတ်ချက်များကြောင့် ကွင်းဆင်းဆောင်ရွက်ပေး နိုင်ခြင်းမရှိသည့်အတွက် ရာနှုန်းပြည့်ပြီးစီးရန် အနည်းငယ်သာကျန်ရှိနေခြင်း ဖြစ်ပါကြောင်း၊ ယခင်လျာထား သတ်မှတ်ချက်တွင် မပါဝင်သည့်ပြည်ပရောက် မိမိနိုင်ငံသားများသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်ပနိုင်ငံအသီးသီးမှ  မိမိတို့နိုင်ငံအတွင်း အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်လာခြင်း၊ ကျူးကျော်အိမ်ရာ များတွင်နေထိုင်သည့် အသက်(၁၆)နှစ်နှင့်အထက် အထောက်အထားမရှိသူများ စာရင်းကောက်ယူခြင်း တို့ကြောင့် နိုင်ငံသားကတ်ပြားမရှိသေးသူများ ကျန်ရှိသေးသည့်အတွက် ပန်းခင်းစီမံချက် အဆင့်(၂)အဖြစ် သတ်မှတ်ကာ ယင်းကာလအတွင်း (၁၈) နှစ်ပြည့် လာမည့်လူဦးရေကို ခန့်မှန်းတွက်ချက်၍ လူဦးရေ(၁ ဒသမ ၇) သန်းကျော်ကို နိုင်ငံသားကတ်ပြား ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိပါကြောင်း။

 

 ထို့ပြင် ယင်းအချက်အလက်များကို တိုက်ဆိုင်စစ်ဆေးရာတွင် နိုင်ငံသား ကတ်နံပါတ် လွဲမှားမှုများ၊ အချက်အလက်မပြည့်စုံသူများ၊ နိုင်ငံသားကတ်ပြား အမှတ် တစ်ခုကို လူတစ်ဦးထက်ပိုမို ကိုင်ဆောင်ခြင်းများ၊ လူတစ်ဦး(သို့မဟုတ်) အိမ်ထောင်စုတစ်ခုသည် တစ်နေရာထပ် ပိုမိုနေထိုင်သည့်အချက် အလက်များစသည်ဖြင့် စိစစ်တွေ့ ရှိရပါကြောင်း၊ ယင်းဖြစ်စဉ်များအား ဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ပြီး အချက်အလက် မပြည့်စုံသူများအား ရနိုင်သမျှနည်းလမ်းများဖြင့် ဖြည့်သွင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေအရ (နိုင်-၄) မှတ်တမ်းနှင့် ပုံစံ (၆၆/၆) အချက်အလက် များကို လုပ်ထုံးလုပ်နည်း၊ ညွှန်ကြား ချက်များနှင့်အညီဆောင်ရွက်ပြီး အချက်အလက်များ မှန်ကန်စွာ ဖြည့်သွင်းပြီးစီးပါက ယင်းစာရင်းများကိုအခြေခံကာ မှန်ကန်သောမဲစာရင်းများကို ပြုစုရရှိနိုင်မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

 

ထို့နောက် သက်ဆိုင်ရာနယ်မြေအသီးသီးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများက ပန်းခင်းစီမံချက်အဆင့် (၁) နှင့် (၂) တို့ကို သတ်မှတ်ကာလအတွင်း လျာထားချက် ပြည့်မီပြီးစီးနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှု၊ မဲစာရင်းမှန်ကန်ရေးအတွက် ဆက်စပ်ဌာန အဖွဲ့အစည်းများ ဖြင့်ပူးပေါင်းကာ မိမိဌာန စာရင်းဇယားများနှင့် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးဆောင် ရွက်မည့်အစီအစဉ်များ၊ လက်ရှိဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

 

ယင်းနောက် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းကဏ္ဍအလိုက် လိုအပ်သည်များကို ဖြည့်စွက်တင်ပြကြပြီး ဒုတိယဝန်ကြီးဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်တို့က တိုင်းဒေသကြီး/ ပြည်နယ်များ အလိုက် အားနည်းချက်၊ အားသာချက်များ၊ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို သုံးသပ်ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)