ပညာရေးဝန်ကြီးဌာန အရည်အသွေးအာမခံမှုစနစ် မူဝါဒကြေညာချက် (Ministry Quality Assurance System-MQAS) မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၁၇

ပညာရေးဝန်ကြီးဌာန အရည်အသွေးအာမခံမှုစနစ် မူဝါဒကြေညာချက် (Ministry Quality Assurance System-MQAS) မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနအတွင်း အရည်အသွေးအာမခံမှုစနစ်ကို ပညာရေးဝန်ကြီးဌာန အရည်အသွေးအာမခံမှုစနစ် (Ministry Quality Assurance System - MQAS) အဖြစ် ရည်ညွှန်းသွားမည်ဖြစ်ကြောင်း၊ MQAS ကို မူကြိုတန်းများ၊ ကျောင်းပြင်ပ ပညာရေးစခန်းများ၊ အခြေခံပညာကျောင်းများ၊ ကောလိပ်များ၊ ပညာရေးဒီဂရီကောလိပ်များ၊ တက္ကသိုလ်များ အစရှိသည့်ပညာသင်ယူရာနေရာများ၊ ဦးစီးဌာနများနှင့် ပညာရေးနှင့် ဆက်စပ်အဖွဲ့အစည်းများအားလုံးမှတစ်ဆင့် အကောင်အထည် ဖော်သွားကြရန်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဦးစီးဌာနအလိုက် အတွင်းအရည်အသွေးအာမခံမှု (Internal Quality Assurance - IQA) လုပ်ထုံးလုပ်နည်းများကို ရေးဆွဲ၊ ဖော်ထုတ်၊ အကောင်အထည် ဖော်ရာတွင် ပညာရေးဝန်ကြီးဌာန အရည်အသွေးအာမခံမှုစနစ်ကို အသုံးပြုရန်ဖြစ်ကြောင်း၊ အခြေခံပညာကဏ္ဍတွင် ကျောင်းအရည်အသွေးအာမခံမှု စံသတ်မှတ်ချက် အညွှန်းဘောင် (School Quality Assurance Standards Framework - SQASF) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တိုးတက်မှုရရှိခဲ့သည်ကို တွေ့ရကြောင်း၊ ဆရာအတတ်ပညာကဏ္ဍတွင်လည်း ဆရာအတတ်ပညာကျွမ်းကျင်မှု စံသတ်မှတ်ချက် အညွှန်းဘောင် (Teacher Competency Standards Framework – TCSF) ကို ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း။

ဦးစီးဌာနများနှင့် ပညာသင်ယူရာနေရာများ၊ ကျောင်းများအားလုံးတွင် အရည်အသွေး စံသတ်မှတ်ခြင်းနှင့် သတ်မှတ်ထားသည့်စံနှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ကို ကြီးကြပ်အကဲဖြတ်လမ်းညွှန်မှု လုပ်ငန်းစဉ်များနှင့် ဦးစားပေး ဆောင်ရွက်မည်ဖြစ်သည့်အတွက် ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာန အရည်အသွေးအာမခံမှုစနစ်သည် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (NESP) ၏ မဟာဗျူဟာမြောက်တွန်းအားတစ်ရပ်လည်း ဖြစ်လာမည်ဖြစ်ကြောင်း၊ မိမိတို့ပညာရေးဝန်ကြီးဌာနအနေဖြင့် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်များနှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်သော ဘက်စုံပညာရေး ကဏ္ဍကို မြှင့်တင်ကြိုးပမ်း ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာန အရည်အသွေး အာမခံမှုစနစ် (MQAS) ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် ပညာရေးအဆင့် အတန်းနှင့် အရည်အသွေး အာမခံမှုအတွက် အဓိကဦးစားပေးလုပ်ငန်းဖြစ်သည့်အတွက်ကြောင့် ဦးစီးဌာနများနှင့် ပညာသင်ယူရာနေရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် ကျောင်းများအားလုံးသည် မိမိတို့ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းပြီး အလေးထားလုပ်ဆောင်ကြရန် တိုက်တွန်း ပြောကြားသည်။

ထို့နောက် ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်က (MQAS) ရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ခဲ့သည့်လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်းကောင်း၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမိုးလွင်က (MQAS) တွင် ပါဝင်သည့် အကြောင်းအရာများနှင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်သည်။

ထို့နောက် အစီအစဉ် ဒုတိယပိုင်းကိုကျင်းပရာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က တာဝန်နှင့် ဝတ္တရားများ၊ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး ပညာရေးဝန်ကြီးဌာနအဆင့်၊ ဦးစီးဌာနအဆင့်နှင့် ပညာသင်ယူရာနေရာများဆိုင်ရာအဆင့် (အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍ၊ ဆရာအတတ်ပညာကဏ္ဍနှင့် ကျောင်းပြင်ပပညာရေးကဏ္ဍ) များ အလိုက် အုပ်စုများခွဲ၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်