ပြည်သူ့လွှတ်တော် အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် မေးခွန်း(၆)ခုမေးမြန်းခြင်း၊ ဥပဒေကြမ်း (၃)ခု တင်သွင်းခြင်းနှင့်အဆိုတစ်ခုတင်သွင်းမည် 

နေပြည်တော် ၂၁ သြဂုတ်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေး(၁၁) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပလျက်ရှိပြီး မေးခွန်း (၆)ခု မေးမြန်း ခြင်း၊ ဥပဒေကြမ်း (၃)ခုတင်သွင်းခြင်းနှင့် အဆိုတစ်ခုတင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

 

မေးခွန်းမေးမြန်းခြင်းတွင်

 

(က) ဒေါက်တာဦးတင်ဌေးအောင်၊ ရေစကြိုမဲဆန္ဒနယ်၏ မြို့နယ်မြေစာရင်း၊ စာရင်းအင်းဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်နေရသော ရပ်/ကျေး မြေစာရင်းမှူးများကို ပိုမိုတိုးချဲ့ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

 

(ခ) ဦးအုန်းလွင်၊ ညောင်တုန်း မဲဆန္ဒနယ်၏ ညောင်တုန်းမြို့နယ်၊ (၇)ရပ်ကွက်၊ ကွင်းအမှတ်(၄)-အုတ် သျှစ်လှ ဘုရားကုန်း-ဦးပိုင် အမှတ်(၅၈) အတွင်းရှိ မြေပေါ်တွင် အသုံးမပြုဘဲ ပစ်ထားသော စိုက်ပျိုးရေး ဦးစီးဌာနပိုင် ဂိုဒေါင် (၂) လုံးအား ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန် မြေနေရာ လိုအပ်နေပါသဖြင့် မြို့နယ် စည်ပင် သာယာရေးပိုင် မြေပေါ်မှ ဖယ်ရှားပေးနိုင်ခြင်း ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း၊

 

(ဂ) ဦးစိုင်းကျော်မိုး၊ မိုင်းပန် မဲဆန္ဒနယ်၏ မိုင်းပန်မြို့နယ်အတွင်း ဖြတ်သန်း စီးဆင်းလျက်ရှိသော နမ့်ပန် ချောင်းသည် နှစ်စဉ်ရေကြီးမှုကြောင့် မြို့နယ်အတွင်း ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပေါ် နေပါသဖြင့် နမ့်ပန်ချောင်း၏ ဟွေ့ကျောင်းချောင်းဆုံ နေရာမှ ကန်မောက်လျံရွာအထိ ပေ ၃ သောင်းခန့်၊ (၅.၅၃)မိုင် ရေတိမ်ကောမှုအား သဲနုန်းတူးဖော်ခြင်း၊ ချောင်းဖြောင့်ခြင်း၊ ချောင်းချဲ့ခြင်းတို့အား လိုအပ်သလို စီစဉ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

 

(ဃ) ဦးဇော်မင်းသိန်း၊ လေးမျက်နှာ မဲဆန္ဒနယ်၏ လှိုင်သာယာ-ဟင်္သာတ ရထားလမ်းပိုင်းသည် စီမံကိန်း ပြီးစီးသွားသော်လည်း ပြေးဆွဲခြင်း မပြုတော့သည့်အတွက် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွား ဖြစ်ထွန်းစေရန် ကောင်းမွန်၍ စနစ်ကျသော စီမံခန့်ခွဲမှုများဖြင့် မည်သည့်အချိန်တွင် မည်ကဲ့သို့ပြန်လည် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း၊

 

(င) ဦးအောင်လှိုင်ဝင်း၊ မင်္ဂလာဒုံ မဲဆန္ဒနယ်၏ ရန်ကုန်မြို့ မြို့ပတ်ရထားလမ်း၏ မင်္ဂလာဒုံဘူတာနှင့် မင်္ဂလာဒုံဈေးဘူတာကြား မီးရထားလမ်းသည် မြေသားတမံသဖွယ်ရေစီးဆင်းမှုအား ပိတ်ဆို့နေသည့် အတွက် ရပ်ကွက် (၇) ရပ်ကွက်မှ ပြည်သူသုံးသောင်းခန့် နှစ်စဉ်ရေဝပ်သည့်ဒဏ်ကို ခံစားနေရပါ၍ ခရေပင် လမ်းမကြီး၏ တောင်ဘက်နှင့်မြောက်ဘက် တစ်ဖက်စီတွင် မီးရထားလမ်းအောက်မှ ရေထွက်အားကောင်း မွန်သည့် မြောင်းများဖောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

 

(စ) ဒေါက်တာဦးစံရွှေဝင်း၊ ရေကြည် မဲဆန္ဒနယ်၏ အသိပညာ၊ အတတ်ပညာနှင့် စာတမ်းများ၊ သုတေ သနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မှီငြမ်းမှုများ ရယူဆောင်ရွက်နိုင်သည့် e-Learning အတွက် “Internet Access”ကို အဆင်ပြေပြေ ကုန်ကျစရိတ်နည်းပါးစွာနှင့် ရရှိအောင် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်းတို့ဖြစ်သည်။ 

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းသည့် ဥပဒေကြမ်း (၃)ခုမှာ  ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီက “၂၀၁၈ ခုနှစ်၊ လောင်းကစား ဥပဒေကြမ်း” ကို တင်သွင်းခြင်း၊၂၀၁၈ ခုနှစ်၊ လောင်းကစား ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းခြင်း၊ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီက တင်သွင်းသည့် “၂၀၁၈ ခုနှစ်၊ လောင်းကစား ဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ တို့ဖြစ်သည်။ 

 

ယနေ့ဆွေးနွေးမည့်အဆိုမှာ “ ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ် မဲဆန္ဒနယ်က တင်သွင်းသည့် “မြန်မာ့ သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဒေသအလိုက် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင် နေကြသော နှစ်ရှည်သီးပင် ဥယျာဉ်ခြံလုပ်ငန်းများ၏ အဓိကလိုအပ်ချက် ပင်မအရင်းအမြစ်များအပေါ် ထောက်ပံ့ကူညီပေးနိုင်သည့် စီမံကိန်းမျိုးကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ခွဲဝေချမှတ် အကောင် အထည်ဖော် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း”အဆိုကို အောက်ပါ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြမည်ဖြစ်သည်-

 

(က) ဦးအောင်ကြည်သိန်း၊ ချောင်းဆုံ မဲဆန္ဒနယ်၊

 

(ခ) ဦးစောထွန်းမြအောင်၊ ဖာပွန် မဲဆန္ဒနယ်၊

 

(ဂ) ဦးခင်မောင်မြင့်၊ ရပ်စောက် မဲဆန္ဒနယ်၊

 

(ဃ) ဦးနန်မွန်ထင်၊ မချမ်းဘော မဲဆန္ဒနယ်၊

 

(င) ဦးခမ်ခန့်ထန်၊ တွန်းဇံ မဲဆန္ဒနယ်၊

 

(စ) ဦးစိုင်းထွန်းစိန်၊ မိုင်းပျဉ်း မဲဆန္ဒနယ်၊

 

(ဆ) ဦးရန်လင်း၊ ကျိုက်လတ် မဲဆန္ဒနယ်၊

 

(ဇ) ဦးသိန်းထွန်း၊ ကျောင်းကုန်း မဲဆန္ဒနယ်၊

 

(ဈ) ဒေါ်ဝင့်ဝါထွန်း၊ ရှားတော မဲဆန္ဒနယ်၊

 

MDN