၁ ဧပြီ
မြန်မာနိုင်ငံသူ နိုင်ငံသားများသည် မျိုးချစ်စိတ်ရှိသည့်နေရာတွင်မူ စံတင်လောက်သည်ဟု ထင်၏။ နိုင်ငံအရေးကို စိတ်ဝင်တစားရှိကြသကဲ့သို့ နိုင်ငံ့အရေးနှင့် ပတ်သက်လာလျှင်လည်း ပါဝင်လိုကြသူများဖြစ်၏။
နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ ဒီမိုကရေစီ အရေးတော်ပုံအစရှိသည့် နိုင်ငံအတွက် အရေးကြုံကြသည့်အခါတိုင်း အသက်စွန့်၊ စည်းစိမ်ဥစ္စာစွန့်၊ ချွေးသွေးကိုရင်းကာ ရင်ဆိုင်ခဲ့ကြသည်ချည်း။
ယင်းသို့သော တိုက်ပွဲမျိုးသာမက ဥပဒေဘောင်တွင်းက ရင်ဆိုင်ရသည့် ဒီမိုကရေစီရေးတိုက်ပွဲများတွင်လည်း ကျန်ရစ်နေသည်မရှိ။ ၁၉၉၀ အထွေထွေရွေးကောက်ပွဲကို ဖြစ်စေ၊ ၂၀၁၂၊ ၂၀၁၅ ရွေးကောက်ပွဲကို ဖြစ်စေ နိုင်ငံအတွက် အရေးကြီးသည့် လိုအပ်မှုအဖြစ် သဘောထားကာ အင်တိုက်အားတိုက် မဲပေးကြ၏။
အတိုချုပ်ဆိုရပါမူ နိုင်ငံ၏အရေးကိစ္စဟု ယူဆရမည့် နေရာတိုင်းတွင် မြန်မာပြည်သူတို့သည် ပါဝင်ပတ်သက်ကြသည်၊ ပါးပါး နပ်နပ်လည်းရှိသည်၊ မည်သည့်အခြေအနေတွင် မည်သို့ရင်ဆိုင် ရုန်းကန်ရမည်ကို နားလည်ကာ ပါဝင်ခဲ့ကြသည်သာဖြစ်၏။
တွန်းလှန် ရုန်းကန်ခဲ့ကြရသော တိုက်ပွဲတိုင်းမှာ ရှေ့တန်းကပါဝင် ဆင်နွှဲခဲ့ကြကာ အောင်ပွဲများလည်း တစ်ဆင့်ပြီးတစ်ဆင့် ရရှိခဲ့သည်ချည်း ဖြစ်ပါ၏။ သည်လိုနှင့် ပြည်သူတို့က ရွေးချယ်တင်မြှောက်သော ပြည်သူ့ ကိုယ်စားလှယ်အများစုဖြင့် ဖွဲ့စည်းသည့် လွှတ်တော်များ၊ အစိုးရများဟူ၍ ပေါ်ပေါက်လာခဲ့သည်။
နှစ်ပေါင်းများစွာ ဒုက္ခအမျိုးမျိုးခံ၊ အနစ်နာအမျိုးမျိုးခံကာ ရုန်းကန်ခဲ့ကြရသော ပြည်သူလူထုသည် မိမိတို့တင်မြှောက်လိုက်သော အစိုးရနှင့် လွှတ်တော်အသီးသီးတို့ကို များစွာမျှော်လင့်ခဲ့ကြ၏။ နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရသည်တို့အတွက် နိုင်ငံ၏တိုးတက်ပြောင်းလဲမှုများနှင့်အတူ မိမိတို့၏ဘဝများသည်လည်းတိုးတက်ပြောင်းလဲလာကြရေးကို အမျှော်ကြီးမျှော်ကြ၏။
သို့သော်လည်း မျှော်သလောက် အားရစရာမဖြစ်သေး။လက်တွေ့ဘဝများက ရင်ဆိုင်စရာပြဿနာတို့က ဒုနဲ့ဒေးဖြစ်သကဲ့သို့ နှစ်ရှည်ကြာ ပုံထားခဲ့သည့် အမှိုက်ပုံကြီးက ဟည်းထနေဆဲဖြစ်၏။ ပြည်သူလူထု၏ မျှော်လင့်ချက်နှင့် ပေါ်ထွန်းလာမှုတို့က ဝေးကွာနေဆဲ ဖြစ်သည့်အခါ နိုင်ငံ၏အကျပ်အတည်းကို လွှမ်းမိုးဩဇာ သက်ရောက်နေသည့် ခုခံမှုများကို ဝေဖန်ပြောဆိုလာကြ၏။ ထိုအခုအခံများက ပြည်သူ့ အစိုးရနှင့် ဆက်စပ်ရောထွေးမှုများ များပြားနေသည့်အခါ အခြေခံအကျ ဆုံးသော ပြဿနာတစ်ခုဖြစ်သည့် လက်ရှိအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်လာ၏။
အလွန်အင်မတန် ခက်ခဲကြမ်းတမ်းလှသော အချိန်၊ ပြင်းထန်သည့် ဖိနှိပ်မှုများအောက်တွင် ရပ်တည်ခဲ့ကြရသော အချိန်များမှာပင် လက်ဖက်ရည်ဆိုင်မှာဖြစ်စေ၊ နီးစပ်ရာတစ်နေရာမှာဖြစ်စေ ကျိတ်ဝိုင်းလေးများဖွဲ့ကာ တီးတိုးတိုင်ပင်ကြ၊ အချိုးမကျနမှုများကို ရယ်ပွဲဖွဲ့ကြ၊ ဝေဖန်ကြ၊ တောက်ခေါက်ကြဖြင့် နေခဲ့ကြသည့် ပြည်သူလူထုသည် ယနေ့တွင် မိမိတို့၏ ဒီမိုကရေစီအခွင့်အရေးကို ဆွဲကိုင်ကာ သဘောထားများကို ရဲရဲထုတ်ဖော်လာကြ၏။
သည်ကနေ့ ကာလများတွင် တယ်လီဖုန်းကိုယ်စီကိုင်ရင်း ဆိုရှယ်မီဒီယာများပေါ်မှာ ပြောကြဆိုကြ ဝေဖန်ကြလာသည်။ တိုးတိုးတိတ်တိတ်ခေတ်ကို ကျော်ခဲ့ကြပြီ ဖြစ်သည့်အတွက် အသံများက ပိုမိုကျယ်လောင် လာနေ၏။
ထို့ပြင် ဒီမိုကရေစီအပြောင်းအလဲများကို မျှော်လင့်ရင်း၊ ဝန်းရံကြရင်းက ခုခံမှုအားများ၏ အတွန်းအတိုက်များ၊ ပွတ်မှုပွန်းမှုများကြားတွင် ခေတ်ဟောင်းစနစ်ဟောင်းကို ဖက်တွယ်ထားလိုသူများ၏ အသံများ၊ လက်ရှိအနေအထားကို အားမလိုအားမရဖြစ်နေကြသည့် အသံများနှင့် ဆက်လက်လျှောက်လှမ်းရေးကို ထောက်ခံအားပေးကြသည့်အသံများ စသည်တို့က ကွဲလွဲမှုများအတွင်း ဆူညံလာနေသည်မှာ မဆန်းဟု ဆိုရပါမည်။ မည်သို့ပင်ဖြစ်စေ ထိုသို့သော ကျယ်လောင်လာနေသည့် အငြင်းအခုန်များသည်ပင် ဒီမိုကရေစီ၏ အမှတ်လက္ခဏာများအဖြစ် သဘောထားရမည်ဟု ယူဆပါသည်။
ထို့ပြင် ဤသည်တို့ အားလုံးသည် ပြည်သူလူထု၏ နိုင်ငံရေးစိတ်ဝင်စားမှု ရေချိန်မြင့်မားလျက်ရှိနေဆဲဖြစ်သည်ကို ဖော်ပြနေခြင်းဟု မှတ်ယူထိုက်ပါ၏။ အဆိုပါ နိုးကြားနေမှုများသည် အပေါင်းလက္ခဏာ ဖြစ်ပါ၏။ ထိုသို့သော ရှစ်လေးလုံးအရေးတော်ပုံက စတင်ခဲ့သည့် ဒီမို ကရေစီစိတ်ဓာတ်သည် နိုင်ငံအကျိုးအတွက် အားကိုးအားထားပြုရမည့် စိတ်ဓာတ်ဖြစ်ပါ၏။
၄င်းတို့နှင့်အတူ ရှေ့ဆက်လှမ်းရမည့် ပန်းတိုင်က ခရီးရှည်ဆဲ ဖြစ်သည့်အတွက် ပညာဉာဏ်နှင့်ယှဉ်တွဲသည့် နိုးကြားမှု၊ ရင့်ကျက်သည့် ရုန်းကန်မှုတို့ကို ဇွဲမလျှော့ဘဲ ဆုပ်ကိုင်ထားကြရဦးမည်ဟု တင်ပြလိုက်ရပါကြောင်း။ ။
မြန်မာ့အလင်း