ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ 

နေပြည်တော် ၂၄  ဩဂုတ်  

 

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ကြမည့်နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ နိုင်ငံရေးပါတီ (၂၄) ပါတီမှ တာဝန်ရှိသူများနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း (၇) ဦး တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ယခုကြားဖြတ်ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ (၂၄) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း (၆၂) ဦးနှင့် တစ်သီးပုဂ္ဂလ(၇) ဦး စုစုပေါင်း (၆၉) ဦး ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံ ကြမည်ဖြစ်ကြောင်း၊ 

 

မဲစာရင်းကို အောက်တိုဘာလတွင် ဒုတိယအကြိမ် ထပ်မံကပ်ထားကြေညာ သွားမည်ဖြစ်ကြောင်း၊  ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၊ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများအနေနှင့် မိမိတို့မဲဆန္ဒရှင်များကို မဲစာရင်းတွင် ပါဝင်ရေးအတွက် မဲစာရင်း ကြည့်ရှုကြရန် တိုက်တွန်းပေးစေလိုကြောင်း၊ 

 

လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် စက်တင်ဘာ (၃)ရက်မှ စတင်၍ မဲဆွယ်စည်းရုံးနိုင်မည်ဖြစ်ပြီး မဲဆွယ်စည်းရုံးရန် ရက်ပေါင်း (၆၀) သတ်မှတ်ခွင့်ပြု သွားမည်ဖြစ်ကြောင်း၊ မဲဆွယ်စည်းရုံးရာတွင် နိုင်ငံရေးပါတီများသ ဘောတူလက်ခံပြီးသည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့်ကျင့်ဝတ်များနှင့်အညီလေးစားလိုက်နာ ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ပါတီကို ထောက်ခံအားပေးကြသော ပြည်သူလူထုကိုလည်း ပဋိပက္ခမဖြစ်အောင် ဝိုင်းဝန်းထိန်းသိမ်းဆော်သြ ဆောင်ရွက်ကြရန်လိုကြောင်း၊ လွှတ်တော်ရွေးကောက်ပွဲဥပဒေအခန်း (၁၃) ပါပြစ်မှုများမဖြစ်ပွားစေရန်နှင့် အခန်း(၁၄)ပါ တရားမဲ့ပြုကျင့်မှုများ မပြုလုပ်ရန်ကိုလည်း အလေး ထားဆောင်ရွက်စေလိုပါကြောင်း။ 

 

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးဗဟိုကော်မတီနှင့် ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းခဲ့သကဲ့သို့ ယခုကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီအဆင့်ဆင့် အနေဖြင့် ပြဿနာရပ်များ ပေါ်ပေါက်လာပါက ပဋိပက္ခအသွင်သို့ မရောက်ရှိစေရေးနှင့် ရွေးကောက်ပွဲတည်ငြိမ်အေးချမ်းရေးတို့အတွက် အလေးအနက်ထားညှိနှိုင်းဖြေရှင်းဆောင်ရွက်ကြ ရန်လိုကြောင်း။

 

လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲကိုယ်စားလှယ် ခန့်ထားရေး၊ မဲရုံကိုယ်စားလှယ်နှင့် အကူကိုယ်စားလှယ်ခန့်ထားရေးတို့ကို သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် အညီဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်များအနေဖြင့် မဲရုံတွင်း မဲဆွယ်စည်းရုံးသည့် ပုံစံမဖြစ် ရေးသည် အရေးကြီးကြောင်း၊ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းလမ်းညွှန်များကိုလည်း သိရှိနားလည်ထားရန် လိုအပ်ပါကြောင်း၊ မဲပေးစဉ်ကာလအတွင်း မဲရုံတာဝန်ရှိသူများကလည်းကောင်း၊ အခြားသော မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်နှင့် မဲဆန္ဒရှင်များကသော်လည်းကောင်း ဥပဒေ၊ နည်း ဥပဒေများနှင့် ညီညွတ်မှုမရှိသော ဆောင်ရွက်ချက်ကို ချက်ချင်းညှိနှိုင်းဖြေရှင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ဥပဒေ၊ နည်းဥပဒေများနှင့် အညီဖြစ် မှသာ ဘက်လိုက်မှုကင်းမည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲပြီးကာလများတွင် ရွေးကောက်ပွဲ ကုန်ကျစရိတ်များကို ကော်မရှင်သို့ တင်ပြရမည်ဖြစ်၍ သတ်မှတ်ချက်များနှင့်အညီ စနစ်တကျမှတ်တမ်းပြုစုဆောင်ရွက်ကြရန်လို ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ရွေးကောက်ပွဲကျင်းပရန်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌတို့က ကြားဖြတ်ရွေးကောက်ပွဲအတွက် စီစဉ်ဆောင် ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ 

 

ထို့နောက် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများက တင်ပြဆွေးနွေးကြပြီး ဆွေးနွေးချက်များ အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့သည်။

 

၎င်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြား ကာအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

 (သတင်းစဉ်)