ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့်  LIFT ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

နေပြည်တော်  ၁၄  ဇန်နဝါရီ 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူနှင့် အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေးရံပုံငွေအဖွဲ့ (LIFT Fund)မှ Mr. Marcus Buerli တို့သည် ယနေ့မွန်းလွဲ ၂ နာရီတွင်  ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် LIFT တို့ ပူးပေါင်း၍ မြေယာမဲ့နှင့် ဆင်းရဲသော အိမ်ထောင်စုများအတွက် မြေယာဖော်ထုတ်ပြီး ပြန်လည်ဝေငှပေးရေး လုပ်ငန်းများကို ဆောင် ရွက်မည့် ရှေ့ပြေးစီမံကိန်းလုပ်ငန်းဆိုင်ရာများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၁၈)အရ စီမံဆောင်ရွက်နေမှုများနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးကြသည်။ 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်တွင်း/ပြည်ပ ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ မြေယာလုပ်ပိုင်ခွင့် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန်နှင့် လယ်ယာမြေလုပ်ပိုင်ခွင့် အာမခံချက်ရရှိရန်၊ လုပ်ကွက် ငယ် တောင်သူလယ်သမားများ၏ လယ်ယာကုန်ထုတ်လုပ်မှု တိုးတက်စေခြင်းဖြင့် လုပ်ကွက် ငယ် တောင်သူလယ်သမားများ ကြံ့ကြံ့ခံနိုင်မှု စွမ်းရည်များ တိုးတက်လာရန်၊ မြေယာစီမံခန့်ခွဲ ရေးလုပ်ငန်းများတွင်ပါဝင်သည့် ပတ်သက်ဆက်နွယ်သူများ မြေယာဆိုင်ရာ အငြင်းပွားမှုများနှင့် မလိုလားအပ်သော အကျိုးသက်ရောက်မှုများ လျော့နည်းသက်သာစေရန် တို့ကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

(မောင်မင်းနိုင်)