ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တပ်ကုန်းမြို့နယ် အေးချမ်းသာ စံပြကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၅ ဖေဖော်ဝါရီ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယနေ့ နံနက် ၉ နာရီက နေပြည်တော် တပ်ကုန်းမြို့နယ် အေးချမ်းသာ စံပြကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ ရောက်ရှိစစ်ဆေးစဉ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က စီမံကိန်းစတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် ဒေသနေပြည်သူများ၏ တက်ကြွစွာပူးပေါင်းပါဝင်မှုများ၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရေတွင်း ရေကန် လမ်း တံတား အဆောက်အအုံများ တည်ဆောက်ပေးသည့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်ရေးသာမက ဒေသနေပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေးတို့ကိုလည်း အလေးပေး ထည့်သွင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများ အပါအဝင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ ဖြန့်ဝေပေးခြင်းကိုပါ အလေးထား ထည့်သွင်းဆောင်ရွက်မှသာ မိမိတို့အားလုံးမျှော်မှန်းထားသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော စံပြကျေးရွာများ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ ဒေသနေပြည်သူများ၏ ဝင်ငွေတိုးပွားရေးနှင့် လူနေမှုဘဝများ မြင့်မားတိုးတက်ရေးတို့အတွက် မိမိတို့ဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနများက လက်တွေ့အသုံးချ နည်းပညာပေး သင်တန်းများ ဆောင်ရွက်ပေးကြရန်နှင့် လက်တွေ့လုပ်ကိုင်ဆောင်ရွက်နိုင်သည့် လုပ်ငန်းများအတွက် လိုအပ်သော ကူညီဖြည့်ဆည်းပေးမှုများကို ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အလားတူပင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်း၊ မီးဖိုချောင်သုံး အမှိုက်များအား သဘာဝမြေသြဇာပြုလုပ်သုံးစွဲခြင်း စသည့် လူနေမှုစနစ်မြင့်မားရေး အခြေခံကောင်းများကို စံပြကျေးရွာများ ကစတင်ပြီး ရှေ့ဆောင်လမ်းပြ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျကျန်ရစ်ခြင်းမရှိစေဘဲ အားလုံးတပြေးညီ ဖွံ့ဖြိုးစေရေးအတွက် သက်ဆိုင်သူအားလုံးတို့က ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျေးရွာသူကျေးရွာသားများအား ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ပြီး ကျေးရွာရေပေးရေးလုပ်ငန်း၊ ကျေးလက်ဆေးပေးခန်း၊ ကျေးရွာပျိုးဥယျာဉ် တည်ဆောက်ထားရှိမှုနှင့် အိမ်ထောင်စုအလိုက် တပိုင်တနိုင် စိုက်ပျိုးလုပ်ကိုင်နေမှု (Home Garden) တို့ကိုလည်းကောင်း၊ စာသင်ကျောင်းဆောင်သစ် တည်ဆောက်ထားရှိမှု၊ ကျေးလက်လမ်းများနှင့် စံပြဝက်မွေးမြူရေးခြံများကို လှည့်လည်ကြည့်ရှုစစ်ဆေး အားပေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်