ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး Mobile and Digital Literacy Training သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ၅ ဖေဖော်ဝါရီ  

ပညာရေးဝန်ကြီးဌာနနှင့် The Asia Foundation တို့ ပူးပေါင်းဖွင့်လှစ်သည့် Mobile and Digital Literacy Training သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့ခေတ်တွင် အိုင်စီတီနည်းပညာသည် နေ့စဉ်လူမှုဘဝများတွင် တစ်နေ့တစ်ခြား အရေးပါလာသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ၂၁ ရာစုတွင် နည်းပညာဖွံ့ဖြိုး တိုးတက်လာသည့်အတွက် နည်းပညာနှင့်ပတ်သက်သည့် သင်တန်းများသည် အရေးကြီးပါကြောင်း၊ သင်တန်းများပေးခြင်းသည် မိမိတို့၏စွမ်းဆောင်ရည်ကို မြှင့်တင်ပြီး လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေပြီး ဝန်ကြီးဌာန၏ စွမ်းဆောင်ရည်လည်း ပိုမိုအားကောင်းလာမည်ဖြစ်ပါကြောင်း၊ ဌာနများတွင်လည်း အိုင်စီတီနည်းပညာများ အသုံးပြု၍ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ခြင်းကိုတိုးမြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့်လည်း e-Government လုပ်ငန်းများ အကောင်အထည်ဖော်ရန် အားပေးဆောင်ရွက်လျက်ရှိသည့်အတွက် ဝန်ထမ်းများအနေဖြင့် အိုင်စီတီနည်းပညာများ လုံခြုံစိတ်ချ ထိရောက်စွာ အသုံးပြုတတ်ကျွမ်းမှုရှိရန် လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် တိုးတက်လျက်ရှိသည့် အိုင်စီတီနည်းပညာများကို မိမိတို့လုပ်ငန်းခွင်များတွင် ထိထိရောက်ရောက်အသုံးပြုပြီး လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်သည်ထက် တိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် EMIS စနစ်ကိုအခြေခံပညာ၊ ကျောင်းပြင်ပ၊ နည်းပညာနှင့် သက်မွေး၊ တက္ကသိုလ်များနှင့် ဦးစီးဌာနများ၏ သတင်းအချက်အလက်များ စနစ်တကျရှိစေရန် အသုံးပြုလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ လူတိုင်းနီးပါးအင်တာနက် အသုံးပြုလာနိုင်ချိန်တွင် သတင်းအချက်အလက်များသည် အကန့်အသတ်မရှိ များပြားနေသည့်အတွက် အကောင်းအဆိုး၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရန် လိုအပ်ပါကြောင်း။

ယခုဖွင့်လှစ်သင်ကြားမည့် Mobile and Digital Literacy Training သင်တန်း၏ သင်ရိုးကိုကြည့်မည်ဆိုပါက ယနေ့ခတ်တွင် မဖြစ်မနေသိသင့်သိထိုက်သည့် အကြောင်းအရာ ခေါင်းစဉ်များဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှသင်ကြားပို့ချသည့် ပညာရပ်များကိုသေချာစွာ လေ့လာကြိုးစားကြပြီး မိမိတို့ဌာနသို့ ပြန်ရောက်ရှိချိန်တွင် သင်ယူလေ့လာခဲ့သည့် အသိပညာ ဗဟုသုတများကို ပြန်လည်ဝေမျှရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် The Asia Foundation မှ Special Project Unit Manager ဒေါ်မစ်ကီကျော်မြင့်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

Mobile and Digital Literacy Training သင်တန်းတွင် အိုင်စီတီနှင့် Cloud Computing မိတ်ဆက်၊ အင်တာနက်ဘေးကင်းလုံခြုံမှုနှင့် လူမှုကွန်ရက်၏ ကျင့်ဝတ်၊ အီးမေးလ်ကို စနစ်တကျအသုံးပြုမှု၊ Productivity Tools များအသုံးပြုနည်း၊ သတင်းအချက်အလက်များ အားစနစ်တကျရှာဖွေမှု၊ သင်ခန်းစာအားလုံး ပေါင်းစပ်လေ့လာခြင်းနှင့် အဖွဲ့အလိုက် ပြန်လည်လေ့ကျင့်ခြင်းများကို ပို့ချသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၅ ရက်မှ ၈ ရက်အထိ ၃ ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသို့ အရာထမ်း သင်တန်းသားသင်တန်းသူ ၃၈ ဦး တက်ရောက်ကြကြောင်း သိရသည်။ 

သတင်းစဉ်