ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ (LIFT) အဖွဲ့နှင့်တွေ့ဆုံ

နေပြည်တော် ၅ ဖေဖော်ဝါရီ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ(LIFT)အဖွဲ့၏ Fund Director, Katy Weblay နှင့် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ် စောင့်ရှောက်ရေး မဟာဗျူဟာပါ အဓိကလုပ်ငန်းစဉ် (၈)ခုအနက် အရေးပါဆုံးဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် (MCCT)ကို ချင်းပြည်နယ်တွင် LIFT Fund ၏ ထောက်ပံ့မှုဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်အစိုးရက ဆက်လက်တာဝန်ယူ၍ တိုးချဲ့ဆောင်ရွက်ခဲ့သည့်ကိစ္စ၊ MCCT အစီအစဉ်သည် အောင်မြင်သည့် အစီအစဉ်တစ်ခု ဖြစ်သည့်အတွက် ကျန်ရှိနေသေးသော ပြည်နယ်/တိုင်းဒေသကြီးများတွင် တိုးချဲ့ဆောင်ရွက်နိုင်ရေး LIFT Fund နှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့်ကိစ္စ၊ LIFT Fund မှ ဘဏ္ဍာရေးအကူအညီများ ပေးအပ်နေသော ကိစ္စသည် မိမိတို့ဝန်ကြီးဌာနနှင့် များစွာဆက်စပ်နေသည့်အတွက် ဘဏ္ဍာရေးထောက်ပံ့မှုဆိုင်ရာ ဆုံးဖြတ်ချက်ပေးသည့် Fund Board တွင် ဝန်ကြီးဌာနမှ ကိုယ်စားလှယ်ပါဝင်နိုင်ရေးနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်