ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး  NBC , MSNBC သတင်းဌာန၊ Japan Heart တို့နှင့် တွေ့ဆုံ

နေပြည်တော်  ၁၄  ဇန်နဝါရီ 

 

လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် NBC, MSNBC သတင်းဌာနမှ Mr. Benjamin Rhodes  နှင့်  Japan Heart မှ Mr. Yuta Momose တို့ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ မေခလာခန်းမ၌ သီးခြားစီ်တွေ့ဆုံသည်။

 

NBC, MSNBC သတင်းဌာနနှင့် တွေ့ဆုံစဉ် ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော လူမူ ကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲသူများ ပြန်လည်ထူထောင်ရေး၊ လူငယ်မူဝါဒရေးဆွဲ အကောင်အထည်ဖော်နေမှု၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ၂၁ ရာစု ပင်လုံညီလာခံကျင်းပခဲ့မှု၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်နေမှု၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ ရခိုင်ပြည်နယ်ရှိ လူ့အသိုင်းအဝန်း နှစ်ခုအကြား လူမှု သဟဇာတမျှတရေးအတွက် ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော စီမံချက်များ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား နိုင်ငံတကာအဖွဲ့အစည်းများ၊ ကြက်ခြေနီ လှုပ်ရှားမူ၊ UEHRD လူငယ်လုပ်အားပေးစသည့် အစီအစဉ်များဖြင့် ပေးအပ်နေမှုများ၊ အမှန်တကယ်ပြောင်းလဲမူများ ဖြစ်ပေါ်လာရေး၊ ပြည်သူအားလုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။

 

အလားတူ Japan Heart နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် မျက်မမြင်ဆေးဘက်ဆိုင်ရာ အနှိပ်ပညာရပ်(Blind Medical Massage) ဖွံ့ဖြိုးတိုးတက်လာရေးနှင့် အမြင်အာရုံချို့ယွင်းသူများ အနေဖြင့် အနှိပ်ပညာကို စနစ်တကျသင်ယူပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ဝန်ကြီးဌာနနှင့် Japan Heart အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ၊ မျက်မမြင်အနှိပ်ပညာအား စနစ်တကျသင်ကြားနိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲရေး၊ သင်တန်းအား အခြေခံအဆင့် (၁)နှစ်သင်တန်း၊ အဆင့်မြင့် (၁)နှစ်ခွဲသင်တန်း စသည်ဖြင့် သတ်မှတ်၍ Certificate ထုတ်ပေးနိုင်ရေး ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေးနိုင် ရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။ 

 

(သတင်းစဉ်)