ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြား

နေပြည်တော်  ဇွန် ၂၆

 

နေပြည်တော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည်။

 

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန် ကြားရေးမှူးများ၊ အမျိုးသားအိုဇုန်းယူနစ်အဖွဲ့ဝင်များ၊ လေအေးပေးစက်နှင့်ပတ်သက်သော စက်မှုနည်း ပညာရှင်များအသင်းမှ တာဝန်ရှိသူများ၊ အအေးပေးဒြပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းရှင်များ၊ တက္ကသိုလ်၊ ကောလိပ်၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များ တက်ရောက်ကြသည်။

 

 အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုနှစ်ကျရောက်သည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “အအေးပေးနည်းပညာ စဉ်ဆက်မပြတ်တိုးတက်ဖို့ ပူးပေါင်းလက်တွဲ ဆောင်ရွက်စို့” ဖြစ်ပြီး ပူနွေးလာသည့်ရာသီဥတုကြောင့် ကာဗွန်ထုတ်လွှတ်မှုလျော့နည်းသော အအေးပေး စနစ်များလိုအပ်ချက် မြင့်မားလာမှုကို ဖြည့်ဆည်းပေးရန်နှင့် အနာဂတ်ကာလအတွက် အအေးပေးနည်းပညာ အဆင့်ဆင့် လိုက်လျောညီ‌ထွေ ပြောင်းလဲလာပုံကို သတိပြုမိလာစေရန်အတွက် ပြည်သူလူထုကို အသိပညာပေး တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်ကြောင်း။

 

အအေးပေးစက်ပစ္စည်းများတွင် အသုံးပြုသော အအေးပေးဒြပ်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာသည့် အိုဇုန်းလွှာပျက်စီးမှုသည် ယနေ့ခေတ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတွင် အလေးထားဖြေရှင်းရမည့် စိန်ခေါ်မှု တစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းနှင့် အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီယယ် နောက်ဆက်တွဲ စာချုပ်ကို ၁၉၉၃ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးပြီး အိုဇုန်းလွှာပျက်စီးစေမည့် ဒြပ်ပစ္စည်းများ လျှော့ချရပ်ဆိုင်းရေးအတွက် အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိကြောင်း။

 

ယနေ့ကမ္ဘာကြီး၏ အပူချိန်ကို လျှော့ချနိုင်ရန်နှင့် လေထုအတွင်းရှိ စိုထိုင်းဆများကို လျော့ကျစေရန်အတွက် အသုံးပြုမည့် အအေးပေးနည်းပညာများသည် စွမ်းအင်သုံးစွဲမှုနှင့် ကာဗွန်ထုတ်လွှတ်မှု လျော့နည်းစေသော နည်းပညာများ ဖြစ်လာစေရန် အရေးကြီးသော အခန်းကဏ္ဍဖြစ်ကြောင်း၊ ယနေ့ ကမ္ဘာတစ်ဝန်းရှိ အဆောက်အဦ များတွင် အသုံးပြုလျက်ရှိသော လျှပ်စစ်ဓာတ်အား စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း ကို လေအေးပေးစက်များတွင် အသုံးပြုနေကြသည့်အတွက် စွမ်းအင်ချွေတာပြီး စွမ်းဆောင် ရည်ကောင်းသော အအေးပေးပစ္စည်းများနှင့် အိုဇုန်းလွှာမထိခိုက်စေသည့်  အစားထိုးအအေးပေး ဒြပ်ပစ္စည်းများကိုသာ တင်သွင်းဖြန့်ဖြူး အသုံးပြုသွားရန် အရေးကြီးကြောင်း ၊ အိုဇုန်းလွှာ၊ ရာသီဥတုနှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသော နည်းပညာမြှင့်တင်ရေး သင်တန်းများနှင့် သုတေသနလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားခြင်းဖြင့် အနာဂတ်မျိုးဆက်သစ်များ အတွက် ကောင်းမွန်သောအကျိုးကျေးဇူးများ ရရှိစေမည်ဖြစ် ကြောင်း ပြောကြားသည်။

 

ထို့နောက် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်နေ့ အသိပညာပေး ဗီဒီယိုကိုပြသပြီး ပြည်ထောင်စု ဝန်ကြီးနှင့် တက်ရောက်လာသူများက အအေးပေးပစ္စည်းများနှင့် လုပ်ငန်းဆောင်ရွက်မှု ပိုစတာများ ပြသထားမှုကို  လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)