ပြည်တွင်၊ပြည်ပခရီးသည်များ စိတ်ဝင်စားသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ သီပေါဟော်

သီပေါကိုလတ်

 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ သီပေါမြို့ကို ၈၅ ဆက်မြောက် သီပေါစော်ဘွားကြီးစဝ်ခွန်ဆိုင်(ခ)စဝ်ကြာခိုင်က ၁၈၈၈ ခုနှစ်ကတည်ထားခဲ့ခြင်းဖြစ်သည်။ ကျောက်မဲခရိုင်အတွင်း ပါဝင်သောမြို့နယ်တစ်ခုဖြစ်ပြီး လမ်းဆုံကျသည့် ဒေသလည်းဖြစ်သည်။ကျောက်မဲနှင့်လားရှိုးခရိုင်ကြားတွင် မြို့တည်ရှိပြီး သီပေါမှတစ်ဆင့် နမ့်ဆန်၊ နမ္မတူ၊ လားရှိုး၊ကျောက်မဲမြို့တို့အပြင် ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းကိုင်ဒေသသို့လည်း ကူးသန်းသွားလာနိုင်ကြသည်။

 

သီပေါဆိုသော အမည်သည် မြန်မာ့ သမိုင်း၌ ထင်ရှားခဲ့သည်။ သီပေါမင်းသား၊ သီပေါဘုရင်ဆိုသည်များနှင့်လည်း ဆက်စပ်ခဲ့သည်။ သီပေါမတိုင်မီ ကုန်းဘောင်သမိုင်းကပင် မြန်မာ့ရာဇဝင်သမိုင်းတို့၌ အထင်အရှားပါဝင်ခဲ့သည်။ ရှမ်းတိုင်းရင်းသားတို့၏ သမိုင်းဝင်မြို့ဒေသဖြစ်သည့်အတွက် ရှမ်းစာပေနှင့် ယဉ်ကျေးမှုများလည်း ဖြစ်တည် ရှင်သန်ခဲ့ကြသည်။ သီပေါမြို့နယ်ကို ရပ်ကွက် ၁၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၈ အုပ်စုဖြင့်တည်ဆောက်ထားပြီး လူဦးရေ တစ်သိန်းကျော်ရှိရာ အများစုမှာ ရှမ်းတိုင်းရင်းသားများဖြစ်ကြသည်။

 

 

ရှေးရှမ်းမြို့တစ်မြို့ ဖြစ်သည်နှင့်အညီ ၁၉၆၂ ခုနှစ် မတ် ၂ ရက်အထိ ရှမ်းစော်ဘွား များ အစဉ်အဆက်အုပ်ချုပ်လာခဲ့ကြသည်။ထိုစော်ဘွားများစိုးစံ၍ စီမံခန့်ခွဲရာ ဟော်နန်း များလည်းတည်ဆောက်ခဲ့ကြသည်။ဟော်နန်းဆိုသည်မှာ စော်ဘွားများစိုးစံနေထိုင်ရာ အဆောက်အအုံကို ခေါ်ခြင်းဖြစ်သည်။နန်းတော်ငယ်တစ်ခုလည်း ဖြစ်သည်။

 

သီပေါမြို့တွင် စော်ဘွား သုံးပါးက ဟော်နန်းဆောင် သုံးဆောင်ကို နှစ်ကာလခြား၍ တည်ဆောက်ခဲ့ဖူးသည်။ ၁၈၈၈ ခုနှစ်က ၈၅ ဆက်မြောက် သီပေါမြို့တည် စော်ဘွားကြီးစဝ်ခွန်ဆိုင်တည်ဆောက်ခဲ့ရာ မူလဟော်နန်းကြီး၊ ယင်း၏သားတော် ၈၆ ဆက်မြောက် သီပေါစော်ဘွားကြီးဆာစောချယ် ၁၉၂၂ ခုနှစ်က တည်ဆောက်ခဲ့သော စခန်းသာဟော်၊ ၎င်း၏သားတော် ၈၇ ဆက်မြောက် သီပေါစော်ဘွားကြီးစောအုံကြာ (အမ်အေ) ၁၉၂၄ ခုနှစ်က တည်ဆောက်ခဲ့သော သီပေါဟော်တို့ဖြစ်ကြသည်။

 

အဆိုပါဟော်နန်း သုံးခုအနက် မူလသီပေါဟော်နန်းကြီးနှင့် စခန်းသာဟော်နန်းကြီးတို့ ပျက်စီးသွားခဲ့ပြီး ၈၇ ဆက်မြောက် သီပေါစော်ဘွားကြီးစောအုံကြာ(အမ်အေ) တည်ဆောက်ခဲ့သော သီပေါမြို့ ဇာတ်စုရပ်ကွက်ရှိ ဟော်အဆောက်အအုံကြီးသာလျှင် လက်ရာမပျက်တည်ရှိပြီး သက်တမ်း ၉၄ နှစ်ကျော်ရှိပြီဖြစ်သည်။

 

အဆိုပါ ဟော်အဆောက်အအုံကြီး၌တည်ဆောက်သူ စော်ဘွားကြီးစောအုံကြာမိသားစုနှင့် သီပေါ၏ နောက်ဆုံးစော်ဘွားစဝ်ကြာဆိုင်၊ မဟာဒေဝီစဝ်သုစန္ဒီ(ဩစတြီးယားနိုင်ငံသူ)နှင့်သမီးတော်မာယာရီ၊ သမီးတော် ကိန္နရီတို့မိသားစု နောက်ဆုံးနေထိုင်သွားခဲ့ကြသည်။ ၁၉၆၂ ခုနှစ် မတ်လတွင် သီပေါစော်ဘွားစဝ်ကြာဆိုင် ပျောက်ဆုံးသွားပြီးနောက် မဟာဒေဝီစဝ်သုစန္ဒီနှင့်သမီးတော်နှစ်ပါးတို့သည်လည်း ၁၉၆၄ ခုနှစ်တွင်နိုင်ငံခြားသို့ ထွက်ခွာသွားခဲ့သည်။

 

နောက်ပိုင်းတွင် ဟော်နန်းစံစော်ဘွားမရှိတော့သည့် အဆိုပါသီပေါဟော်အဆောက် အအုံကြီးကိုသီပေါစော်ဘွား၏အစ်ကိုတော်စဝ်ကြာဇုံ၏ သားကြီးစဝ်ဦးကြာနှင့်ဇနီး ဒေါ်စဝ်စံဖုန်း(မိုင်းရယ်စော်ဘွားကြီး၏စတုတ္ထသမီးတော်)တို့မိသားစုက ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ စနစ်တကျထိန်းသိမ်းစောင့်ရှောက်မှုကောင်း၍ ယနေ့ထိသီပေါဟော်အဆောက်အအုံကြီးမှာ မပျက်မစီး၊ မပျောက်မပျက်ဘဲတည်ရှိလာနိုင်ခဲ့ သည်။ တစ်ချိန်သောကာလက ကြည်နူးဖွယ်၊လွမ်းမောဖွယ်၊ ဆွတ်ပျံ့ဖွယ်ရာများဖြင့် ဝန်းရံဖြစ်တည်ခဲ့ရသော သီပေါဟော်အဆောက်အအုံမှာ ယခုအခါ မြန်မာနှင့်ကမ္ဘာကပါ တကူးတက လာရောက်ကြည့်ရှုလေ့လာစရာဖြစ်ခဲ့သည်။ ပြည်တွင်းပြည်ပဧည့်သည်များကို အဓိကဆွဲဆောင်မှုနှင့် စိတ်ဝင်စားမှုနေရာတစ်ခုဖြစ်ခဲ့သည့် ဤသီပေါဟော်သည် သီပေါမြို့၏ ဂုဏ်သိက္ခာနှင့်အလှကျက်သရေတို့ကိုဖော်ကျူးပြသနေသည်။ ရှမ်းပြည်နယ်သားတို့၏ ဂုဏ်ယူမြတ်နိုးဖွယ်ရာ အလှတစ်ပါးဖြစ်သည်ဟု ဆိုလျှင်လည်း ရနိုင်ခြေရှိ၏။

 

သီပေါမြို့နယ်၏ လှပသာယာသောတောတောင်သဘာဝ စိမ့်စမ်းရေတံခွန်များ၊ဒေသခံတိုင်းရင်းသားတို့၏ စွဲမက်မြတ်နိုးဖွယ်ရာ ရိုးရာယဉ်ကျေးမှုအလှအပများ၊ ရှေးဟောင်းအဆောက်အအုံများနှင့် အတူဤသီပေါဟော်သည်လည်း အဓိကလာရောက် လေ့လာစရာဖြစ်ခဲ့ရသည်။ သီပေါရောက်ပြည်တွင်းပြည်ပဧည့်သည်တို့က ဟော်အဆောက်အအုံသို့ ဝင်ရောက်ကြည့်ရှုလိုကြသည်။ မြန်မာ့ခရီးသွားလုပ်ငန်းဇုန်တစ်ခုအဖြစ် သီပေါမြို့ကိုလည်း ထည့်သွင်းသတ်မှတ်လိုက်သောအခါ နိုင်ငံပေါင်းစုံမှ ကမ္ဘာလှည့်ခရီးသည်များလည်း ဝင်ရောက်လည်ပတ်မှု အထူး များပြားလာခဲ့သည်။ ပြည်တွင်းပြည်ပ ဧည့်အဝင် များပြားခဲ့သဖြင့် သီပေါမြို့တွင် အဆင့်မြင့်ဟော်တယ်နှင့်ဧည့်ရိပ်သာ ၁၀ ခုကျော်ရှိပြီး မြန်မာ့စီးပွားရေးဘဏ်ခွဲ တစ်ခု၊ ပုဂ္ဂလိကဘဏ်ခွဲ လေးခုအထိပင်ရှိခဲ့သည်။ ခရီးသွားရာသီမဟုတ်သည့် မိုးရာသီတွင် ဧည့်သည် နည်းပါးသော်လည်း ကျန်အချိန်များတွင် ပြည်တွင်းပြည်ပဧည့်သည်မျိုးစုံဖြင့် ပြည့်နေလေ့ရှိသည်။ သီပေါမြို့ကိုလာရောက်လည်ပတ်သမျှ ဧည့်သည်တို့သည် အခြားလေ့လာလည်ပတ်စရာများနှင့်အတူ သီပေါဟော်သို့လည်း မဖြစ်မနေဝင်ရောက်ကြည့်ရှုလေ့လာလိုကြသည်။ ထို့အတွက် လက်ရှိသီပေါဟော် အဆောက်အအုံတွင် နေထိုင်စောင့်ရှောက်နေကြသော အိမ်ရှင် ဦးစဝ်ဦးကြာ၊ ဒေါ်စဝ်စမ်ဖုန်းတို့က အချိန်သတ်မှတ်၍ လက်ခံဖွင့်လှစ်ပေးခဲ့ကြသည်။ နေ့စဉ် ညနေ ၃ နာရီမှ ၅ နာရီအထိ ဟော်ဝင်းတံခါးဖွင့်လှစ်၍ ဧည့်ဝင်ချိန်အဖြစ် သတ်မှတ်လက်ခံပေးခဲ့သည်။ အပျော်သဘောမဟုတ်ဘဲ သမိုင်းကိုသိရှိလိုသူများအတွက် ဟော်ဝင်ခအဖြစ်မည်သည့် ဒေါ်လာ၊ ငွေကြေးကိုမျှကောက်ခံခြင်းမရှိဘဲ အခမဲ့ဝင်ရောက်လေ့လာနိုင်ကြသည်။ ဟော်ပြုပြင်ထိန်းသိမ်းသွားနိုင်ရန်အတွက် စေတနာအလျောက်လှူဒါန်းသော သတ်မှတ်ချက်မရှိသည့် အလှူငွေကိုသာလက်ခံခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ သီပေါဟော်သို့ တကူးတကလာရောက်လေ့လာကြသော ပြည်တွင်းပြည်ပဧည့်သည်များနှင့်ဒေသခံတိုင်းရင်းသားများကို အိမ်ရှင်မိသားစုက နွေးထွေးပျူငှာစွာကြိုဆို၍ အင်္ဂလိပ်၊မြန်မာ၊ ရှမ်းစကားတို့ဖြင့် ရှင်းလင်းပြောပြခဲ့ကြသည်။

 

ယခုအခါ သီပေါဟော်အဆောက်အအုံသို့ နေ့စဉ်သတ်မှတ်ချိန်အတွင်း လာရောက်လည်ပတ်ရင်း သမိုင်းကို စိတ်ဝင်စားစွာလေ့လာစူးစမ်းလျက်ရှိကြသည်။

 

ဟော်နေအိမ်ရှင်ဦးစဝ်ဦးကြာ၊ ဒေါ်စဝ်စမ်ဖုန်း မိသားစုကလည်း ဧည့်သည်များသိရှိလိုသမျှကို စိတ်ရှည်သဘောကောင်းစွာရှင်းလင်းပြောပြလျက်ရှိကြသည်။ ယခုလက်ရှိ သီပေါဟော်ဝင်းမြေမှာ ငါးဧကကျော်ခန့် ရှိပြီးဟော်ဝင်းအတွင်း၌ စော်ဘွားကြီးများ ဥပုသ်ဆောင်ဝင်ရာ ရှေးဘုရားဆောင်ကြီး တစ်ဆောင်၊ ရေကူးကန်နှင့်တင်းနစ်ကစားကွင်းတို့ရှိခဲ့ကြသည်။

 

ရှေးဘုရားဆောင်ကြီးမှာမကြာမီက ပြိုကျပျက်စီးသွား၍ မိုင်းဖုန်းဆရာတော်၏ မတည်လှူဒါန်းငွေကျပ် ၁၀ သိန်းဖြင့် မူလပုံစံအတိုင်းပြန်လည် တည်ဆောက်သွားရန် ယခုနှစ် ဇူလိုင် ၂၁ ရက်က နမ့်လန်ဆရာတော် ဘဒ္ဒန္တဉာဏောဘာသ ဦးဆောင်သော ရှမ်းတိုင်းရင်းသားများက ရှင်းလင်းဖယ်ရှားခဲ့ကြသည်။

 

ဆက်လက်၍ ဇူလိုင် ၂၄ ရက်တွင် ရှင်းလင်းသန့်စင်ထားသော အဆိုပါဘုရား ဆောင်နေရာတွင် မင်္ဂလာဦးရေတိုင်ထူပွဲကိုပြုလုပ်ခဲ့ရာ နာယကဆရာတော်ကြီးများနှင့်သီပေါ၊ နမ့်လန်တို့မှ ဒေသခံတိုင်းရင်းသားများတက်ရောက်ခဲ့ကြသည်။

 

မူလ ရှေးဘုရားဆောင်ကြီးအတိုင်းပြန်လည် တည်ဆောက်သွားနိုင်ရေးအတွက်ကျပ် သိန်းတစ်ရာအလှူရှင်အပါအဝင် အခြားစေတနာရှင်များကလည်း အလှူငွေများကိုလှူဒါန်းခဲ့ကြသည်။

 

မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်နိုင်ငံခြားသားခရီးသွားလုပ်ငန်းကို တစ်စိတ်တစ်ဒေသအဖြစ် အထောက်အကူပြုလျက်ရှိသော သီပေါမြို့နှင့် သက်တမ်း ၉၄ နှစ်ကျော်ရှိပြီဖြစ်သော သီပေါဟော်အဆောက်အအုံမှ အိမ်ရှင်မိသားစုတို့၏ နွေးထွေးသောအပြုံး၊ ဖော်ရွေသော လက်ကမ်းကြိုဆိုမှုတို့ကြောင့်ပြည်တွင်းပြည်ပဧည့်သည်များ နေ့စဉ်စည်ကားစွာ လာရောက်လျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။ ။