ပျဉ်းမနား ပါရာဒီဆို အဆင့်မြင့်ရုပ်ရှင်ရုံသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ၂၄  ဒီဇင်ဘာ  

 

Paradiso Cinema Co.,Ltd ၏ ပျဉ်းမနား ပါရာဒီဆို အဆင့်မြင့်ရုပ်ရှင်ရုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပျဉ်းမနားမြို့  ရွှေချီရပ်ရှိ အဆိုပါ ရုပ်ရှင်ရုံသစ်၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူနှင့် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်တို့က  ပျဉ်းမနားပါရာဒီဆို အဆင့်မြင့် ရုပ်ရှင်ရုံသစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို  ရုပ်ရှင်ရုံသစ်အတွင်း ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မြန်မာ့ရုပ်ရှင်လုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ခုနှစ်တွင် ရုပ်ရှင်ကား ၉  ကားသာ ထုတ်လုပ်ရန် ခွင့်ပြုနိုင်ခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင်  ၁၅၈  ကား နှင့် ၂၀၁၈ ခုနှစ်တွင် ယခုအချိန်အထိ  ၁၂၉  ကား ထုတ်လုပ် ခွင့်ပြုထားခဲ့ပြီး ဖြစ်ပါကြောင်း။

 

ပြသမှုပိုင်းတွင်လည်း ၂၀၁၃ ခုနှစ်တွင် ဒီဂျီတယ်စနစ်ဖြင့် ပြသနိုင်သည့် ရုပ်ရှင်ရုံ  ၁၉  ရုံ၊ ပိတ်ကား  ၁၉ ခုသာရှိခဲ့ရာမှ ၂၀၁၈ ခုနှစ် ယခုအချိန်အထိ စုစုပေါင်း ရုပ်ရှင်ရုံ  ၁၂၄ ရုံ၊ ပိတ်ကားပေါင်း ၁၄၀ အထိ တိုးတက်လာခဲ့ပြီးဖြစ်ပါကြောင်း။

 

 

ရုပ်ရှင်ရိုက်ကူးထုတ်လုပ်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံမေးမြန်းခန်းများ၊ သင်တန်းပို့ချခြင်း များနှင့် အလုပ်ရုံဆွေးနွေးပွဲများကို စီစဉ်ကျင်းပပေးလျက် ရှိပါကြောင်း၊ ရုပ်ရှင်ကားသစ်များ ရုံမတင်မီ အထူးပွဲပြသသည့်အခါ နိုင်ငံပိုင် မီဒီယာများမှ အများပြည်သူသိရှိနိုင်ရန်  ဇာတ်ကားအကြောင်းအရာကို မိတ်ဆက်ထည့်သွင်း ဖော်ပြပေးနေပါကြောင်း။

 

တစ်ချိန်တည်းမှာပင် နေပြည်တော်ကို ရုပ်ရှင်ရိုက်ကူးသည့် စတူဒီယိုမြို့တော်အဖြစ် ပြောင်းလဲရန် ကြိုးပမ်းဆောင် ရွက်လျက်ရှိပါကြောင်း၊  ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့ရုပ်ရုင်လုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရုပ်ရှင်ဝါသနာရှင်ပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါဟု မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် Paradiso Cinema Co.,Ltd မှ ဒါရိုက်တာ ဦးသူရ(ခ) ဦးဇာဂနာက ကျေးဇူးတင်စကား ပြောကြားပြီး ရုပ်ရှင်ဇာတ်ကားနမူနာများကို ပြသသည်။

 

ပျဉ်းမနား ပါရာဒီဆို 3D အဆင့်မြင့်ရုပ်ရှင်ရုံတွင် တစ်ယောက်ထိုင်ခုံ ၃၁၀ နှင့် နှစ်ယောက်တွဲထိုင်ခုံ ၁၇ ခုံပါဝင်သည်။ တနလာၤနေ့မှ သောကြာနေ့အထိ အပတ်စဉ် မွန်းလွဲ ၁၂ နာရီခွဲ၊ ညနေ ၃ နာရီခွဲနှင့် ညနေ ၆ နာရီခွဲတို့တွင် ပြသပေးသွားမည်ဖြစ်ပြီး စနေ၊ တနင်္ဂနွေနှင် အစိုးရရုံးပိတ်ရက်များတွင် နံနက် ၁၀ နာရီ၊ မွန်းလွဲ ၁၂ နာရီခွဲ၊ ညနေ ၃နာရီခွဲ၊  ညနေ ၆ နာရီခွဲနှင့် ည ၈နာရီ မိနစ် ၅၀ တို့တွင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ Paradiso ရုပ်ရှင်ရုံများတွင် ပြသလျှက်ရှိသည့် ရုပ်ရှင်ဇာတ်ကားများနှင့် အခြားသတင်း အချက်အလက်များကို Paradiso Cinema Co.,Ltd  Face book page တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။

 

Paradiso Cinema Co.,Ltd သည် မှော်ဘီ၊ မုံရွာ၊ ဖျာပုံ၊ အောင်ပန်း၊ ကျောက် ပန်းတောင်း၊ သထုံ၊ ရွှေဘို၊ ဘိုကလေး၊ မတ္တရာ၊ မော်လမြိုင်၊ ကလေး၊ မအူပင်၊ အေးသာယာ၊ ရမည်းသင်းနှင့် ဟင်္သာတမြို့တို့တွင် ရုပ်ရှင်ရုံများကို ဖွင့်လှစ်ခဲ့ပြီး ပျဉ်းမနား ပါရာဒီဆို 3D အဆင့်မြင့်ရုပ်ရှင်ရုံသစ်မှာ ကုမ္ပဏီ၏ ၁၆ ရုံမြောက် ဖြစ်ကြောင်း သိရသည်။     

 

(မင်းမင်းဇော် - သတင်းစဉ်)