ပရဟိတ အခြေခံစိတ်ဓာတ်ဖြင့် အစဉ်ထာဝရရှင်သန်နေမည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

တင်ဝင်းလေး (ကြည့်မြင်တိုင်)

 

အင်းဝ၊ ညောင်ရမ်း၊ ကုန်းဘောင်စသော ရှေးမြန်မာ မင်းများ အဆက်ဆက်တိုင် မီးသတ်တပ်ဖွဲ့များ ရှိခဲ့ပြီး မီးဘေးလုံခြုံရေးဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

အင်္ဂလိပ်တို့ အုပ်စိုးသော ကိုလိုနီခေတ်တွင် ရန်ကုန် မြူနီစီပယ်ကော်မတီက ၁၈၈၃ ခုနှစ်တွင် လည်းကောင်း၊ မန္တလေးမြူနီစီပယ်ကော်မတီက ၁၈၉၈ ခုနှစ်တွင်လည်း မီးသတ်တပ်ဖွဲ့များကို ဖွဲ့စည်းခဲ့သည်။ ယင်းကဲ့သို့ မီးသတ် တပ်ဖွဲ့များ ဖွဲ့စည်းခဲ့သော်လည်း အဓိက ပြည်သူလူထု အကျိုးအတွက်မဟုတ်ပေ။ ဗြိတိသျှကိုလိုနီပိုင် စီးပွားရေး လုပ်ငန်းများကို မီးလောင်ဆုံးရှုံးခြင်းမှ ကာကွယ်ရန် ဖြစ်သည်။

သို့အတွက် ၁၉၃၂ ခုနှစ်၊ ကိုလိုနီခေတ်ကာလအတွင်း မြန်မာ့မျိုးချစ်လူငယ်များက မိမိရပ်ရွာကို မိမိတို့ကိုယ်တိုင် ကာကွယ်စောင့်ရှောက်ရမည်ဟူသော ပရဟိတအသိစိတ် ဖြင့် အပျော်တမ်းမီးသတ်တပ်ဖွဲ့များအဖြစ် ရန်ကုန် မြူနီစီပယ်အက်ဥပ‌ဒေအရ စေတနာ့ဝန်ထမ်းမီးသတ် တပ်ဖွဲ့ကို ရပ်ရွာအလိုက် စတင်ဖွဲ့စည်းခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ ထိုစဉ်က ဖွဲ့စည်းခဲ့သော မီးသတ်တပ်ဖွဲ့များမှာ မီးလောင်လျှင် ငြှိမ်းသတ်ရန် အတွက်မျှသာဖြစ်သည်။

(၇၄)နှစ် ပြည့်မြောက်ခဲ့ပြီ

တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ဖွဲ့စည်းထား သည့် မီးသတ်အစည်းအရုံးဝင် မြို့နယ်ကိုယ်စားပြု ခေါင်းဆောင်များ စုစည်းခဲ့ကြပြီး ၁၉၄၆ ခုနှစ် မေလ ၅ ရက်နေ့၌ ပထမအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ် အစည်းအရုံးညီလာခံကြီးကို ကျင်းပနိုင်ခဲ့သည်။ ထိုညီလာခံကြီးသို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ ထိုသို့ မီးသတ်အစည်းအရုံး ညီလာခံ ကြီး ကျင်းပနိုင်ခဲ့သည်ကို အမှတ်ရစိမ့်သောငှာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အဖြစ် နှစ်စဉ် မေလ ၅ ရက်နေ့တိုင်း ကျင်းပလာခဲ့သည်မှာ (၇၄)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါ သည်။

၁၉၄၇ ခုနှစ်တွင် ပညာရေးနှင့် ဒေသန္တရအုပ်ချုပ်ရေး ဌာန၏ အမိန့်အရ မီးဘေးတားဆီးရေးနှင့် မီးဘေး ကာကွယ်ရေးကိစ္စရပ်များကိုဆောင်ရွက်ရန် မီးသတ်ဌာန ကို မီးသတ်ညွှန်ကြားရေးဝန်အပါအဝင် အရာထမ်း ၂၁ ဦး တို့ဖြင့် ဖွဲ့စည်းပေးခဲ့သည်။ ၁၉၅၂ ခုနှစ်၊ မတ်လ ၂၈ ရက် နေ့တွင် မီးသတ်ဝန်ထမ်းအက်ဥပဒေအမှတ် ၆ ပြဋ္ဌာန်း ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေဌာနခွဲ၊ နိုင်ငံတော် အစိုးရမီးသတ်ဌာနတွင် ဝန်ထမ်း ၆၃၆ ဦးဖြင့် ဖွဲ့စည်း ခဲ့ပါသည်။

၁၉၆၃ ခုနှစ်၊ တော်လှန်‌ရေးကောင်စီအစိုးရလက်ထက် တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်အမှတ် ၅၅ အရ ၁၉၆၃ ခုနှစ် မီးသတ်တပ်ဖွဲ့ဥပ‌‌‌‌ဒေကို အသစ်ထုတ်ပြန် ပြဋ္ဌာန်း၍ မီးသတ်တပ်ဖွဲ့ကို အခြားသောလက်နက်ကိုင်တပ်ဖွဲ့များကဲ့သို့ စည်းကမ်းသေဝပ်သော အဖွဲ့အစည်း တစ်ခုဖြစ်လာစေရန် ရည်မှန်းချက်ဖြင့် မီးသတ်အဖွဲ့ အစည်းကို “တပ်ဖွဲ့”အသွင် ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

ပြင်ဆင်ဖွဲ့စည်းခဲ့

ရန်ကုန်မြူနီစီပယ်၊ မန္တလေးမြူနီစီပယ်မီးသတ် ဝန်ထမ်းများနှင့် အခြားသောဒေသန္တရ မီးသတ်တပ်ဖွဲ့ များကို အစိုးရဌာနတွင် ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်လွှဲပြောင်းယူခဲ့သည့်အတွက် ဝန်ထမ်း အင်အား ၁၃၅၀ ရှိလာခဲ့ပြီး အကွဲကွဲအပြားပြား ဖြစ်နေ သော စေတနာ့ဝန်ထမ်း မီးသတ်အဖွဲ့အစည်းအမျိုးမျိုး ကိုလည်း အရန်မီးသတ်တပ်ဖွဲ့အဖြစ်သို့ လည်းကောင်း၊ အချို့သော အစိုးရဌာန၊ ဘုတ်ကော်ပို‌ရေးရှင်းတို့ရှိ မီးသတ် အဖွဲ့များကို သီးသန့်မီးသတ်တပ်ဖွဲ့အဖြစ်သို့ လည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၁၉၇၂ ခုနှစ် စနစ်သစ်အုပ်ချုပ်ရေးဖော်ထုတ်မှု အစီအစဉ်အရ အခြားဌာနများမှ ဝန်ထမ်း ၄၈ ဦး ပြောင်းရွှေ့ရောက်ရှိလာရာ ဝန်ထမ်းအင်အား ၁၇၉၈ ဦး အထိ တိုးတက်လာခဲ့ပြီး ၂၄ နာရီ တာဝန်ထမ်းဆောင် သည့် မီးသတ်တပ်ဖွဲ့ဖြစ်လာခဲ့သည်။ ယခုအခါ ပြည်ထဲ ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနအနေဖြင့် ဖွဲ့စည်းပုံ အင်အား ၂၄၆၅၉ ဦးအထိ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး လက်ရှိ ခန့်ထားအင်အား ၁၃၆၃၄ ဦးအထိ ရှိလာခဲ့သည်။ တစ်ဖန် မီးသတ်လုပ်ငန်းများကို အထောက်အကူအဖြစ် အရန် မီးသတ်တပ်ဖွဲ့ဝင် ၂၄၇၉၈၃ ဦးနှင့် သီးသန့်မီးသတ်တပ်ဖွဲ့ ဝင် ၁၈၈၈၃ ဦးအထိ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီဟု သိရသည်။

ယနေ့ ကမ္ဘာကြီးသည် ပြောင်းလဲခြင်းများစွာနှင့်အတူ ဖွံ့ဖြိုးတိုးတက်ခြင်းများကလည်း အရှိန်အဟုန်ဖြင့် လိုက်ပါစီးမျောလာလျက်ရှိနေသည်။ အကြောင်းနှင့် အကျိုး၊ အဆိုးနှင့်အကောင်းသည် ဒွန်တွဲလျက်ရှိနေ သည်ဟု ဆိုစကားပမာ ဆိုးကျိုးများကပ်လျက် ပါလာ တတ်သည်။

 

14582

အန္တရာယ်ဆိုးကျိုးများ

လူတို့မှ သဘာဝသယံဇာတများ အလွန်အကျွံထုတ်ယူ မှု၊ ခေတ်မီလက်နက်များ အပြိုင်အဆိုင်ထုတ်လုပ်မှု၊ ထို့အပြင် စက်ရုံများနှင့် မော်တော်ယာဉ်များကထွက်ရှိ သော ကာဗွန်ဒိုင်အောက်ဆိုက်များ ပျံ့နှံ့နေမှုတို့ကြောင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနှင့်အတူ ကမ္ဘာကြီးပူနွေး လာခြင်း၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်း၊ ရေခဲတောင်များပြိုကျခြင်း၊ မုန်တိုင်းများတိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခတ်ခြင်း၊ ဆူနာမီရေလှိုင်းများဖြစ်ပေါ်ခြင်း၊ ရေကြီး၊ မြေပြိုခြင်း၊ မိုးခေါင်၍ရေရှားပါးလာခြင်း၊ လျှပ်စီး မိုးကြိုးများပစ်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များက နှစ်စဉ်ကြုံတွေ့လာရသော အန္တရာယ်ဆိုးကျိုးများပင် ဖြစ်သည်။

ကမ္ဘာကြီးအတွင်းရှိ မြန်မာနိုင်ငံသည်လည်း ထို ဆိုးကျိုးများနှင့် နှစ်စဉ်မဟုတ်သည့်တိုင် မလွတ်ကင်း နိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီး ဖြစ်သည်။ ထိစပ်လျက် ရှိသော ပင်လယ်ပြင်ကြီးများမှတစ်ဆင့် ဖြတ်ကျော်လာ သော မိုးကြိုမုန်တိုင်းနှင့် မုန်တိုင်းများ၊ မြန်မာပြည်ကို ဝန်းရံထားသော တောင်တန်းများပေါ်မှ အထိန်းအကွပ်မရှိ တစ်ရှိန်ထိုးစီးဆင်းလာသော မိုးရေတို့ကြောင့် မြစ်ချောင်း များ ရေလျှံခြင်းနှင့် ပြတ်ရွေ့ကြောတွင် တည်ရှိနေသော ကြောင့် ဖြစ်ပေါ်လာသော ငလျင်ကြီးများက ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို နှစ်စဉ် ခြိမ်းခြောက်မှု များ ဖြစ်ပေါ်လျက်ရှိသည်။

ဤဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သည် ရှေးရှေးကာလများကကဲ့သို့ မီးငြှိမ်းသတ်ရုံ တစ်ခု တည်း မဟုတ်တော့ပေ။ ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ ရည်မှန်းချက် တာဝန်ကြီး လေးရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို သမိုင်းပေးတာဝန်အဖြစ် ထမ်းဆောင်လာရပြီဖြစ်သည်။

တပ်ခွဲ (၁၅)ခွဲကိုပါ အသင့်စုဖွဲ့ထား

ဤသို့ဆောင်ရွက်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့၏ ဖွဲ့စည်းပုံအင်အား Men Power ရှိစေရန် စနစ်တကျ ပြင်ဆင်ဖွဲ့စည်းလျက်ရှိရာ သဘာဝဘေးကြုံတွေ့လာ ပါက လျင်မြန်ထိရောက်စွာ ရှာဖွေကယ်ဆယ်ရေးများ လုပ်နိုင်ရန်အတွက် တစ်မြို့နယ်လျှင် ရှာဖွေကယ်ဆယ် ရေးတပ်ဖွဲ့ တစ်စုလျှင် ၃၅ ဦးစီပါသော တပ်စု ၃၃၃ စုကို ဖွဲ့စည်းထားနိုင်ခဲ့ပြီး တိုင်းဒေသကြီး ပြည်နယ်တစ်စုလျှင် တပ်ဖွဲ့ဝင် ၁၁၆ ဦးစီပါဝင်သော ရှာဖွေကယ်ဆယ်ရေး တပ်ခွဲ(၁)ခွဲနှုန်းဖြင့် တပ်ခွဲ (၁၅)ခွဲကိုပါ အသင့်စုဖွဲ့ထား လျက်ရှိသည်။

ထို့ထက်ပို၍ ထိရောက်လျင်မြန်စွာ ကယ်ဆယ်ကူညီ နိုင်ရေးအတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် (ရန်ကုန်)၊ မီးသတ်ဦးစီးဌာန (နေပြည်တော်)နှင့် မန္တလေး တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးများတွင် အင်အား ၁၁၆ ဦးစီပါဝင်သော အထူးရှာဖွေကယ်ဆယ်ရေးတပ်ခွဲ သုံးဖွဲ့ကိုပါ ဖြည့်တင်းဖွဲ့စည်းထားသည်ကို သိရသည်။ ယင်းအထူးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့များသည် မြေပြင်၊ ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဖွဲ့စည်း ထားသော တပ်ဖွဲ့များဖြစ်သည့်အပြင် နိုင်ငံတကာရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် အတွက် ပြင်သစ်နှင့် စင်ကာပူနိုင်ငံတို့မှ ကျွမ်းကျင်နည်းပြ များဖြင့် (USAR)သင်တန်းများ ဖွင့်လှစ်၍ နည်းပညာများ ကို သင်ယူထားကြောင်း သိရသည်။

မီးသတ်တပ်ဖွဲ့ဝင်များအား ဌာနတွင်း၊ ဌာနပြင်ပ သင်တန်းများဖြစ်သည့် ပြည်တွင်းသင်တန်းများ သင်ကြား စေမှုနှင့်အတူ ဥ‌ရောပ၊ အာရှအစရှိသည့် နိုင်ငံခြားမှ နည်းပြများ ခေါ်ယူသင်ကြားခြင်းများအပြင် ပြည်ပနိုင်ငံ များသို့ ပညာသင်စေလွှတ်ခြင်းများကိုလည်း မီးသတ် တပ်ဖွဲ့၏ Technology Power ရရှိစေရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မီးသတ်စခန်းများ တည်ဆောက်

ထို့အတူ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဦးစီးမှူးရုံး ၁၅ ရုံး အောက်၌ ခရိုင်နှင့် မြို့နယ် ရုံးများ၊ မီးသတ်စခန်း များ၊ မြို့နယ်မီးသတ်စခန်းများ၊ နယ်မြေမီးသတ်စခန်း များနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် မီးသတ်စခန်းများကို အကြားအလပ်မရှိ တည်ဆောက် နိုင်ခဲ့ပြီးဖြစ်သည်။

 

မီးသတ်စခန်းများအလိုက် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစသော မီးသတ်ယာဉ်များကို နိုင်ငံတော်မှ နှစ်စဉ် ဖြည့်တင်းပေးလျက်ရှိရာ ယခုအခါ အစီးရေ ၃၆၄၀ အထိ ရှိလာခဲ့ခြင်းနှင့်အတူ အထောက် အကူပြုဆက်စပ်ပစ္စည်းများ ဖြည့်တင်းခြင်းဖြင့် Equip-ment Power ရရှိရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေး၊ လေဘေး၊ ငလျင်ဘေးနှင့် ရုတ်တရက်ဖြစ်ပွား စေတတ်သည့် ဘေးအန္တရာယ်များ ဖြစ်ပွားမှုမှာ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်ထိ ငါးနှစ်တာအတွင်း မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ မလတ်တောင်ပြိုမှုအပါအဝင် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ စုစုပေါင်း ၈၁၅၉ ကြိမ် ဆောင်ရွက်ခဲ့ရပြီး သေဆုံးသူ ၃၀၅၂ ဦးနှင့် ဒဏ်ရာရရှိသူ ၁၁၈၈၉ ဦးရှိခဲ့ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ‌ဒေသအလိုက် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

မီးလောင်မှုများအနေဖြင့် ၂၀၁၉ ခုနှစ်အတွင်း မီးလောင်မှု ၂၁၅၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ကျပ်ဆယ်သန်းနှင့် အထက် မီးလောင်မှုကြီး ၅၁ ကြိမ်ရှိခဲ့သည်။ ၂၀၂၀ ပြည့် နှစ်အတွင်း ဇန်နဝါရီလမှ ဧပြီလကုန်အထိ မီးလောင်မှု ၁၁၁၁ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြီးပေါင်း အကြိမ်၂၀ ဖြစ်ပွားခဲ့ရာ မီးလောင်မှုများကို မီးသတ်ဦးစီးဌာန အနေဖြင့် မီးလောင်မှုပေါ်မူတည်၍ Level အဆင့်များ သတ်မှတ်ကာ မီးသတ်ယာဉ်များ၊ စက်များ စေလွှတ်မှုများ ကို စနစ်တကျစီမံဆောင်ရွက်နိုင်မှုတို့ကြောင့် ရန်ကုန်တိုင်း ဒေသကြီးတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ဇာမနီ ဖယောင်းသိုလှောင်ရုံမီးလောင်မှု၊ လှိုင်သာယာမြို့နယ်ရှိ Life Jacket စက်ရုံနှင့် မာမားခေါက်ဆွဲစက်ရုံမီးလောင်မှု၊ မန္တလေးတိုင်းဒေသကြီးတွင် ချမ်းအေးသာစံမြို့နယ်ရှိ Mandalay Yatanar Mall ပထမထပ်ရှိ Sky Walk မီးလောင်မှုများကဲ့သို့သော မီးလောင်မှုကြီးများကို ထိရောက်လျင်မြန်စွာ မီးငြှိမ်းသတ်ရေးစွမ်းရည်များအား တွေ့ရှိနိုင်သည့်အပြင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော် မြို့နယ်ရှိ သံဈေး(၁၂)ထပ်ခွဲ အဆောက်အဦ မီးလောင်မှု ကြီးတွင်လည်း မီးလောင်မှုကို လျင်မြန်စွာ ငြှိမ်းသတ်ပေး နိုင်ခဲ့သည်သာမက သံဈေးအဆောက်အဦ အပေါ်ထပ်ရှိ ပိတ်မိနေသူ ၈၅ ဦးတို့အပြင် ခွေးတစ်ကောင် ပါမကျန် ဘေးမသီရန်မခ ရှာဖွေကယ်ဆယ်နိုင်ခဲ့ခြင်းတို့က မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၌ ပရဟိတဆန်သော စိတ်ဓာတ်များ ကိန်းအောင်းနေမှုအပြင် ခေတ်မီရှာဖွေ ကယ်ဆယ်ရေး ယာဉ်/ စက်၊ ပစ္စည်းကိရိယာများ စနစ်တကျကိုင်တွယ် အသုံးပြုနိုင်ခြင်း၊ လေ့ကျင့်သား ပြည့်ဝနေခြင်းနှင့် လူစွမ်းအား၊ ယာဉ်/စက်ပစ္စည်းကိရိယာ စွမ်းအားနှင့် နည်းပညာစွမ်းအားများကို စနစ်တကျ တည်ဆောက်ထားနိုင်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။

ယခုအခါ ကမ္ဘာနှင့်အဝန်းကြုံတွေ့လာရသော ကမ္ဘာ့ ကပ်ဆိုးရောဂါဟု အမည်တပ်သည့် ကိုဗစ်-၁၉ ရောဂါ မှာ မြန်မာပြည်တွင်းသို့ မတ်လ ၂၃ ရက်နေ့မှ စတင် ဝင်ရောက်လာခဲ့သည်ဖြစ်ရာ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ် သုံးရပ်အနက်မှ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်အရ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဦးဆောင်၍ မြို့အနှံ့ နယ်အဆုံး ဈေးများ၊ ကျောင်းများ၊ Quarantine Center များနှင့် Stay at Home နေရာများပါမကျန် ပိုးသတ်ဆေးများ လိုက်လံပက်ဖျန်းပေးခြင်း၊ ရေရှားပါး သည့် အရပ်ဒေသများနှင့် Quarantine Center များသို့ သောက်ရေသုံးရေများပေးဝေခြင်း၊ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများသို့ နိုင်ငံတော်မှ ထောက်ပံ့သည့် ရိက္ခာငါးမျိုးပေးဝေခြင်းတွင် ကူညီ ဆောင်ရွက်ခြင်းနှင့် Quarantine Center များတွင် လုံခြုံ ရေးတာဝန်များအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းတာဝန်ထမ်းဆောင်ပေးခြင်းများ ဆောင်ရွက် လျက်ရှိသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။

ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်သုံးရပ် အနက်မှ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်အရ ပိုးသတ် ဆေးများ ပက်ဖျန်းခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူး(ဦးစီး) ဦးသိန်းထွန်းဦးထံ မေးမြန်းခဲ့ရာ “မီးသတ်တပ်ဖွဲ့အနေနဲ့ ယခုလို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်နေ ခြင်းမှာ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဥပဒေ၊ အခန်း(၂)၊ ရည်ရွယ်ချက်၏ ပုဒ်မ ၃(ဂ)၊ (ဃ)တို့တွင် ‘မီးဘေးအန္တရာယ်၊ အခြားသဘာဝဘေးအန္တရာယ်၊ ကပ်ရောဂါဘေးအန္တရာယ် သို့မဟုတ် ရုတ်တရက် ဖြစ်ပွား သော ဘေးအန္တရာယ်တစ်မျိုးမျိုး ကျရောက်သည့်အခါ မီးငြှိမ်းသတ်ရေး၊ ကာကွယ်တားဆီးရေး၊ ရှာဖွေကယ်ဆယ် ရေးတို့ကို ဆောင်ရွက်ရန်’နှင့် ‘ဘေးအန္တရာယ် တစ်မျိုးမျိုး ကျရောက်သည့်အခါ ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှု ကို ရရှိရေးအတွက် ပညာပေးစည်းရုံးလှုံ့ဆော်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်’ဟု မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းများကို သတ်မှတ်ပြဋ္ဌာန်းထားသည်ဖြစ်ရာ ဧပြီ ၂၆ ရက်မှ စတင်ပြီး နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အသီးသီးတို့တွင် ပိုးသတ်ဆေး ပက်ဖျန်းခြင်းနှင့်အတူ ကပ်ရောဂါဘေးအန္တရာယ် ကာကွယ် တားဆီးရေးလုပ်ငန်းစဉ်များကို မိတ်ဖက်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း”ဟု ဖြေကြားခဲ့သည်။

အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ Stay at Home ပြုလုပ်ထားရာ ၁၀ မြို့နယ်တွင် လည်းကောင်း၊ ဈေးကြီးများနှင့် အိမ်ရာများတွင် လည်းကောင်း၊ တပ်မတော်သားများ၊ ပရဟိတအဖွဲ့များ၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်/စက်များ၊ ပိုလန်နိုင်ငံထုတ် မောင်းသူမဲ့ယာဉ်များ အသုံးပြု၍ တပ်မတော်၊ အရပ်ဘက်အဖွဲ့အစည်းနှင့် ပူးပေါင်း၍ လိုက်လံပိုးသတ်ဆေးဖျန်းပေးမှုများကို စာရေး သူနေထိုင်ရာ မြို့နယ်အတွင်း လာရောက်ခဲ့စဉ် ပြည်သူ များ၏ ရင်တွင်းပူပန်မှုများအား ငြိမ်းအေးစေခဲ့သည့်အပြင် ပြည်သူတို့၏ ဝမ်းမြောက်ဝမ်းသာကြိုဆို ပူးပေါင်းပါဝင်မှု များရှိခဲ့သည်ကို ဒိဋ္ဌမျက်မြင် တွေ့ရှိခံစားခဲ့ရသည်။

အချုပ်အားဖြင့်ဆိုရလျှင် မီးသတ်ဦးစီးဌာနသည် ပြည်သူလူထုအတွင်း ကြုံတွေ့ခံစားနေရသော မီးဘေး အန္တရာယ်၊ သဘာဝဘေးအန္တရာယ်နှင့် ယခုကာလတွင် ဖြစ်ပွားနေသည့် ကပ်ရောဂါဘေးအပါအဝင် အခြား မတော် တဆမှုများဖြစ်ပွားလာပါက အသက်ဆုံးရှုံးမှုမဖြစ်ပေါ် စေရေး၊ ပစ္စည်းဥစ္စာများဆုံးရှုံးမှု မဖြစ်ပေါ်စေရေး နည်းပညာ၊ ယာဉ်/စက်ပစ္စည်းကိရိယာများကို အသုံးပြု၍ မိမိတို့၏ အသက်ကိုပင် ပဓာနမထားဘဲ ပရဟိတ စိတ်ဓာတ်အခြေခံဖြင့် ဆောင်ရွက်နေသည့်တပ်ဖွဲ့တစ်ခုဖြစ်ရာ မည်သည့်အချိန်ကာလမဆို နေရာဒေသမရွေး ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် တပ်ဖွဲ့ဖြစ်ပါကြောင်း တင်ပြရင်းဖြင့် ပရဟိတ စိတ်ဓာတ်များအခြေခံ၍ ပြည်သူ့အကျိုးအတွက် ကျရာ တာဝန်များကို ဘက်စုံကဏ္ဍစုံမှ ပါဝင်ဆောင်ရွက်လျက် ရှိသည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များအား ယနေ့ ကျရောက်သည့် (၇၄)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့နေ့တွင် ဤဆောင်းပါးဖြင့် မှတ်တမ်းတင် ဂုဏ်ပြု အပ်ပါသည်။ ။

မြန်မာ့အလင်း