ပုဂံဒေသ (UNESCO)  ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခွင့်ရပါက နိုင်ငံဂုဏ်မြင့်မားလာပြီး ခရီးသွားလုပ်ငန်းလည်း မြင့်တက်လာနိုင်မည်ဖြစ်

ရန်ကုန်  ၂၆   မေ 

 

ပုဂံဒေသ (UNESCO) ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခွင့်ရပါက နိုင်ငံဂုဏ်မြင့်မား လာပြီး ခရီးသွားလုပ်ငန်းလည်း မြင့်တက်လာနိုင်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောသည်။

 

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ အတွင်းဝန်များရုံး၌ ယနေ့ ညနေ ၃ နာရီ တွင် မြန်မာနိုင်ငံဧည့်လမ်းညွန်အသင်းမှ ကြီးမှူးကျင်းပသည့် ပုဂံဒေသကို မြန်မာ့ အမွေအနှစ်မှ (UNESCO) ကမ္ဘာ့အမွေအနှစ်စာရင်း (၂၀၁၉) ဝင်ရောက်ရေး ကြိုဆိုပွဲနှင့် ပုဂံဒေသဆိုင်ရာ သိမှတ်ဖွယ်ရာများ ဆွေးနွေးပွဲတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးသိန်းလွင် က ထို့သို့ပြောကြားခြင်းဖြစ်သည်။

 

“ပုဂံဟာ မြန်မာ့အမွေအနှစ်ကနေကမ္ဘာ့အမွေအနှစ်ကို  တက်လှမ်းသွားနိုင်ပြီ ဆိုရင်  နိုင်ငံရဲ့ယဉ်ကျေးမှုမျက်နှာစာမြင့်တက်သွားမယ်။ ပြည်ပခရီးသွားဧည့်သည်တွေ က အဓိက ပုဂံကိုလာကြတယ်။ အဓိက ခရီးသွားလုပ်ငန်းမြင့်တက်လာမယ်။ ခရီးသွား လုပ်ငန်းမြင့်တက်လာတာနဲ့အမျှ ဒေသခံပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်း တွေရလာမယ်။ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလည်း တိုးတက်လာမယ်” ဟု ဦးသိန်းလွင် က မှတ်ချက်ပြုပြောကြားသည်။

 

ပုဂံဒေသကို (UNESCO)ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ၁၉၉၆ ခုနှစ်ကတည်းက တင်သွင်းခဲ့သော်လည်း သတ်မှတ်ထားသည့် အချက်အလက်များ ပြည့်စုံမှုမရှိသည့် အတွက် တင်သွင်းခွင့်မရရှိခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင်  ကမ္ဘာ့အမွေအနှစ်တင်သွင်းရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက လုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် သတ်မှတ်ထားသည့် အချက်အလက်အပြည့်အစုံဖြင့် ပြန်လည် တင်သွင်းနိုင်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန သိရသည်။

 

ပုဂံဒေသကို (UNESCO)  ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ခွင့်ရမရကို ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် အဇာဘိုင်ဂျန်တွင် ကျင်းပမည့် (၄၃) ကြိမ်မြောက် UNESCO ညီလာခံ တွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ယနေ့အခမ်းအနားမှ သိရသည်။

 

အမွေအနှစ်ထိန်းသိမ်းရေးပညာရှင် ဒေါ်ဥမ္မာမျိုး  က “၂၀၁၃ ခုနှစ်က စပြီး ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်ဝင်ရေးမှာ လိုအပ်တဲ့ စီမံခန့်ခွဲရေးစနစ်တစ်ရပ် ဖော်ဆောင် နိုင်ဖို့ ပြည်တွင်း၊ပြည်ပက ပညာရှင်တွေနဲ့ ဝိုင်းဝန်းပြီးဆောင်ရွက်နေပါတယ်၊ ပုဂံဒေသ ရဲ့ ထူးခြားထင်ရှားတဲ့ ယဉ်ကျေးမှုတန်ဖိုးတွေ၊ ဗိသုကာပညာတန်ဖိုးတွေနဲ့ ဒီလောက် နေရာတစ်နေရာတည်းမှာ အမွေအနှစ်ပေါင်း သုံးထောင်ကျော် လေးထောင်နီးပါး လောက် တစ်စုတစ်ဝေးတည်းတည်ရှိနေတဲ့အချက်တွေကြောင့် ပုဂံက ကမ္ဘာ့အမွေ အနှစ်ဝင်ဖို့ အလားအလာအတော်ကို ကောင်းနေပါတယ် ”ဟု ပြောသည်။ 

 

ဆက်လက်၍ ၎င်းက  “ပုဂံဒေသက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားရင် ကမ္ဘာ့ရဲ့အမြင့်ဆုံး ကာကွယ်စောင့်ရှောက်ထိန်းသိမ်းမှုကိုရမယ်၊ ဥပမာပြောရမယ်ဆိုရင် နိုင်ငံတကာ စစ်ပွဲဖြစ်ရင်တောင်မှ ဒီလိုကမ္ဘာ့အမွေအနှစ်ဒေသတွေမှာ စစ်ဖြစ်ခွင့်မရှိဘူး ဆိုတော့ အဲဒီလောက်ထိ ကာကွယ်ပေးထားတယ်၊ ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်တွေကို ထိန်းသိမ်းတဲ့နေရာမှာလည်း နိုင်ငံတကာစံနှုန်းတွေနဲ့အညီ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် နည်းပညာအကူအညီတွေလည်းရနိုင်တယ်၊ နိုင်ငံတကာတက္ကသိုလ်တွေ၊ သုတေသနဌာနတွေကလည်း ပုဂံဒေသနဲ့ ပတ်သက်ပြီး တော့ သုတေသနတွေပိုပြီးလုပ်လို့ရတယ် ’’ ဟု ပြောသည်။

 

မြန်မာနိုင်ငံတွင် (UNESCO)ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၁၄ ခုနှစ်တွင် ပျူမြို့ဟောင်း ၃ခု ရရှိခဲ့ကြောင်း၊  ပုဂံဒေသကို (UNESCO) ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ခွင့်ရသွားပါက ၂၀၂၀ခုနှစ်တွင် မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း (UNESCO) ဝင်ရန် တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယနေ့ကျင်းပသည့် ပုဂံဒေသကို မြန်မာ့အမွေအနှစ်မှ (UNESCO) ကမ္ဘာ့အမွေ အနှစ်စာရင်း (၂၀၁၉) ဝင်ရောက်ရေး ကြိုဆိုပွဲနှင့် ပုဂံဒေသဆိုင်ရာ သိမှတ်ဖွယ်ရာများ ဆွေးနွေးပွဲတွင် စီမံခန့်ခွဲမှုကျွမ်းကျင်ပညာရှင် Mr. Kai Weise၊ အမွေအနှစ် ထိန်းသိမ်းရေးပညာရှင် ဒေါ်ဥမ္မာမျိုး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ နှလုံးသားထဲက ပုဂံအဖွဲ့မှ ဦးမျိုးဆွေသန်းနှင့် မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်းမှ အတွင်းရေးမှူး ဦးသူရအောင် တို့က ပုဂံဒေသနှင့်ပတ်သက်ပြီး အသီးသီးဆွေးနွေး သွားကြောင်း သိရသည်။

 

(သတင်း-မင်းသစ်၊သန့်ဇင်ဝင်း/ဓာတ်ပုံ-ဖိုးသန့်)

 

B-1.j