ပျူလက်ရာဟန် ပုဂံစေတီများ

မောင်သာ(ရှေးဟောင်းသုတေသန)

 

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက်စ်ကို)က ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့သည့် ပုဂံယဉ်ကျေးမှုနယ်မြေတွင် ယခုတိုင်ကျန် ရှိနေသည့် စေတီပုထိုးများသည် မြန်မာနိုင်ငံ၏ အမှတ်လက္ခဏာအဖြစ် ထင်ရှားလျက်ရှိနေသည်။ ထို့ကြောင့် ပုဂံသည် ပြည်တွင်းပြည်ပ ခရီးသွားများ အမြဲသွားရောက် လည်ပတ်လေ့ရှိသည့် ခရီးသွားနယ်မြေတစ်ခု ဖြစ်သကဲ့သို့ ပြည်တွင်းပြည်ပ သုတေသီများ သုတေသနပြုကြသည့် ဒေသတစ်ခုလည်း ဖြစ်ပေသည်။

 

“လှည်းဝင်ရိုးသံ၊ တညံညံ၊ ပုဂံဘုရားပေါင်း”ဟူသည့် အဆိုအရ ပုဂံနယ်မြေအတွင်း၌ စေတီပုထိုး ၄၄၄၆ဆူ ရှိကြောင်း မှတ်သားခဲ့ကြသည်။

 

သို့သော် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ကောက်ယူခဲ့သော စာရင်းများအရ ပုဂံစေတီပုထိုးများ အရေအတွက်သည် ၂၂၁၇ ဆူဖြစ်ပြီး “ကျောင်းကြီးအုတ်နီ၊ ကိန်းနှင့်ညီ၊ စေတီဂူဘုရား”ဟု မှတ်သားခဲ့သည်။ ၁၉၈၂ ခုနှစ်မှ ၁၉၉၁ ခုနှစ်အတွင်း ယူနက်စ်ကိုအဖွဲ့၏ အကူအညီဖြင့် ပြင်သစ်လူမျိုး ဗိသုကာပညာရှင် Pierre Pichard ကောက်ယူခဲ့သည့် ပုဂံစေတီပုထိုးများ စာရင်းတွင် ၂၈၃၄ ဆူပါရှိသည်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်တွင် ပုဂံဒေသ၌ ငလျင်လှုပ်ပြီးနောက် ပုဂံရှိစေတီပုထိုးများနှင့် ရှေးဟောင်းအဆောက်အအုံများ စာရင်းကို ပြန်လည်ကောက်ယူခဲ့ရာ ၁၉၉၇-၁၉၉၈ ခုနှစ်က ပြန်လည်တည်ဆောက်ခဲ့သည့် ကုန်းများနှင့် မတူးဖော်ရသေးသည့် ကုန်းများအပါအဝင် ၃၁၂၂ ခု ရှိရာ စေတီနှင့်ဂူဘုရား ၁၇၄၅ ဆူ၊ အုတ်ကျောင်း ၄၃၁ ကျောင်း၊ ဥမင်နှင့်သိမ် အဆောက်အအုံ ၅၄ ခုနှင့် အုတ်ကုန်း ၈၉၂ ကုန်းဖြစ်သည်။

 

ပုဂံရှိစေတီပုထိုးများကို အကြမ်းအားဖြင့် ၁၁ ရာစုမတိုင်မီ ပုဂံခေတ်ဦး လက်ရာ၊ ၁၁ ရာစု လက်ရာ၊ ၁၂ ရာစု လက်ရာနှင့် ပုဂံနှောင်းပိုင်း ၁၃ ရာစု လက်ရာဟု ပိုင်းခြားနိုင်သည်။

 

သမိုင်းထဲမှ ပုဂံ

 

ပုဂံသမိုင်းသည် ဒဏ္ဍာရီများ၊ ပါးစပ်ရာဇဝင်များနှင့် ရောထွေးနေသဖြင့် ဆရာကြီး ဦးဖေမောင်တင်က “ပုဂံရာဇဝင်အကြောင်းပြောလျှင် တုတ်ထမ်းပြီးပြောရမည်ဟု ဆိုကြ၏။ အငြင်းအခုန်ဖြစ်ကြပြီး ရိုက်ကြ၊ ပုတ်ကြတတ်သည်ဟု ဆိုလိုသည်” ဟု ရေးသားခဲ့သည်။

 

ပညာရှင်များက ပုဂံခေတ်ကို သုံးပိုင်းပိုင်းကာ ပုဂံတည်ထောင်ချိန်မှ ခရစ်နှစ် ၁၁ ရာစုအထိကို ပုဂံ ခေတ်ဦး၊ ခရစ်နှစ် ၁၁ ရာစုမှ ၁၂ ရာစု အထိကို ပုဂံခေတ်လယ်၊ ခရစ်နှစ် ၁၂ ရာစုမှ ၁၃ ရာစုအထိကို ပုဂံခေတ်နှောင်းဟု သတ်မှတ်ခဲ့ကြသည်။

 

အစဉ်အဆက် လက်ခံခဲ့ကြသည့် စကားများအရ ခရစ်နှစ် ၁၀၇ ခုနှစ်တွင် သမုဒ္ဒရာဇ်မင်းသည် ယုန်လွှတ်ကျွန်းအရပ်၌ ရွာ ၁၉ ရွာကို စုစည်း၍ ပထမ ပုဂံကို ထူထောင်ခဲ့သည်ဟု ဆိုသည်။ ရာဇဝံသဇာလိနီကျမ်းအလိုအရ ယုန်လွှတ်ကျွန်းသည် ဧရာဝတီမြစ်မှ ခြောက်မိုင်၊ တုရင်တောင်မှ အရှေ့ဘက်သို့ တစ်မိုင်အကွာတွင်ရှိသည်။ ယခုပုဂံတည်ရှိသည့် နေရာတွင် သမုဒ္ဒရာဇ်မင်းက မြို့တည်ခဲ့ပြီး သိုက်ထိုင်မင်းက သီရိပစ္စယာမြို့ကိုစွန့်၍ သမထီးအရပ်တွင် တမ္ပဝတီအမည်ဖြင့် မြို့တည်ခဲ့ကြောင်း မှန်နန်းရာဇဝင်တွင် ဖော်ပြထားသည်။

 

ပုဂံ ၁၉ ရွာကို သမိုင်းပညာရှင်များ ဖြစ်ကြသည့် ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) နှင့် တမ္ပဝတီ ဦးဝင်းမောင်တို့က သုတေသနပြု ရှာဖွေခဲ့ရာ မူလအမည်အတိုင်း ရှိနေသည့် ရွာငါးရွာနှင့် အမည်အနည်းငယ် ကွဲလွဲနေသည့် ရွာငါးရွာအပါအဝင် နေရာသိပြီး ရွာ ၁၆ ရွာကိုဖော်ထုတ်နိုင်ခဲ့သည်။ ပုဂံ ၁၉ ရွာသည် သမုဒ္ဒရာဇ်မင်း ပုဂံကို မတည်မီကပင်ရှိခဲ့ကြောင်းနှင့် ရွာ ၁၅ ရွာတွင် ယနေ့တိုင်လူများ နေထိုင်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနပညာရှင် ဆရာမင်းဘူးအောင်ကြိုင်က ရေးသားခဲ့သည်။

 

ပုဂံနေပြည်တော်

 

ပုဂံသည် ရွာမှမြို့၊ မြို့မှ မင်းနေပြည်တော် ဖြစ်လာခဲ့ကြောင်း ယူဆရသည့်အပြင် မြို့အမည်သည် ပျူအမည်ဖြစ်နိုင်ကြောင်း သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းက သုံးသပ်ခဲ့ကာပုဂံကို ပျူများ တည်ခဲ့သည်ဆိုလျှင် ခရစ်နှစ် ၈၄၉ ခုနှစ်ထက် များစွာစောနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းခဲ့သည်။

 

ဦးကုလားမဟာရာဇဝင်ကြီး၊ မှန်နန်းမဟာရာဇဝင် စသည့် မြန်မာရာဇဝင်ကျမ်းများတွင် သရေခေတ္တရာ ပျက်ပြီးနောက် သရေခေတ္တရာမှ ပျူများသည် တောင်ညို။ ပန်းတောင်းသက်သာ၊ မင်းတုန်းတို့မှ ယုန်လွှတ်ကျွန်းသို့ အဆင့်ဆင့်ပြောင်းရွှေ့လာပြီး ပုဂံကိုတည်ထောင်ခဲ့ကြောင်း ရေးသားကြသဖြင့် သုတေသီများက ပုဂံဟူသည့် အမည်သည် ပျူဂါမ မှ ပုဂါမ၊ ပုဂါမ်၊ ပုဂံသို့ပြောင်း လဲခဲ့ကြောင်း ဖော်ပြလေ့ရှိကြသည်။

 

ဒေါက်တာသန်းထွန်းကအနော်ရထာအုပ်စိုးခဲ့သည့် ပိုင်နက်နယ်မြေသည် တမ္ပဒီပဖြစ်ပြီး မြစ်သာ ၁၁ ခရိုင်နှင့် မင်းဘူး ခြောက်ခရိုင်ပါဝင်ကြောင်း ရေးသားခဲ့သည်။ အနော်ရထာ၏ ပုဂံအင်ပါယာ တမ္ပဒီပသည် တောင်ဘက်တွင် တောင်တွင်း၊ ဧရာဝတီမြစ်ကြောင်းတွင် မိကျောင်းရဲအောက်ဘက် ပြည်တော်သာကျွန်းအထိ၊ မြောက်ဘက်တွင် ဧရာဝတီနှင့် မြစ်ငယ်မြစ်တို့ ဆုံစည်းသည့် တောင်ပြုံးခရိုင်အထိဖြစ်သည်။ ပြည်တော်သာကျွန်းသည် မိချောင်းရဲမှ အောက်ဘက်သို့ လေးမိုင်ကွာဝေးသည့် ကျွန်းရှည်ကြီးဖြစ်ကာ စောလူးမင်း အရေးနိမ့်ခဲ့သည့် နေရာဟု ယူဆဖွယ်ရှိသည်။ ဇမ္ဗူဒီပဥဆောင်ကျမ်းတွင် တမ္ပဒီပနယ်ကို ဧရာဝတီမြစ်၏အရှေ့ ဘက်နှင့်တောင်ဘက် ဟု ဖော်ပြထားသည်။

 

အနော်ရထာနန်းစိုက်ခဲ့သည့် ပုဂံမြို့တော်သည် စွယ်တော်စေတီလေးဆူ တည်ထားသည့် ဧရိယာအတွင်း၌ တည်ရှိခဲ့သည်။ ရွှေစည်းခုံစေတီတော် တည်ထားသည့် ယခုညောင်ဦးမြို့ အနောက်ဘက်၊ လောကနန္ဒာစေတီ တည်ထားသည့် သီရိပစ္စယာရွာ၊ ဧရာဝတီမြစ်တစ်ဖက်ကမ်း တန့်ကြည့်တောင်နှင့် ပုဂံမှအရှေ့ဘက်သို့ ခြောက်မိုင်ကွာဝေးသည့် တုရင်တောင်တို့သည် ပုဂံ၏ နယ်နိမိတ် အစွန်းများဖြစ်ခဲ့ကြသည်။

 

ပုဂံခေတ်ဦး စေတီပုထိုးများ

 

ပုဂံခေတ်ဦးပိုင်း စေတီများကို ပုဂံခေတ်၏ ရှေ့ပြေးဗိသုကာလက်ရာများ ဖြစ်သည့် သရေခေတ္တရာမြို့ ဘောဘောကြီး၊ ဘုရားမာ၊ ဘုရားကြီး တို့ကဲ့သို့ ပြောင်းတိုင်ပုံ၊ ထုလုံးရှည်ပုံ၊ တောင်ပုံများကို အခြေတည်လျက် ပုံစံအနည်းငယ် ပြေင်းလဲပြီး တည်ဆောက်ခဲ့ကြသည်။ သရေခေတ္တရာဘောဘောကြီးစေတီနှင့် အနီးစပ်ဆုံးတူသည့် ပုဂံစေတီသည် ငကျွဲနားတောင်းဖြစ်သည်။

 

ပျူခေတ်လက်ရာ ဘောဘောကြီးစေတီကို ပစ္စယာငါးဆင့်ပေါ်၌ ပြောင်းတိုင်ပုံ တည်ဆောက်၍ အပေါ်ပိုင်းတွင် အမိုးကိုလျှော၍ ကန်တော့ပုံအထွတ်တင်ခဲ့သည်။ ဘောဘောကြီးတွင် မျက်မှောက်ခေတ် စေတီများကဲ့သို့ ငှက်ပျောဖူး၊ ကြာလန်ကြာမှောက်၊ ဖောင်းရစ်၊ သပိတ်မှောက် စသည်တို့ မပါရှိသကဲ့သို့ ထီးတင်ထားခြင်းလည်း မရှိဘဲ စေတီ၏ ကြီးမားသည့် လုံးတော်ကို ဦးစားပေး တည်ဆောက်ခဲ့သည်။

 

ဘောဘောကြီးနှင့် ပုံစံတူ တည်ဆောက်ခဲ့သည့် ငကျွဲနားတောင်း စေတီ (ပုဂံဘုရားအမှတ် ၁၆၀၃) ကိုယ်ထည်တွင် စဉ့်ရည်သုတ်ထားသည့် အုတ်များကို အသုံးပြုခဲ့ကာ ပညာရှင်အချို့က ငကျွဲနားတောင်းကို ၁၁ ရာစု လက်ရာဟု ယူဆကြသည်။

 

ထို့အတူ ပုဂံမြို့သစ် ရဲစခန်းအနီးတွင်ရှိသည့် လေးဆူတန်းစေတီများသည် ပျူလက်ရာဟန် စေတီတော်များနှင့် ဆင်တူကြသည်။ သို့သော် ပျူစေတီများကဲ့သို့ အထက်သို့ တစ်ဖြောင့်တည်း တက်မသွားဘဲ စေတီတော် ပစ္စယာ၌ စိန်ပန်းများနှင့် ကိုယ်လုံးတော်အောက်ခြေ၌ အင်္ဂတေကြာပန်းကွက်များ တန်ဆာဆင်ထားသည်။

 

ပုဂံခေတ်ဦးပိုင်း စေတီတစ်ဆူဖြစ်သည့် ဗူးဘုရားသည် ၁၉၇၅ ခုနှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ဧရာဝတီမြစ်အတွင်းသို့ ကျသွားခဲ့သည်။ မူလ ဗူးဘုရားတွင် ပစ္စယာတစ်ဆင့်ခံပြီး ဖောင်းရစ်များ မပါရှိသည့် ကိုယ်လုံးတော် အထက်တွင် ခရေသီးကို အထွတ်တင်ခဲ့သည်။ အေဒီသုံးရာစုတွင် ပျူစောထီးမင်း တည်ထားခဲ့သည်ဟု ယူဆကြသည့် ဗူးဘုရားသည် ပျူခေတ် လက်ရာစေတီများကဲ့သို့ပင် အဆင်တန်ဆာများ မပါရှိချေ။

 

ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် ဗူးဘုရားကိုပြန်လည် တည်ဆောက်ရန် အောက်ခြေအုတ်မြစ်ကို တူးဖော်ခဲ့စဉ်က အနက် ၁၆ ပေတွင် မဟာယာနဗုဒ္ဓဘာသာ ဘုရားလောင်း အဝလောကိတေသွာရ ရုပ်တုများ၊ လက်နှစ်ဖက် ဖြန့်ထားသည့် ရုပ်ပွားဆင်းတု အုတ်ခွက်များကို တွေ့ရှိခဲ့သည်။ အုတ်ခွက်နှင့် နတ်ရုပ်များသည် ပျူခေတ်လက်ရာများဖြစ်ကြသည်။

 

၁၁ ရာစုမတိုင်မီ အစောပိုင်းတွင် တည်ဆောက်ခဲ့သည့် ပုဂံစေတီများသည် အဝိုင်းပုံပန္နက်အပေါ်၌ ပစ္စယာခံ၍ တည်ထားသည့် သပိတ်မှောက်ပုံ လုံးတော်များ ဖြစ်ကြသည်။ ယင်းစေတီများသည် ဖောင်းရစ်အပါအဝင် မွမ်းမံမှုများ နည်းပါးကာ ရိုးရှင်းစွာ တည်ဆောက်ခဲ့သည့် ပုံစံများဖြစ်ကြသည်။

 

ပျူဟန် စေတီများ

 

ပုဂံယဉ်ကျေးမှု နယ်မြေအတွင်း၌ စေတီပုထိုးများတွင် ပျူခေတ်လက်ရာ ၁၂ ဆူကို မြင်တွေ့ကြရသည်။ ယင်းတို့သည် ညောင်ဦးမြို့၊ ရွှေစည်းခုံစေတီ ရွှေစည်းခုံစေတီတော် အရှေ့ဘက်ရှိ သိုးခမောက်စေတီ (ပုဂံဘုရား အမှတ် ၃၄)၊ ဝက်ကြီးအင်း ရွှေချောင်း အနောက်ဘက်ကမ်းရှိ ပုဂံဘုရားအမှတ် (၂၈၀) (ယင်းစေတီတွင် ပျူစာများ ရေးထားသည့် အုတ်များနှင့် လက်စင်းရာ ပါရှိသည့် အုတ်ချပ်များရှိသည်)၊ ဝက်ကြီးအင်း လေးမျက်နှာဘုရား၏ အနောက်မြောက် ဘက်ရှိ ဆုတောင်းပြည့်စေတီ (ပုဂံဘုရား အမှတ် ၂၈၉)၊ သီရိပစ္စယာ၊ ပုဂံမြို့သစ်ရှိ စေတီ လေးဆူတန်း (ပုဂံဘုရားအမှတ် ၁၀၃၈၊ ၁၀၃၉၊ ၁၀၄၀၊ ၁၀၄၁)၊ သီရိပစ္စယာ မြောက်ပိုင်းရှိ ပုဂံဘုရားအမှတ် (၁၀၆၄)၊ စိမ်းညက်ညီအစ်မဘုရားစုမှ ပုဂံဘုရားအမှတ် (၁၀၇၅)၊ မြင်းကပါ တောင်ပိုင်း၊ စိုးမင်းကြီးဘုရား၏ အနောက်တောင်ဘက်ရှိ ကျောက်မျက်မော် နှစ်ထပ်စေတီ၏ အတွင်းစေတီ (ပုဂံဘုရားအမှတ် ၁၁၅၈)၊ သဗ္ဗညုစေတီ အနောက်ဘက်ရှိ ငကျွဲနားတောင်း စေတီ (ပုဂံဘုရားအမှတ် ၁၆၀၃)၊ သဗ္ဗညုစေတီ အနောက်ဘက်တွင်ရှိပြီး ၁၉၅၀ ပြည့်နှစ်ဝန်းကျင်တွင် ပြိုကျခဲ့သည့် ပုဂံဘုရားအမှတ် (၁၆၀၆)၊ ကန်တော့ပလ္လင်စေတီ၏ အရှေ့ တောင်ဘက်ရှိ ပေါက်ပင်ရာစေတီ (ပုဂံဘုရား အမှတ် -၁၆၁၄)၊ ကန်တော့ပလ္လင်စေတီ၏ အနောက် မြောက်ဘက်၊ ဧရာဝတီ မြစ်ကမ်း အနီးရှိ ပုဂံဘုရားအမှတ် (၁၆၃၁ နှင့် ၁၇၃၂) နှင့် ဗူးဘုရား (ပုဂံဘုရား အမှတ် ၁၆၅၇) တို့ဖြစ်ကြသည်။

 

ယင်းတို့အနက် အမှတ်(၂၈၉)၊ (၁၁၅၈)နှင့် (၁၆၀၃) တို့သည် ပျူစေတီများကို ငုံ၍ တည်ခဲ့သော ပုဂံစေတီများဖြစ်ကြရာ အမှတ် (၂၈၉) ကို ၁၉၈၁ ခုနှစ် တွင်ပြန်လည် ပြုပြင်ခဲ့ရာ အတွင်းစေတီသည် ပျူ လက်ရာဟန်ဖြစ်၍ အပေါ်ယံစေတီသည် ပုဂံခေတ် ဟန်ဖြစ်ပြီး ၁၃ ရာစုတွင် တည်ဆောက်ခဲ့ကြောင်း ပညာရှင်များက ခန့်မှန်းခဲ့သည်။

 

ထို့အတူ ကျောက်မျက်မော် နှစ်ထပ်စေတီ (ပုဂံဘုရားအမှတ် ၁၁၅၈) သည် ၁၉၇၅ ခုနှစ်က လှုပ်ခဲ့သည့် ငလျင်ကြောင့် အပြင်စေတီ တစ်ခြမ်းပဲ့ကျခဲ့သဖြင့် အတွင်းရှိ ပျူဟန် စေတီပေါ်လာခဲ့သည်။ အပေါ်ယံစေတီသည် လောကနန္ဒာ ဘုရားကဲ့သို့ ခေါင်းလောင်းရှည်ပုံပေါက်ထားသည့် ပုဂံခေတ် လက်ရာစေတီဖြစ်ကာ အတွင်းစေတီနှင့် အပြင်စေတီအကြား၌ အုတ်ထောက်များ ထောက်ထားခဲ့ဟန်ရှိပြီး ၁၂ ရာစုနှင့် ၁၃ ရာစု အကြားတွင် တည်ဆောက်ခဲ့ကြောင်း ပညာရှင်များက ခန့်မှန်းခဲ့သည်။

 

လက်ရှိမြင်တွေ့နေကြရသည့် စဉ့်အုတ်များဖြင့် တည်ထားသည့် ကျွဲနားတောင်းစေတီသည်လည်း အတွင်းစေတီဖြစ်ကာ အပြင်စေတီသည် အောက်ပိုင်း၌သာ ကျန်ရှိခဲ့ပြီဖြစ်ပြီး ၁၁ ရာစုလက်ရာ၊ စဉ့်သုတ် ပျူစေတီအဖြစ် စာရင်းသွင်းခဲ့သည်။

 

ပျူဟန် ခေါင်းလောင်းပုံစေတီများ

 

ပျူဟန်စစ်စစ် စေတီများကို ရှည်လျားသော ကိုယ်လုံးအား ပြောင်းတိုင်ကဲ့သို့ တစ်ဖြောင့်တည်းဖြစ်စေ၊ သို့မဟုတ် အောက်ခြေကား၍ အထက်သို့ ရှူးဖြစ်စေ တည်ထားခဲ့ကြသည်။ ကိုယ်လုံးရှည်ကာ ခေါင်းလောင်းပုံ အနားကော့သည့် စေတီများသည် ပျူခေတ်နှင့် ပုဂံခေတ်ကြားကာလ လက်ရာများ ဖြစ်ပြီး ပုဂံခေတ်လက်ရာ စေတီများတွင် ခေါင်းလောင်းပုံက ရှည်လျားခြင်း မရှိတော့ချေ။

 

ပျူနှင့် ပုဂံအကူးအပြောင်းကာလတွင် တည်ဆောက်ခဲ့သည်ဟု ယူဆကြသည့် လောကနန္ဒာစေတီသည် အနော်ရထာမင်း တည်ခဲ့သည့် တတိယမြောက် စွယ်တော်စေတီဖြစ်ကာ သရေခေတ္တရာရှိ ဘောဘောကြီး စေတီတော်ပုံကို မူဟန်များဆန်းသစ်လျက် ဖောင်းရစ်များတွင် ဆက္ကဝလိထီးဆင့်များကို ခုံးလျှာတစ်လှည့်၊ အဖောင်းတစ်လှည့် ပြုလုပ်ခဲ့သည်။ စေတီတော် အောက်ခံ ပန္နက်သည် ရှစ်မြှောင့်ဖြစ်၍ ရှည်မျောမျော ခေါင်းလောင်းကိုယ်ထည် အလယ်၌ ခါးပတ်ဖောင်းလိုင်းနှင့် ဖောင်းရစ်များကို ထည့်သွင်းကာ ကြာလှန် ကြာမှောက်နှင့် ခရေသီးတို့ကိုလည်း အချိုးကျန ပြေပြစ်စွာပြုလုပ်ခဲ့သည်။

 

အေဒီ ၁၁ ရာစု အစောပိုင်းလက်ရာ ပုဂံစေတီများသည် အောက်ခြေပစ္စယာကို နှိမ့်၍ ရှစ်မြှောင့် ပစ္စယာအထက်၌ တည်ထားသည့် ရှည်မျောမျော ခေါင်းလောင်းပုံများ ဖြစ်ကြသည်။ ခေါင်းလောင်းခါးလယ်၌ ဖောင်းလိုင်းထည့်ခြင်း၊ ဖောင်းရစ်များ ထည့်သွင်းခြင်း၊ ကြာလှန်ကြာမှောက်နှင့် ခရေသီးများကို အချိုးကျစွာ ထည့်သွင်းလာခြင်းတို့သည် အေဒီ ၁၁ ရာစု လက်ရာ ပုဂံစေတီများ၏ ဟန်များဖြစ်ကြသည်။ ဂူပြောက်ကြီးတောင်ဘက်ရှိ မြင်းကပါစေတီ (ပုဂံ ဘုရား အမှတ် ၁၃၂၈) နှင့် ဓမ္မရံကြီးစေတီတော်၏ မြောက်ဘက်ရှိ အင်းဘုရား (ပုဂံဘုရားအမှတ် ၇၇၂) တို့သည်လည်း အေဒီ ၁၁ ရာစုလက်ရာ ပြောင်းတိုင်ပုံ များဖြစ်ကြသည်။ (အင်းဘုရားကို ယူနက်စ်ကို ပညာရှင်က အေဒီ ၁၂ ရာစု လက်ရာဟု ဖော်ပြခဲ့သည်။)

 

ပျူဟန် ဂူဘုရားများ

 

ပုဂံဒေသ၌ လိုဏ်ပြုသည့် ဂူဘုရားများကို အများအပြား တွေ့ရှိနိုင်ပြီး သရေခေတ္တရာရှိ ဘဲဘဲဂူ၊ ရဟန္တာဂူ၊ အရှေ့ဈေးဂူ စသည့် ဂူဘုရားများသည် ပုဂံဂူဘုရားများ၏ ရှေ့ပြေးဗိသုကာ လက်ရာများဖြစ်ကြသည်။ ပျူဟန် ဂူဘုရားများသည် သေးငယ်ကြသော်လည်း ၁၁ ရာစုတွင် ကြီးမားသော ပုဂံ ဂူဘုရားများဖြစ်ကြသည့် အာနန္ဒာ၊ ပုထိုးသားများ၊ အပယ်ရတနာ၊ နဂါးရုံ၊ မြင်းကပါ ဂူပြောက်ကြီး တို့ကိုတည်ဆောက်ခဲ့သည်။ အချို့တစ်ထပ်လိုဏ် ဘုရားများ၏ ပစ္စယာဆင့်များ အထက်တွင် ကွမ်းတောင်နှင့် အထွတ်စေတီများတင်၍ အချို့တွင် စေတီပေါက်ခဲ့ကြသည်။ ဂူဘုရားများသည် အများအားဖြင့် ဝင်ပေါက်တစ်ပေါက်သာ ပါရှိပြီး အလယ်မဏ္ဍိုင်တွင်ရှိသည့် ဂန္ဓကုဋိတိုက်၌ အတွင်းပတ်လမ်းကို ထည့်သွင်းတည်ဆောက်ခဲ့ကြသည်။

 

၁၂ ရာစုတွင် ဂူဘုရားများဖြစ်ကြသည့် သဗ္ဗညု၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ လောကထိပ်ပန်၊ စိမ်းညက်ညီအစ်မ၊ ခေမင်္ဂ၊ မြေဘုံသာ စသည်တို့ကို တည်ဆောက်ခဲ့ကာ ဂူအတွင်း၌ အလင်းရောင် ပိုမိုရရှိစေရန် ဆောင်ရွက်နိုင်ခဲ့သည်။ လောကထိပ်ပန်ကဲ့သို့ လိုဏ်ဘုရားအငယ်များတွင် အလယ်မဏ္ဍိုင်ထည့်သွင်း ခြင်းမပြုဘဲ တိုက်မကို ဂန္ဓကုဋိ အဖြစ် ဖွဲ့စည်းခဲ့သည်။

 

စိမ်းညက်ညီအစ်မဂူဘုရား၏ လေးထောင့်ပုံ ပန္နက်ခုံကို မြေပြင်မှ သုံးပေကျော်မြှင့်ကာ ပန္နက်ပေါ်တွင် မုခ်ပေါက် လေးဖက်ပွင့်ဆောက်လုပ်ထားသည်။ ဂူဘုရားကို အလယ်၌ မဏ္ဍိုင်ခံ၍ စင်္ကြံပတ်လမ်း ပြုလုပ်ကာ ပတ်လမ်း မုခ်ခုံးနံရံများနှင့် အာရုံခံ မုခ်များအတွင်း၌ ကနုတ်ပန်းများကို တွေ့ရှိရသည်။ စိမ်းညက်ဂူသည် အောက်ခြေ၌ လေးထောင့်ပစ္စယံသုံးဆင့် ခံထားပြီး ထောင့်လေးထောင့်ကို အခြေခံ၍ ဂူအထွတ် တင်ခဲ့သည်။ ကွမ်းတောင်ပေါက်လိုဏ် တစ်ထပ်ဂူဘုရားတစ်ဆူဖြစ်သည့် စိမ်းညက်ဂူဘုရား ပစ္စယာအဆင့်သုံးဆင့်၏ထောင့်လေးထောင့်၌ သီဟိုဠ်ပုံစံ ထောင့်စိုက်စေတီငယ်များ စိုက်ထူထားသည်။ ဂူအပြင်ဘက်မျက်နှာကို အင်္ဂတေ ပန်းတော့လက်ရာ ဘီလူးပန်းဆွဲများဖြင့် တန်ဆာဆင်ထားသည်။ ယင်းဂူဘုရားကို စိမ်းညက်မိဖုရားက ၁၂ ရာစု၌ တည်ခဲ့သည်ဟု ယူဆကြပြီး ဗိသုကာ ပုံစံလက်ရာကို ထောက်ဆ၌ ၁၃ ရာစု မြန်မာ့ဗိသုကာ လက်ရာဖြစ်ကြောင်း သမိုင်းဝင် ပုဂံစေတီပုထိုးများ စာအုပ် တွင် ဖော်ပြထားသည်။

 

၁၁ ရာစုဂူဘုရားများသည် အတွင်းသို့ အလင်းရောင်ဝင်ရောက်မှု အားနည်းခဲ့ကာ ၁၂ ရာစု ဂူဘုရားများတွင်လည်း ခေတ်ဦးပိုင်း၌ မုခ်ပေါက်တစ်ပေါက်သာ ထားရှိခဲ့သည်။ သို့သော် ၁၂ ရာစု နှောင်းပိုင်းတွင် ဂူဘုရားများတွင် ဘေးပေါက်များ ဖောက်၍ လိုဏ်အတွင်း အလင်းရောင်ပိုမိုရရှိစေရန်နှင့် လေဝင်လေထွက် ကောင်းမွန်စေရန် ပြတင်းပေါက်များအား ဟင်းလင်းပေါက်များအဖြစ် ပြုလုပ်ခဲ့သည်။ တိုက်မတွင် အလယ်မဏ္ဍိုင်မတည့်တော့ဘဲ ဂန္ဓကုဋိအဖြစ် ဖွဲ့စည်းခဲ့ပြီး ၁၃ ရာစုတွင် လိုဏ်ဘုရားများကို သုံးထပ်အထိ ဆောက်လုပ်ခဲ့ကြသည်။ ထို့အတူ ၁၃ ရာစုတွင် လေးမျက်နှာနှင့် ငါးမျက်နှာ ဂူဘုရားများ၊ ဝက်ကြီး အင်းဂူပြောက်ကြီး ကဲ့သို့သော ဗုဒ္ဓဂယာမှ မဟာဗောဓိပုံ နှစ်ထပ်ဂူဘုရားများကို တည်ဆောက်ခဲ့ကြသည်။

 

စေတီပုထိုးများ အရေအတွက် ထောင်နှင့်ချီရှိနေသော်လည်း ပုဂံစေတီ ပုထိုးများသည် တစ်ဆူနှင့် တစ်ဆူတူညီခြင်း မရှိကြဘဲ အခြေခံတည်ဆောက် ပုံစနစ်မှလွဲ၍ ဗိသုကာ ဟန်များ ကွဲပြားကြပေသည်။ ခေတ်အလိုက် တည်ဆောက်ပုံများ ကွဲပြားခဲ့သည့် ပုဂံစေတီ ပုထိုးများသည် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် ထင်ရှားခဲ့ကာ၂၀၁၉ ခုနှစ် ဇွန်လတွင် အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပခဲ့သည့် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးက ကမ္ဘာ့အမွေအနှစ် (World Heritage) အဖြစ် သတ်မှတ်ခဲ့ပေသည်။