ရာသီတုပ်ကွေးအများဆုံးဖြစ်ပွားရာ မြို့နယ်သုံးခုကို အထူးစောင့်ကြည့်ကုသလျက်ရှိ

ရန်ကုန် ၁၅  ဇူလိုင် 
     

၂၀ဝ၉ ခုနှစ်တွင် H1N1 ရောဂါကို မက္ကစီကိုနိုင်ငံတွင် စတင်တွေ့ရှိခဲ့ပြီးနောက် (၂၀၁၀) ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အရေးပေါ်အခြေအနေမဟုတ်ဘဲ ပုံမှန်ရာသီတွင်ဖြစ်ပေါ်လေ့ရှိသော ရာသီတုပ်ကွေးအဖြစ် သတ်မှတ်ခဲ့ရာ မြန်မာနိုင်ငံ၌ ယခုနှစ်မိုးရာသီတွင် ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုရှိခဲ့၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်း H1N1 ဖြစ်ပွားသော မြို့နယ်(၄၀)တွင် မြို့နယ်သုံး မြို့နယ်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
     

“ရာသီတုပ်ကွေးက အသက်ရှူလမ်းကြောင်းကနေ ကူးစက်တာပါ။ ရောဂါပိုးရှိသူထံက ထွက်တဲ့ အမှုန်အမွှားတွေကို ရှူမိသည်ဖြစ်စေ၊ ထိတွေ့မိသည်ဖြစ်စေ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်မှ ကူးစက်မှုမြန်တဲ့ရောဂါဖြစ်တာကြောင့် တိကျတဲ့ ထိန်းချုပ်မှုရပြီလားဆိုရင် မလွယ်ကူသေးပါဘူး။ ဒါပေမယ့် ဆောင်ရွက်ရမယ့်အပိုင်းနဲ့ ကုသရမယ့်အပိုင်းကို အထူးကြပ်မတ်ဆောင်ရွက်နေပါတယ်။ ရာသီတုပ်ကွေးဟာ ရန်ကုန်တိုင်းဒေသကြီးမှာ အများဆုံးဖြစ်ပွားပြီးတော့ အများဆုံးဖြစ်ပွားတဲ့ မြို့နယ်သုံးခုကို အထူး ကြပ်မတ်ဆောင်ရွက်နေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာရဲလင်းနိုင်က ပြောသည်။
     

H1N1 ရာသီတုပ်ကွေး ရောဂါဖြစ်ပွားမှုများသော ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း(၄၅) မြို့နယ်၌ မြို့နယ်ပေါင်း(၄၀)တွင် ဖြစ်ပွားလျက်ရှိပြီး လှိုင်သာယာမြို့နယ်၊  သင်္ဃန်းကျွန်းမြို့နယ်နှင့် ဒဂုံတောင်မြို့နယ်တို့တွင် အများဆုံးဖြစ်ပွားခဲ့ပြီး (၂၀၁၉)ခုနှစ်၊ ဇူလိုင်(၁၅)ရက် မွန်းလွဲ(၃)နာရီထိ H1N1 ရာသီတုပ်ကွေးရောဂါ သံသယလူနာ(၃၄၇)ဦးနှင့် ရောဂါရှိသူ(၁၄၇)ဦးရှိရာ သေဆုံးသူ(၄၃)ဦး ရန်ကုန်တိုင်းဒေသကြီးတွင်ရှိခဲ့ကြောင်း၊ သေဆုံးသူတို့မှာ ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးမှုရှိသကဲ့သို့ ကုသမှုခံယူနေချိန် ကိုယ်ခံစွမ်းအားနည်းစေသော နာတာရှည်အဆုတ်ရောဂါ၊ နှလုံးရောဂါတို့ကြောင့်လည်း သေဆုံးခြင်းရှိခဲ့ကြောင်း သိရသည်။
     

ယမန်နှစ်မိုးရာသီက ရာသီတုပ်ကွေးရောဂါ စောင့်ကြည့်ရေးဌာနအဖြစ် ဆေးရုံရှစ်ရုံကို ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၌ ရန်ကုန်ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်း ဆေးရုံတို့တွင် ဓာတ်ခွဲစမ်းသပ်မှုများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ (၂၀၁၇)ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၌ ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှု များခဲ့၍(၂၀၁၈)ခုနှစ်တွင် ပြန်လည်ကျဆင်းသွားကာ (၂၀၁၉)ခုနှစ် မိုးရာသီတွင် ပြန်လည်မြင့်တက်ခဲ့ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် မြန်မာနိုင်ငံအမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းတို့ ချိတ်ဆက်ဆောင်ရွက်လျက် ရာသီတုပ်ကွေး ရောဂါဖြစ်ပွားမှုကို စောင့်ကြည့်လျက်ရှိကြောင်း၊ ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုကို ဖြစ်ပွားရာနေအိမ်နှင့် ဆေးရုံတို့တွင် အထူးကြပ်မတ်ကုသပေးလျက်ရှိပြီး ကြိုတင်ကာကွယ်ရေး နည်းလမ်းအဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ အသိပညာပေး လမ်းညွှန်ကြားထားသည့်အတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် မိုးရာသီတွင်ဖြစ်ပွားသော ရာသီတုပ်ကွေး H1N1 ရောဂါကို ကင်းဝေးစေမည်ဖြစ်ကြောင်း သိရသည်။
     

ရန်ကုန်တိုင်းဒေသကြီးတွင် ရာသီတုပ်ကွေးဖြစ်ပွားမှုမရှိသော မြို့နယ်ငါးမြို့နယ်မှာ ဇူလိုင်(၁၅) ရက်နေ့ထိ ကိုကိုးကျွန်း၊ ကျောက်တံတား၊ ပုဇွန်တောင်၊ တွံတေးနှင့် ကျောက်တန်းမြို့နယ်တို့ဖြစ်ပြီး ရောဂါဖြစ်ပွားမှု အများဆုံးမြို့နယ်(၃)မြို့နယ်မှာ လှိုင်သာယာ၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် သင်္ဃန်းကျွန်း မြို့နယ်တို့ဖြစ်သည်။
     

ရန်ကုန်တိုင်းဒေသကြီးတွင် ကူးစက်ရောဂါ(၁၇)မျိုးကို စောင့်ကြည့်ကုသပေးလျက်ရှိပြီး ကူးစက် မြန်ပြင်းထန်ရောဂါနှင့် ပြန်လည်ဦးမော့လာသော ရောဂါဟူ၍ရှိရာ H1N1 သည် ကူးစက်မြန်ပြင်းထန် ရောဂါတွင် ပါဝင်သောကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းကျန်းမာရေးဦးစီးဌာနမှ အစဉ်စောင့်ကြပ်စစ်ဆေးလျက် သက်ဆိုင်ရာဆေးရုံများမှ ကြပ်မတ်ကုသပေးလျက်ရှိကြောင်း သိရသည်။

 

သတင်း-သန်းထိုက်
ဓာတ်ပုံ - သန်းစိုး