ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ဗဟိုကော်မတီညှိနှိုင်းအစည်းအဝေး ကျင်းပ 

နေပြည်တော် ၂၀  ဩဂုတ် 

 

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ဗဟိုကော်မတီညှိနှိုင်းအစည်းအဝေး(၁/၂၀၁၈)ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးဗိုလ်ချုပ် မြင့်နွယ်နှင့် ဦးစိုးအောင်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုကော်မတီအတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊  တိုင်းဒေသကြီးနှင့်ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများဖြစ်ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးများဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကြားဖြတ်ရွေးကောက်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်(၉)ခုရှိ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၄)နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၁)နယ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲ ဆန္ဒနယ်(၈)နယ်တို့တွင် နိုင်ငံရေးပါတီပေါင်း(၂၅)ပါတီမှ ကိုယ်စားလှယ် စုစုပေါင်း (၆၅)ဦးဝင်ရောက် ယှဉ်ပြိုင်အရွေးချယ်ခံသွားကြမည်ဖြစ်ပါကြောင်း၊ 

 

ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ အကြိုကာလလုံခြုံရေး၊ မဲဆွယ်စည်းရုံး နေသည့်ကာလ လုံခြုံရေး၊ ကြားဖြတ်ရွေးကောက်ပွဲကျင်းပစဉ်ကာလ လုံခြုံရေးနှင့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပြီးနောက် လုံခြုံရေးဟူ၍ ကာလ(၄)ခုသတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လုံခြုံရေးကို ထိခိုက်စေမည့် ဖြစ်နိုင်ဖွယ်ရှိသော အလားအလာများကို ကြိုတင်မျှော်တွေး၍ လုံခြုံရေး အစီအမံများ ဆောင်ရွက်၍ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ချက်များအပေါ်အခြေခံ၍ လုံခြုံရေးအစီအမံလိုအပ်ချက်များကို ဖြည့်စွက်ဆောင်ရွက် ပေးကြရမည်ဖြစ်ပါကြောင်း၊ လုံခြုံရေးတာဝန်ထမ်းဆောင်ကြ သူများအားလုံးသည်လည်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျလုပ်ကိုင်ဆောင်ရွက်သွားနိုင်ရေးအတွက်လည်း စီမံကြရမည်ဖြစ်ပါကြောင်း၊ 

 

တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးသည်အရေးကြီးပါကြောင်း၊ အချိန်နှင့်တစ်ပြေးညီ သတင်းမှန်များကိုလည်း ထုတ်ပြန် သွားကြရမည်ဖြစ်ပါကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အပါအဝင် သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းမှု အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးများဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးများက ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပစဉ်ကာလအတွင်း ဆောင်ရွက်မည့်လုံခြုံရေး အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ 

 

ယင်းနောက် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ဗဟိုကော်မတီ အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် အစည်းအဝေးတက်ရောက်လာ သူများက ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းစွာကျင်းပနိုင်ရေးစပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြ၍ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များမှ တင်ပြသည့် လုံခြုံရေးဆိုင်ရာ အထောက်အကူပြုပစ္စည်း/အင်အား လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးကြသည်။

 

ထို့နောက် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)