ရွေးကောက်ပွဲလုပ်ငန်းများ ပိုမိုကျွမ်းကျင်လာစေရန် ခရိုင်အဆင့်စွမ်းရည်မြှင့်သင်တန်း မကွေးမြို့၌ ပြုလုပ်

မကွေး ၅  ဇန်နဝါရီ

 

မကွေးခရိုင်အတွင်းရှိ အများပြည်သူကြည်ညိုလေးစားခံရသည့်ပုဂ္ဂိုလ်(၃၈)ဦးနှင့် ဝန်ထမ်း(၁၁)ဦးအား ရွေးကောက်ပွဲလုပ်ငန်းများ၌ ပိုမိုကျွမ်းကျင်လာစေရန် ခရိုင်အဆင့် စွမ်းရည်မြှင့်သင်တန်းကို မကွေးမြို့ စုပေါင်းရုံးခန်းမ၌ ဇန်နဝါရီလ  ၄ ရက်နေ့ နှင့် ၅ ရက်နေ့များ၌  ပို့ချခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

 

 “ အထွေထွေရွေးကောက်ပွဲကြီးဟာ လွတ်လပ်ရမယ်၊ တရားမျှတမှုရှိရမယ်၊ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ အများ ယုံကြည်လက်ခံရမယ်၊ ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်ပွဲ ရလဒ်တစ်ထပ်တည်း ဖြစ်ရမယ်ဆိုတဲ့ စံ (၅) ချက်ကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ချမှတ်ထားပါတယ်။ ဒါကို အကောင်အထည်ဖော် နိုင်ဖို့ ကျွန်တော်တို့ လုပ်နေပါတယ်။ ရွေးကောက်ပွဲလုပ်ငန်းတွေမှာ ပါဝင်မယ့်သူတွေကို ဒီသင်တန်းတွေ ကနေ စွမ်းဆောင်ရည် မြှင့်ပေးသွားမှာပါ ” ဟု မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ ရွေးကောက်ပွဲအရာရှိ ၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးထွဋ်ဦး ကပြောသည်။

 

852

 

ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအကြိုကာလတွင်  သင်တန်းပေးခြင်း ၊ လူဝင်မှုကြီးကြပ်ရေး နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ ကောက်ယူထားသည့် လူဦးရေစာရင်းအား မဲစာရင်းအဖြစ် ရိုက်နှိပ်နိုင်ရန် စိစစ်ဆောင်ရွက်ခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။

 

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် ပထမဆုံးအကြိမ် ဆန္ဒမဲပေးကြမည့် အသက်(၁၈)နှစ် ပြည့်ပြီး မဲဆန္ဒရှင် လူငယ် ၅ သန်းခန့် မြန်မာနိုင်ငံတွင်ရှိနေပြီး ယင်းတို့ထဲတွင် မကွေးတိုင်းမှ  လူငယ် ၃ သိန်းကျော်ပါဝင်ကြောင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်ကို လူငယ်များသိရှိနိုင်ရန် မကွေးတိုင်း လူငယ်ပွဲတော်နေ့ အခမ်းအနားကိုလည်း ပြုလုပ်နိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ မှ သိရသည်။

 

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားသည့် စံ(၅)ချက်ကို အကောင်အထည်ဖော် နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးခရိုင်အပါအဝင် မင်းဘူး ၊ သရက် ၊ ပခုက္ကူ ၊ ဂန့်ဂေါခရိုင်တို့၌လည်း သင်တန်းများ ပို့ချလျက်ရှိသည်။

 

ဇေယျတု(မကွေး)