ရွေးကောက်ပွဲမှာ ပွတ်ကာသီကာလေး အနိုင်ရခဲ့တဲ့ ဂျက်စတင်ထရူးဒိုးရဲ့ လစ်ဘရယ်ပါတီ

၂၄  အောက်တိုဘာ

ကနေဒါရွေးကောက်ပွဲ ပြီးသွားတဲ့နောက်မှာတော့ လက်ရှိ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးရဲ့ လစ်ဘရယ် ပါတီအနိုင်ရရှိ ခဲ့ပါတယ်။ အနိုင်ရရှိခဲ့တယ်ဆိုပေမယ့် မဲအများကြီးနဲ့ အပြတ် အသတ်အနိုင်ရခဲ့တာ မဟုတ်ပါဘူး။ ပွတ်ကာသီကာ မဲအရေ အတွက်နဲ့ အနိုင်ရခဲ့တာပဲဖြစ်ပါတယ်။

အခက်အခဲတွေကြုံလာနိုင်

ဂျက်စတင်ထရူးဒိုးရဲ့ပါတီဟာ အာဏာကို ဆက်လက် ထိန်းသိမ်းလိုက်နိုင်ပေမယ့် အစိုးရအဖွဲ့မှာဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ဖို့တော့ မတတ်နိုင် လောက်ပါဘူး။ လစ်ဘရယ်တွေ ကတော့ အမတ်နေရာ ၁၅၇ နေရာရရှိခဲ့ပါတယ်။ ဒါဟာအစိုးရအဖွဲ့ဖွဲ့ဖို့အတွက်လုံလောက်တဲ့အခြေအနေ မရှိပါဘူး။ လက်ရှိ အနေအထားအရတော့ မစ္စတာ ထရူးဒိုးရဲ့ ဒုတိယသက်တမ်း အတွက် အခက်အခဲတွေ ကြုံတွေ့လာနိုင်ပါတယ်။ အတိုက်အခံ ကွန်ဆာဗေးတစ်တွေကတော့ မဲအများကြီးရရှိဖို့ မျှော်လင့်ခဲ့ကြ ပေမယ့် လက်တွေ့မှာတော့ ထင်သလောက် မရခဲ့ပါဘူး။ အရင် တုန်းက သူတို့ဟာ ၉၅ နေရာရရှိခဲ့ပြီး ယခုအခါမှာတော့ ၁၂၁ နေရာရရှိခဲ့ပါတယ်။ Bloc Quebecois ပါတီကတော့ အောက်လွှတ်တော်မှာ အမတ်နေရာ ၃၂ နေရာရရှိခဲ့ပြီးတော့ တတိယ အကြီးဆုံးပါတီဖြစ်လာခဲ့ပါတယ်။

စမ်းသပ်မှုတစ်ခု

အောက်တိုဘာ ၂၁ ရက်က မဲရလဒ်အဖြေ သိရတဲ့နောက်မှာ တော့ လက်ဝဲယိမ်းပါတီဖြစ်တဲ့ နယူးဒီမိုကရက်တစ် ပါတီ (NDP) ဟာ အမတ်နေရာရရှိမှု အရင်တုန်းကနဲ့စာရင် လျော့ကျလာပေ မယ့် ခေါင်းဆောင် ဂျက်မိဆင်းကတော့ လူထုကို လွှမ်းမိုး နိုင်တဲ့သူ ဖြစ်လာနိုင်တဲ့အခြေအနေရှိနေတုန်းပါပဲ။ အမတ်နေရာ ၃၃၈ နေရာ ရှိတဲ့ပါလီမန်မှာ နယူးဒီမိုကရက် တစ်ပါတီဟာ ၂၄ နေရာရရှိခဲ့ပါတယ်။ အခုကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲ ကတော့ ဂျက်စတင်ထရူးဒိုးအတွက် စမ်းသပ်မှုတစ်ခုဆိုရင် လည်း မမှားပါဘူး။ ဂျက်စတင်ထရူးဒိုးရဲ့ ပထမဝန်ကြီးချုပ် သက်တမ်းမှာတော့ လမ်းကြမ်းကို ဖြတ်သန်းခဲ့ရပြီး မကောင်း သတင်းကြောင့်လည်း အစွန်းအထင်း ထင်ကျန်ခဲ့ရပါတယ်။

ကျေးဇူးတင်စကားဆို

မစ္စတာ ထရူးဒိုးကတော့ သူ့ကိုထောက်ခံခဲ့သူတွေနဲ့အတူအောင်ပွဲခံခဲ့ပြီး ဒီလူတွေဟာ ခြိုးခြံချွေတာရေးအစီအစဉ်ကို ငြင်းပယ်ခဲ့ကြပြီး ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေ၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာကိစ္စတွေမှာ အရေးတယူဆောင်ရွက်ဖို့ အတွက် မဲပေးခဲ့ကြပါတယ်။ အားလုံးရဲ့ထောက်ခံပေးမှုကို ကျေးဇူးတင်ပါတယ်။ တိုင်းပြည်ကို မှန်ကန်တဲ့လမ်းကြောင်း အတိုင်းသွားနိုင်ဖို့ ကျွန်တော်တို့ကို ယုံကြည်ပေးခဲ့ကြတာကို ကျေးဇူးတင်ပါတယ်လို့ ထရူးဒိုးက သူ့ကို ထောက်ခံသူတွေကို ပြောကြားခဲ့ပါတယ်။ ထရူးဒိုးရဲ့ မဲရလဒ်ဟာအရင်တုန်းကနဲ့ ယှဉ်ရင် စိတ်ကျေနပ်ဖွယ်မရှိပေမယ့် ကွန်ဆာဗေးတစ် ခေါင်းဆောင် အန်ဒရူးချီယားအတွက်တော့ အခုမဲရလဒ်ဟာ ပိုပြီးမခံချင်စရာကောင်းလှပါတယ်။

ထောက်ခံမှု ကျဆင်းလာ

ဘာကြောင့်မလို့ မစ္စတာထရူးဒိုးအပေါ် ထောက်ခံမှုတွေ လျော့ကျလာခဲ့ရတာလဲ။ မစ္စတာ ထရူးဒိုးဟာ ၂၀၁၅ ခုနှစ်မှာ စစ်မှန်တဲ့ပြောင်းလဲမှု၊ တိုးတက်မှု တစ်သီကြီးဖြစ်ရမယ်ဆိုပြီး ကတိတွေနဲ့အတူ ရွေးကောက်ပွဲမှာ အနိုင်ရလာခဲ့ပါတယ်။ ဒါပေမယ့် အာဏာရပြီး လေးနှစ်ရှိလာတဲ့အခါမှာတော့ သူပေးခဲ့ တဲ့ကတိတွေ အတိုင်းလိုက်ပါဆောင်ရွက်နိုင်မှုစွမ်းရည်ကို ဝေဖန် လာကြပါတယ်။ နောက်ပြီးထရူးဒိုးဟာ အထွေထွေရွေးကောက် ပွဲအတွက် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်မယ်ဆိုပြီး ကတိပေးခဲ့ ပေမယ့် အဲဒီကတိကို လျင်လျင်မြန်မြန်ပဲ စွန့်လွှတ်ခဲ့တဲ့အတွက် အပြောင်းအလဲကို မျှော်လင့်ထားကြတဲ့ လက်ဝဲယိမ်းမဲဆန္ဒရှင် တွေကို ဒေါသထွက်စေခဲ့ပါတယ်။

နိုင်ငံရေးပုံရိပ်ထိခိုက်ခဲ့ရ

ရွေးကောက်ပွဲမှာပေးခဲ့တဲ့ ကတိတွေနဲ့ ပတ်သက်ပြီး မကျေနပ်မှုတွေဖြစ်ပေါ်ခဲ့သလို တခြားတစ်ဖက်မှာလည်း နောက်ထပ်ပြဿနာတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ မျက်နှာကို အမည်းရောင်မိတ်ကပ်လိမ်းပြီး အာရပ်ဝတ်စုံဝတ် ကာ ဓာတ်ပုံရိုက်ခဲ့လို့ပါပဲ။ အဲဒီပုံဟာ ၂၀၀၁ ခုနှစ်က ကျောင်းကပွဲ တုန်းက ရိုက်ခဲ့တဲ့ဓာတ်ပုံလည်းဖြစ်ပါတယ်။ အဲဒီဓာတ်ပုံကြောင့် မစ္စတာထရူးဒိုးရဲ့ နိုင်ငံရေးပုံရိပ်ကို ထိခိုက်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်မှာတော့ ထရူးဒိုးဟာ ကနေဒါပြည်သူတွေ ကို တရားဝင်တောင်းပန်စကားဆိုခဲ့ပါတယ်။ နိုင်ငံရေးလောကထဲကိုမဝင်ခင်အပျော်အပျက်လုပ်ခဲ့တဲ့ ဓာတ်ပုံဖြစ်ပေမယ့် အသား အရောင်ခွဲခြားတယ်၊ လူမျိုးရေးအရ ခွဲခြားဆက်ဆံရာရောက် တယ်ဆိုပြီး သူ့အပေါ်ဝေဖန်မှုတွေကတော့ အများကြီးပါပဲ။

ဂုဏ်ယူကြောင်းပြောဆို

ကွီဘစ်နဲ့ ကနေဒါ အနောက်ပိုင်း ပြည်နယ်တွေမှာ ထရူးဒိုး မိန့်ခွန်းပြောခဲ့ရာမှာ သူ့အပေါ် မဲဆန္ဒရှင်တွေစိတ်ပျက်နေကြတယ်ဆိုတာသိပါတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီနေရာတွေမှာ ထရူးဒိုးရဲ့ ပါတီဟာ ထောက်ခံမှုကျဆင်းနေပါတယ်။ အတိုက် အခံပါတီမှ မစ္စတာ ချီယားကတော့ သူ့ရဲ့ကွန်ဆာဗေးတစ်ပါတီ အဖွဲ့အတွက် ဂုဏ်ယူကြောင်းပြောဆိုခဲ့ပါတယ်။ အခုဆိုရင်သူတို့ရဲ့ပါတီကိုမစ္စတာထရူးဒိုးလည်း သတိထားနေရပြီလို့ပြောခဲ့ ပါတယ်။ မစ္စတာထရူးဒိုးရဲ့ခေါင်းဆောင်မှုဟာ ပျက်စီးနေပြီး အစိုးရအဖွဲ့ဟာလည်း မကြာခင်မှာပဲ ပျက်သွားလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ကြည့်မယ်ဆိုရင် အတိုက် အခံ ကွန်ဆာဗေးတစ်ပါတီဟာ ၃၄ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ပြီး လစ်ဘရယ်ပါတီကတော့ ၃၃ ရာခိုင်နှုန်းသာရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်းမဲဆန္ဒနယ်တိုင်းမှာ မဲအများဆုံးရရှိသူကသာ အနိုင်ရရှိသည့်စနစ်မို့ ရာခိုင်နှုန်းသာခဲ့ပေမယ့် အမတ်နေရာမှာ တော့ မသာခဲ့ပါဘူး။

အနာဂတ်အတွက်သာ အလေးထားပါ

နယူးဒီမိုကရက်တစ်ပါတီခေါင်းဆောင် မစ္စတာ ဆင်းက သူ့ရဲ့ ဇာတိဖြစ်တဲ့ ဘန်းဘိုင်မြို့မှာ မိန့်ခွန်းပြောခဲ့ရာမှာတော့ မဲရလဒ်နဲ့ ပတ်သက်ပြီး စိတ်မချမ်းမသာဖြစ်ရတာကို တောင်းပန် ပါတယ်။ ဒါပေမယ့်လည်း စိတ်မပျက်ပါနဲ့၊ အနာဂတ်အတွက် ပဲ အလေးထားပါလို့ ပြောကြားခဲ့ပါတယ်။ ကနေဒါနိုင်ငံသား တွေရဲ့ ဘဝဟာအရင်ကထက်ပိုပြီး ကောင်းမွန်လာစေရမယ် လို့ သူက ကတိခံခဲ့ပါတယ်။ ဂရင်းပါတီခေါင်းဆောင် အဲလိ ဇဘက်မေကတော့ အခုရွေးကောက်ပွဲဟာ အောင်မြင်မှုတစ်ခု လို့ပြောပါတယ်။ ၂၀၁၅ ခုနှစ်ကနဲ့ယှဉ်ရင် သူ့ရဲ့ပါတီဟာ အမတ်နေရာသုံးနေရာ ပိုရခဲ့ပါတယ်။

ညွန့်ပေါင်းအစိုးရဖွဲ့မှာလား

အခုဆိုရင် မစ္စတာထရူးဒိုးရဲ့အောင်မြင်မှုအတွက် ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း ဝမ်းမြောက်ကြောင်း စကားဆိုကြ ပါတယ်။ အမေရိကန်သမ္မတ ထရမ့်ကလည်း ထရူးဒိုးအတွက် ဝမ်းမြောက်ကြောင်း စကားဆိုခဲ့ပါတယ်။ အနည်းစုနဲ့ အစိုးရ ဖွဲ့ဖို့ဆိုတာ ထူးခြားတဲ့အရာတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၅ နှစ်တာကာလအတွင်းမှာ သုံးကြိမ်ဖြစ်ခဲ့ဖူးပါတယ်။ ညွန့်ပေါင်း အစိုးရ ဖွဲ့ဖို့ကတော့ ရှားပါးတဲ့ဖြစ်စဉ်တစ်ခုပါ။

၂၀၀၈ ခုနှစ် တုန်းက လစ်ဘရယ်နဲ့ နယူးဒီမိုကရက်တစ်ပါတီ တို့ဟာ ကြိုးစားခဲ့ပေမယ့် ကွန်ဆာဗေးတစ် ဝန်ကြီးချုပ်ဖြစ်တဲ့ စတက်ဖင်ဟာပါက ပါလီမန်ကိုအချိန်ဆွဲခဲ့တဲ့အခါမှာတော့ အဲဒီ ကြိုးပမ်းမှုဟာ ပျက်ပြားခဲ့ရပါတယ်။ ဒါကြောင့်လည်း နယူးဒီမို ကရက် တစ်ပါတီနဲ့ လစ်ဘရယ်ပါတီတို့ကြား ထင်ရှားတဲ့ဆက်စပ် မှု နောက်တစ်ကြိမ်ရှိလာလိမ့်မယ်လို့ လေ့လာသုံးသပ်သူတွေ က ယူဆကြပါတယ်။

ဖိအားပေးမှာလား

Bloc Quebecois ပါတီဟာ ညွန့်ပေါင်းအစိုးရအဖွဲ့မှာ မပါဝင်ဘဲ နောက်ထပ်ရွေးကောက်ပွဲတစ်ခုထပ်လုပ်ဖို့ ဖိအား ပေးတစ်မျိုးလည်း လုပ်လာနိုင်တယ်လို့လည်း အချို့က ယူဆကြ ပြန်ပါတယ်။ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် မစ္စတာချီယား ကတော့ မဲဆွယ်စည်းရုံးစဉ်ကာလတုန်းက ကနေဒါပြည်သူ တွေရဲ့ဘဝနဲ့ ဝင်ငွေအပေါ် အဓိကသက်ရောက်မှုရှိအောင် ပြုလုပ်မယ်ဆိုပြီး ကြွေးကြော်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ လိင်တူလက်ထပ်ခြင်းနဲ့ ကိုယ်ဝန်ဖျက်ချခြင်းတို့မှာ ကွန်ဆာဗေးတစ်ပါတီအနေနဲ့ ဘယ်ဘက်က နေရပ်တည်ရမလဲ ဆိုတာကို အာရုံစိုက်နေရပါတယ်။ ။

ခြူးစန္ဒီနွေး

ကိုးကား -ဘီဘီစီ