ရှေးခေတ်ဇာတ်မင်းသမီးကြီးများ ဟန်ပန် ဝတ်စားဆင်ယင် ကပြဖျော်ဖြေမည့် "နှင်းဆီပဝါခြုံတဲ့လက်" အငြိမ့်ပွဲ

၂၄  ဒီဇင်ဘာ

 

ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ဦးစီးပြီး နှင်းဆီအဖွဲ့သားများဖြစ်သော မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေး၊ ဖူးစုံ၊ မေကဗျာ၊ မိုးပြည့်ပြည့်မောင်၊ မိုးယုစံတို့ပါဝင်မည့် "နှင်းဆီပုဝါခြုံတဲ့လက်" အငြိမ့် ကပြဖျော်ဖြေပွဲကို ဇန်နဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့ ည(၇) နာရီတွင် ရန်ကုန်မြို့  ပြည်လမ်းရှိ တော်ဝင်ဂါးဒမ်း ဟိုတယ်တွင် ပြုလုပ်သွားမည်ဟုသိရသည်။

 

"ကျွန်တော့်အနေနဲ့ "နှင်းဆီပုဝါခြုံတဲ့လက်" ဆိုပြီး ဘာဖြစ်လို့ ပေးဖြစ်တာလဲ ဆိုတော့ ဖောင်ဒေးရှင်း တစ်ခုကနေ နောက်တစ်ခုကိုပြောင်းတဲ့အခါ နွေးထွေးစွာနဲ့ ကြိုဆိုတဲ့လက်တစ်စုံကို ကိုယ်စားပြုပြီး ဒီနာမည်လေးကို ပေးဖြစ်တာပါ  ကျွန်တော်တို့ ပထမဆုံး "နှင်းဆီ" အဖွဲ့ကို လုပ်ခဲ့တယ်၊ အဲ့လိုလုပ်ခဲ့တာဆိုရင် အခုဆို (၁၃) ခုမြောက် ပြုလုပ်တဲ့ ပွဲဆိုလည်း မမှားပါဘူး၊ တစ်ယောက်နဲ့ တစ်ယောက်ကို လွှဲပေးရတာ သဘာဝပါ၊ ကျွန်တော်တို့ကလည်း အမြဲတမ်းမလုပ်နိုင်ပါဘူး၊ လက်လွှဲရတာ အမှန်တရားပါပဲ၊ ဒါကြောင့်လည်း၊ ဒီနာမည်လေးကို ပေးဖြစ်ခဲ့တာပါ၊ အခုပွဲကအရင်က လုပ်ခဲ့တဲ့ ပွဲတွေနဲ့ မတူဘဲ၊ ထူးခြားမှုလေးရှိတယ်၊ ဘာလည်းဆို အရင်ပွဲတုန်းက မင်းသမီးတွေကို ပုံမှန်ဇာတ်ကနေတဲ့အတိုင်း မဟုတ်ဘဲ၊ ဇာတ်မင်းသမီးကြီး တွေရဲ့ သီချင်းတွေ သူတို့တွေရဲ့ ကဟန်တွေနဲ့ ဒီဘက်ခေတ်မင်းသမီးတွေက ကပြမှာပါ တစ်ယောက်ချင်း ပေါ့နော် ကပြမှာပါ။ ဟိုတုန်းကနာမည်ကြီး ဇာတ်မင်းသမီးကြီးတွေရဲ့ ဝတ်စားဆင်ယင်မှု ပုံစံတွေနဲ့ ကပြမယ်၊ နောက် သီချင်းတွေကအစ အဆိုတော်တွေကို သေချာ ငှားထားပါတယ်၊ ဆိုင်းဆိုလည်း သီရိမောင်မောင်နဲ့ တီးခတ်ဖို့ပြင်ဆင်ထားပါတယ်၊  အရင်ပွဲတုန်းက နောက်ခံသီချင်းတွေ ဖွင့်ပြီးမင်ူသမီးတွေက ကပြကြတာလေ၊ အခုက နောက်ကနေ သေချာဆို၊ တီးပြီး ဖျော်ဖြေမှာပါ၊ ကျွန်တော်တို့ အနေနဲ့ အရင်က အငြိမ့်ခေတ်ဦး တုန်းကလို့ လာကြည့်တဲ့သူတွေ ပြန်လည်ခံစားရအောင် တင်ဆက်သွားမှာပါ" ဟု ဒါရိုက်တာမောင်မျိုးမင်း ( ရင်တွင်းဖြစ်) က ပြောဆိုသည်။

 

အဆိုပါပွဲကို ကြည့်ရှုလိုသူများအနေဖြင့် လက်မှတ်များကို VIP၊ တစ်သိန်း၊ ငါးသောင်းနှင့် သုံးသောင်း သတ်မှတ်ရောင်းချသွားမည်ဖြစ်ပြီး၊ လက်မှတ်ဝယ်ယူထားသူများကို အနုပညာရှင်များက အမှတ်တရလက်မှတ် ရေးထိုးပေးမည်ဟု သိရသည်။

 

ကိုလင်း