ဦးဟန်ညွန့် (ဥပဒေ)
နိဒါန်း
“ဆရာ”
“ဗျာ”
“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
“ ရှေ့နေနှင့်ခရီးသည်ပါတဲ့ ”
“ ဘာကိုဆိုလိုပါသလဲဆရာ ”
“စာရေးဆရာကြီး မန်းတင်ရေးတဲ့ ခရီးသည် မောင်ပြုံးချို စာအုပ်အကြောင်း တင်ပြမှာပါ။ ပြီးခဲ့တဲ့အပတ်က ရေးခဲ့တဲ့ ဒုတိယအရွယ်ဆောင်းပါးရဲ့ အဆက်လို့ ဆိုနိုင်ပါတယ်”
“ စိတ်ဝင်စားပါတယ်ဆရာ”
“ ဒါဖြင့် - ဖတ်ကြည့်ကြစို့ ”
ခရီးသည် မောင်ပြုံးချို စာရေးဆရာကြီးမန်းတင် ရေးသားခဲ့သော ခရီးသည် မောင်ပြုံးချိုအမည်ရှိ စာအုပ်အကြောင်း တင်ပြမည်ဖြစ်ပါ၏။ လွန်ခဲ့သော ၁၉၈၉ ခုနှစ် မေလက ဘဝတက္ကသိုလ် စာပေတိုက်က ထုတ်ဝေခဲ့သော စာအုပ်ဖြစ်ပါ၏။ ယနေ့ဆိုလျှင် နှစ်ပေါင်း ၃၀ ကျော်ခဲ့ပါပြီ။ ဘယ်အချိန်ဘယ်အခါ ပြန်ဖတ်ဖတ် မရိုးနိုင်ပါ။ စွဲမက်ဖွယ် ဖြစ်ပါ၏။ သွက်လက်ရှင်းလင်းပါ၏။ ခရီးသည်ဟူသည့်အတိုင်း ခရီးသည် တစ်ဦး၏ ဘဝခရီးကို ပြဆိုပါ၏။ ပြန်လည်အစီရင်ခံပါ၏။ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းကိုမူ စာဖတ်သူ၏ ဆန္ဒအတိုင်းသာ ဖြစ်ပါ၏။ ကျွန်တော်ကတော့ စွဲလမ်းခုံမင်သော စာအုပ်အဖြစ် ခံယူပါ၏။
အဖွင့်ကဗျာ
စာရေးဆရာကြီးမန်းတင်က ၂၄ - ၁ - ၈၉ ရက်စွဲဖြင့် ခရီးသည် အဖွင့်ကဗျာကို အောက်ပါအတိုင်း ရေးခဲ့ပါသည်-
ခရီးသည်
သွားသော်ရောက်၏
ပေါက်သည့်ခရီး
ချည်းနှီးမဖြစ်
အမြင်သစ်ကို
တွက်စစ်မှတ်သား
သုတပွား၏။
ပွားသည့်သုတ
မှတ်သားရသော်
လောကအလယ်
ပညာကြွယ်၏။
ကြွယ်သည့်ပညာ
ပဒေသာကို
သင့်ရာပိုင်ပိုင်
သုံးပြုနိုင်၏။ ။ ဟူ၍ ဖြစ်ပါ၏။
မာတိကာ
ဆရာကြီးမန်းတင်၏ ခရီးသည် မောင်ပြုံးချိုစာအုပ်တွင် အောက်ပါဆောင်းပါးများ ပါဝင်ပါ၏ -
အလံတောင်သို့၊ ရေညိုပျံ့သင်း ညောင်ရွှေအင်း၊ တော နှင့် တောင်စွယ် ရေပြင်ကျယ်၊ တောင်တိုမှ အင်းတိမ်သို့၊ အင်းလေးတိုက်တေးပွဲ၊ မိုးညိုလမ်း၊ ရေကြီးချိန်၊ ခိုခဲ့ဖူးသည့်အရိပ်၊ အပြန်လမ်း၊ ရေစီးသန်သန် အားမာန်နှင့်ဆန်၊ မိခင်ကြီး ခေါင်းချရာ၊ ဒုလ္လဘ(၁)၊ ဒုလ္လဘ(၂)၊ ဒုလ္လဘ(၃)၊ ဒုလ္လဘ(၄)၊ အဘိုးကြီးအို ခါးမကုန်းတို့ ဖြစ်ပါသည်။
ဆရာကြီးရေးခဲ့သော ဆောင်းပါး (၁၆)ပုဒ်အနက် ကျွန်တော် အကြိုက်နှစ်သက်ဆုံး ဆောင်းပါးများကို ကောက်နုတ်ဖော်ပြပါရစေ ...။
အလံတောင်သို့
“ အလံတောင်သို့ ” ဆောင်းပါးတွင် သာယာဝတီနယ်မှ ဆရာစံ၏ တောင်သူလယ်သမား အရေးတော်ပုံအကြောင်း စုဆောင်းတင်ပြချက်များကို ဖတ်ရသည်။ လယ်သမား ခေါင်းဆောင်ကြီး ဆရာစံနှင့် အပေါင်းပါများအား ကြိုးစင်တင်ခဲ့သော သာယာဝတီ အကျဉ်းထောင်အကြောင်းနှင့် တောင်သူလယ်သမား အရေးတော်ပုံ၌ ပါဝင်ခဲ့ကြသော လယ်သမားကြီးများနှင့်လည်း တွေ့ဆုံဆွေးနွေး မေးမြန်းခဲ့ပုံများကို ဖတ်ရသည်။ ကိုယ်တွေ့ ဆောင်းပါးများဟု မှတ်ယူနိုင်ပါ၏။
ရေညိုပျံ့သင်း ညောင်ရွှေအင်း
“ရေညိုပျံ့သင်း ညောင်ရွှေအင်း” ဆောင်းပါးတွင်ကဗျာ ဆရာမောင်တင်မြိုင် (အင်းလေး)၏ ဖိတ်ခေါ်ချက်အရ သွားရောက်ခဲ့ပုံ၊ ညောင်ရွှေကို ရှမ်းစော်ဘွားကြီး ဆီဆိုင်ဖ ဆိုသူက မြန်မာသက္ကရာဇ် ၇၂၁ ခု (ခရစ်သက္ကရာဇ် ( ၁၃၅၉) တွင် တည်ခဲ့ပုံ၊ ထိုအရပ်တွင် ရွှေရောင်အဆင်းရှိသော ညောင်ပင်ကြီး တစ်ပင်ကို တွေ့သောကြောင့် နိမိတ်ကောင်းယူကာ ညောင်ရွှေမြို့ကို တည်ထားခဲ့ပုံများ ဖော်ပြရေးသားထားပေသည်။
မိုးညိုလမ်း
“မိုးညိုလမ်း” ဆောင်းပါးတွင် မောင်ပြုံးချိုနှင့် မိုးညို၊ မိုးညိုနှင့် မောင်ပြုံးချို ခွဲမရအောင် ဆက်စပ်လျက်ရှိလေသည်ဟု အစချီကာ မောင်ပြုံးချိုသည် နှစ်ပေါင်း ၃၀ကျော်မျှ ကာလပတ်လုံး တိုင်း/ခရိုင်/ မြို့နယ်များစွာသို့ သွားရောက် တာဝန်ထမ်းဆောင်ခဲ့ရပုံ၊ ထိုထိုသော မြို့/ရွာ ဒေသများအနက် မိုးညိုကို သူသံယောဇဉ် အရှိဆုံးဖြစ်ကြောင်း၊ မိုးညိုသို့ ၁၉၄၆ ခု မတ်လတွင် မြို့ပိုင်တာဝန်ကို ထမ်းဆောင်ရောက်ရှိခဲ့ပုံ၊ တစ်သက်တာ မမေ့နိုင်ပုံစသည်များ ရေးသားထားပါသည်။
ရေကြီးချိန်
“ရေကြီးချိန်” ဆောင်းပါးတွင် မောင်ပြုံးချိုသည် ကွဲကွာသွားသော မိတ်ဆွေများနဲ့ ပြန်လည်တွေ့ဆုံသည့်အခါ
“ဘယ်သူတော့ ရှိသေးလား”
“ဘယ်သူတော့ ဘာလုပ်နေတုံး”
“ဘယ်သူ ဘယ်ပြောင်းသွားတုံး” စသည့်မေးခွန်းများ ကို မေးသူကမေး၊ ဖြေသူကဖြေကြပုံ ရေမြေအနေအထား ပြောင်းလဲသွားပုံ၊ လူတွေ၏အခြေအနေ ပြောင်းလဲသွားပုံ၊ ပြောင်းရွှေ့သွားသည့် နေရာတွင် အသက်ရှင်သူ ရှိသလို အချို့လည်း ကွယ်လွန်ကုန်ကြပုံများကို သတိသံဝေဂပွားကာ ခရီးသည်မောင်ပြုံးချိုက မှတ်တမ်းတင်ထားလေသည်။ (စာမျက်နှာ - ၁၂၃)
ဒုလ္လဘ
“ဒုလ္လဘ” ဆောင်းပါးတွင် မောင်ပြုံးချိုအနေနှင့် ရဟန်းတစ်ပါး၏ အတွေ့အကြုံများကို ရေးသားထားလေသည်။ သာသနာ့ရိပ်သာသို့ ပရိက္ခရာရှစ်ပါးကို လွယ်လျက် ရောက်ရှိခဲ့ပုံ၊ “သက္ကလ၊ ဝဋ၊ ဒုက္ခ၊ နိဿရဏ၊ နိဗ္ဗာနဿ...”အစချီ၍ ဆရာတော်ဘုရားက သင်္ကန်းတောင်းကို ပါဠိဘာသာဖြင့် ချပေး၍ လိုက်ဆိုရပုံ၊ မြန်မာဘာသာဖြင့် “အရှင် မြတ်ဘုရား၊ အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် လျင်မြန်စွာ မျက်မှောက်ပြုပါရခြင်း အကျိုးငှာ၊ ဘုရား၊ တပည့်တော်၏ လက်၌ရှိသော ဤသင်္ကန်းကိုယူတော်မူ၍ ဘုရားတပည့်တော်ကို အစဉ်သနားခြင်း အကြောင်းပြု၍ ရှင်သာမဏေဖြစ်အောင် ပြုပေးတော်မူပါဘုရား” ဟု ရွတ်ဆိုကာ သင်္ကန်းအစုံလိပ်ကို ရိုသေစွာ ကိုင်ဆောင်လျက် အလေးအနက် တောင်းပန် လျှောက်ထားရပုံများကို ကိုယ်တိုင်တွေ့ကြုံ ခံစားလျက် ဒုလ္လဘ (၁)၊ (၂)၊ (၃)၊ (၄) တို့တွင် အနုစိတ် ရေးသားထားပါသည်။
ဖောင်းတယ် ပိန်တယ်
“ဖောင်းတယ်၊ ပိန်တယ်” “ဖောင်းတယ်၊ ပိန်တယ်” “ဖောင်းတယ်၊ ပိန်တယ်” ဖောင်းခြင်း၊ ပိန်ခြင်းကို သတိကပ် ရှုမှတ်ပြီး စိတ်ကို ချုပ်နှောင်ရပုံ၊ တစ်မိနစ်ပင် ရှိမည်မထင်။ လွတ်ထွက်သွားလေသည်။ အိမ်သို့ရောက်သွားလိုက်၊ မောင်ပြုံးချိုမိသားစု၏ မျက်နှာတွေ တစ်ခုပြီးတစ်ခု ပေါ်လာလိုက်၊ မိမိငယ်ငယ်က နေထိုင်ခဲ့သည့်ဒေသ အသီးသီးသို့ ရောက်သွားလိုက် စသည်ဖြင့်လွတ်သွားသော စိတ်ကို သတိဖြင့် ပြန်ချုပ်ရပုံ၊ နေရာမှန်သို့ရောက်လာပုံ၊ မည်မျှကြာလိုက်သည် မသိပုံ၊ လွတ်သွားပြန်ပုံ၊ မကြာသေးမီက ကွယ်လွန်ခဲ့သော တင့်တယ်၏ မျက်နှာပေါ်လာပုံ၊ မကွယ်လွန်မီ တစ်နေ့က ဆေးရုံပေါ်တွင် ချွဲသံပါပါဖြင့် စကားပြောသည်ကို ကြားယောင်နေပုံ၊ သတိကိုပြန်ကပ်အောင် ကြိုးစားနေရပုံ၊ သည်အထဲက လွတ်သွားပုံ စသည်ဖြင့် ရေးသားထားသည်မှာ ဒုလ္လဘ ဝတ်ဖူးသူတိုင်း သိကြသော်လည်း လက်တွေ့ မှတ်တမ်းမတင်နိုင်ပုံကို သတိပြု ဆင်ခြင်မိပါသည်။ (စာမျက်နှာ -၂၃၂)
သိက္ခာချခြင်း
ဦးဓမ္မရက္ခိတဘွဲ့ခံ ဦးပဉ္စင်းကြီး မောင်ပြုံးချိုသည် ရဟန်းအဖြစ်မှ သိက္ခာချချိန်တွင် သာမဏေအဖြစ်သို့ ကူးပြောင်းရာ၌ ပြည့်စုံရမည့် အင်္ဂါခြောက်ပါးကို ရှင်းလင်း ရေးသားခဲ့သေးသည်။
သိက္ခာချလိုသော ရဟန်းသည် -
(၁) သူကိုယ်တိုင်က သိက္ခာချလိုသောဆန္ဒ ရှိရမည်။
(၂) သိက္ခာချမည့်အကြောင်းကို မိမိနားလည်သလို ပါဠိဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာဖြင့်ဖြစ်စေ နှုတ်မှ မြွက်ဟရွတ်ဆိုရမည်။
(၃) ထိုစကားရပ်များကို ပစ္စုပ္ပန်ကာလဖြင့် ရွတ်ဆိုရမည်။
(၄) သိက္ခာချနေသည့်အကြောင်းကို ကိုယ်အမူအရာ နှုတ်အမူအရာအားဖြင့် သိစေရမည်။
(၅) သိက္ခာချနေသည့် အခြင်းအရာကို ကြားသူမြင်သူတို့ ချက်ချင်းသိရှိ နားလည်သွားစေရမည်။
(၆) သိက္ခာချနေစဉ် ရူးသွပ်ခြင်း၊ စိတ်ပျံ့လွင့်ခြင်းမှ ကင်းလွတ်ရမည်ဟု ဖော်ပြထားချက်ကို ဗဟုသုတ လေ့လာလိုက်စားသူများ သတိပြုမှတ်သား သင့်ပါသည်။ ဘာသာရေးနှင့် နီးစပ်သူတိုင်း သတိမကပ်မိသော အချက်များဖြစ်ပါသည်။ ဆရာကြီး မန်းတင်၏ ဘက်စုံထောင့်စုံ ရေးသားသုံးသပ်ပုံ၊ အများနားလည်အောင် ရေးသားနိုင်ပုံများကို မှတ်သားဖွယ်၊ လေးစားဖွယ်တွေ့ရှိရပေသည်။
အဖိုးကြီးအို ခါးမကုန်း
ဆရာကြီး မန်းတင်ရေးခဲ့သော စာစုများအနက် ကျွန်တော်အကြိုက်ဆုံး စာစုဆောင်းပါးမှာ “အဖိုးကြီးအို ခါးမကုန်း” ဆောင်းပါး ဖြစ်လေသည်။ ဘာကြောင့်ကြိုက် သလဲ။ လိုတိုရှင်းရေးပြပြီး ဖတ်ရှုမဝ သဘာဝကျလွန်း၍ ဖြစ်သည်။ ဖတ်ကြည့်ပါဦး-----။
“အတော်ပဲ။ စောစောထလိုသူ မောင်ပြုံးချိုအတွက် နှိုးစက်နာရီထားရန် မလိုတော့ပေ။ မရှေးမနှောင်းပင် “ပဲပြုတ်” ဟူသောအသံက လမ်းထိပ်ဆီမှ ထွက်ပေါ်လာသည်။ သည်အချိန်မှာပင် ခြံဝင်းအတွင်းမှ ငှက်ကလေးတွေ၏ “စိုစီ... စိုစီ” မြည်သံများကို ကြားနေရလေသည်” ဟု အစချီကာ မောင်ပြုံးချိုသည် အိပ်ရာမှ လူးလဲထလိုက် လေသည်။ ကိုယ်လက် သုတ်သင်ပြီးနောက် ရာသီဥတုနှင့် သင့်လျော်သော အဝတ်အစားများကို လဲလှယ်ပြီး လမ်းလျှောက်တုတ်ကိုကိုင်ကာ လှေကားမှ ဆင်းလာခဲ့လေသည်ဟု ဖော်ပြရေးသားထားသည်မှာ မျက်စိထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိလှပေသည်။ ထို့နောက် “ဘယ် တုန်းက ပြောင်းလာတုံး” မောင်ပြုံးချိုကို သိသူများက လှမ်း၍ နှုတ်ဆက်မေးမြန်းကြသည်။ “နှစ်ရက် သုံးရက်ပဲရှိသေးတယ်” ဟု မောင်ပြုံးချို က ဆိုသည်။ “အခုဘာလုပ်နေတုံး”၊ “ပင်စင်ယူပြီလေ” “မနက်တိုင်း လမ်းလျှောက်သလား” ၊ “ဟုတ်ကဲ့” “ဒီလိုဆို ကျွန်တော်တို့အဖွဲ့ထဲဝင်ပါ” ၊ “ဘာအဖွဲ့လဲ" “လမ်းလျှောက်လူငယ်အဖွဲ့”၊ “ဝင်ကြေးဘယ်လောက်တုံး၊ လစဉ်ကြေးကကော” "ဝင်ကြေးမရှိ၊ လစဉ်ကြေးမရှိ၊ အလကား” သူတို့တစ်တွေ မောင်ပြုံးချို၏အမေးကို ပြိုင်တူကြသည်။ “ဒီလိုဆို ဝင်တယ်ဗျို့” မောင်ပြုံးချိုက ဟစ်ကြွေးလိုက်လေသည်။ ဝင်ကြေးတွေ၊ လစဉ်ကြေးတွေ သတ်မှတ်ထားလျှင် စဉ်းစားရဦးမည်။ အခုတော့ စဉ်းစားရန်မလိုတော့ပြီ။ အိမ်ရှင်မနှင့် တိုင်ပင်နေဖို့ မလို။ ထိုနေ့မှစ၍ မောင်ပြုံးချိုသည် ဘဘကြီးတို့၏ လမ်းလျှောက်လူငယ်အဖွဲ့ဝင်တစ်ဦး ဖြစ်သွားလေသည်ဟု ရေးသားခဲ့ပါသည်။ (စာ-၂၈၈) ကွက်ကွက်ကွင်းကွင်းရှိလှသော စာအရေးအသား ဖြစ်ပါပေသည်။ လမ်းလျှောက်အဖော်တွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ သူတို့သည် ထုံးစံအတိုင်း နှုတ်ဆက်ကြပြီး ထွေရာလေးပါး စကားပြောရင်း ခေါက်ခေါက်ပြန် လျှောက်နေကြလေသည်။ နောက်တစ်နေ့ နံနက်တွင် သူတို့တစ်တွေ သည်လိုပင် သည်နေရာတွင် ဆုံကြဦးမည်။ သည်လမ်းမပေါ်တွင် သည်လိုပဲ စုပေါင်း လမ်းလျှောက်ကြဦးမည်။
အဘိုးကြီးအို ခါးမကုန်း
မနက်ခင်းတိုင်း လမ်းလျှောက်တုန်း
နောက်နှစ်ခါ တန်ဆောင်မုန်း
ဆက်လက်လျှောက်ပါဦး (အုံး) ဟု နိဂုံးချုပ်ထားသည်မှာ စွဲမက်စရာပါ။
နိဂုံး
"ပေါက်သည့်ခရီး ချည်းနှီးမဖြစ်၊ အမြင်သစ်ကို တွက်ဆ မှတ်သား၊ သုတပွား၏” ဟုဆရာကြီးမန်းတင်က ရေးသားခဲ့ပါပြီ။ ဆရာကြီးရေးခဲ့သော သုတအဖြာဖြာ၊ သုတပဒေသာကို သင့်ရာပိုင်ပိုင် အသုံးပြုနိုင်ကြပါကြောင်း လေးစားစွာဖြင့် ထပ်လောင်းတင်ပြ အစီရင်ခံပါရစေ ...။