ရှေ့နေနှင့် သီလ၊ သမာဓိ၊ ပညာ

ဦးဟန်ညွန့် (ဥပဒေ)

နိဒါန်း

ဆရာ

ဗျာ

ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ

ရှေ့နေနှင့် သီလ၊ သမာဓိ၊ ပညာ ပါတဲ့

ဗျာ - ဘာသာရေးစကားလုံးတွေချည်းပါလား

ဟုတ်တယ်ဗျာ။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေ နဲ့ သိသင့်သိထိုက်တဲ့ အကြောင်းတွေပါပဲ

ပါဠိစကားလုံးတွေနဲ့ချည်း ရေးပြရင် လူတိုင်း နားလည်ပါ့မလား

အေးဗျာ၊ အများနားလည်အောင် ကြိုးစားတင်ပြ ရေးကြည့်တာပေါ့၊ ဖတ်ကြည့်ကြစို့

ဗုဒ္ဓဘာသာ

ကျွန်တော်သည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ဦးဖြစ်၍ ငယ်စဉ်က ဘုန်းတော်ကြီးကျောင်းများတွင် ပညာသင်ယူခဲ့ရသည်။ ဗုဒ္ဓတရားဓမ္မသံများ နေ့စဉ်ကြားသိ မှတ်သားခဲ့ရသည်။ ရတနာသုံးပါး ဦးထိပ်ထားခဲ့သည်။ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သော်ငြား၊ တရားဓမ္မစာပေများနှင့် အနေဝေးခဲ့လေသည်။ ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်ကိုလည်း လက်လှမ်းမမီနိုင်။ မိမိဘာသာအပေါ် မိမိလေ့လာမှု အားနည်းခဲ့လေသည်။ သို့ဖြစ်၍ လေ့လာလက်စွဲမှုပြုထိုက်သော စာအုပ်တစ်အုပ်ကို ရှာဖွေတွေ့ရှိ ရည်ညွှန်းတင်ပြပါရစေ။

ဗုဒ္ဓဘာသာကောင်းတစ်ယောက်

(How to live as a good Buddhist) သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနက ၁၉၉၄ ခုနှစ်တွင် ထုတ်ဝေသော ဗုဒ္ဓဘာသာကောင်း တစ်ယောက်(How to live as a good Buddhist) စာအုပ်ဖြစ်ပေသည်။

အခန်း ၁၆ ခန်း

ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်တွင် အပိုင်း(၃)ပိုင်း၊ အခန်း ၁၆ ခန်းပါဝင်သည်။ လူနှင့်ကိုးကွယ်မှု၊ ကိုးကွယ်ရာ ရတနာသုံးပါး၊ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူခြင်း၊ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ပျက်စီးပုံ၊ ရုပ်ပွား ဆင်းတုထားရှိ ကိုးကွယ်ခြင်း၊ ဗုဒ္ဓဘာသာတစ်ယောက် ယုံကြည်လက်ခံရမည့်အချက်များ၊ ရတနာသုံးပါး အကျိုးကျေးဇူး၊ ဥပသကာဂုဏ်ဆယ်ပါး၊ ဗုဒ္ဓဘာသာတစ်ယောက် ရှောင်ရမည့်အချက်များ၊ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ တစ်နေ့တာလုပ်ငန်း၊ အကျိုးကျေးဇူးများ စသည်တို့ ပါဝင်သည်။ လူ့ဝိနည်းကျင့်ဝတ်များ၊ အန္တရာယ်ကင်း ရွတ်ဖတ်ရမည့် ပါဠိဂါထာများ၊ ရဟန်းသံဃာများနှင့် ပြောတတ် ဆိုတတ် ဆက်ဆံတတ်ရန် စကားပြောနည်း၊ ဘုရားအာရုံပြုနည်း အကြောင်းများလည်း ပါဝင်သည်။ ဒုစရိုက်နှင့် သုစရိုက်၊ ဒါန၊ သီလ၊ ဘာဝနာ၊ ပါဠိတော်မြန်မာပြန် ကောက်နုတ်ချက်များ၊ သစ္စာ (၄) ပါးတရား၊ ကြည်ညိုဖွယ်ရာ အရိယာများ၊ နောက်ဆက်တွဲ စသည်ဖြင့် အခန်း(၁၆)ခန်းဖြစ်ပါသည်။

စိတ်ထားမှန်ကန်ခြင်း

ဤစာအုပ်တွင် ကျွန်တော်အထူးသတိပြု မှတ်သားမိသောအချက်မှာ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူရာတွင် စိတ်ထားမှန်ကန်ခြင်းသည် အဓိကအချက်ဖြစ်ပါသည်။ စိတ်ထားဖြူစင်ဖြောင့်မတ် မှန်ကန်မှသာ ယုံကြည်မှုအားကောင်းသည်။ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ခြင်းသည် တစ်စုံတစ်ယောက်သောသူကို ကြောက်ရွံ့သောကြောင့် ဆည်းကပ်ကိုးကွယ်ခြင်းမျိုး မဖြစ်စေရ။ တစ်စုံတစ်ယောက်သောသူက ခိုင်းစေသောကြောင့်လည်း မဖြစ်စေရပါ။ ပစ္စည်းလာဘ်လာဘ၊ အာဏာ၊ ပါဝါစသည်တို့ ရယူလိုသောကြောင့် ကိုးကွယ်ဆည်းကပ်ခြင်းမျိုးလည်း မဖြစ်စေရပါ။ မိမိကိုယ်တိုင်မမှိတ်မသုန် ယုံကြည်သက်ဝင်သောကြောင့် ကိုးကွယ်ဆည်းကပ်ခြင်းမျိုးသာ ဖြစ်သင့်ပါကြောင်း အဆိုပါစာအုပ်က ဖော်ညွှန်းသည်။ အနှစ်သာရများကို ဆက်လက်တင်ပြပါရစေ။

တစ်နေ့တာလုပ်ငန်း

မေတ္တာဖြင့်နိုးထခြင်း

အရုဏ်ဦးအချိန်ကာလ၊ နေ့တစ်နေ့၏ဘဝ။ မေတ္တာဖြင့် နိုးထ၍ နေ့တစ်နေ့ကို စတင်သင့်၏။ သတ္တဝါ မှန်သမျှ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေဟု မေတ္တာပို့ခြင်းသည် အလွန်မွန်မြတ်သော အလုပ်ဖြစ်၏။ လောကကို မေတ္တာဖြင့် ရှုမြင်ခြင်း၊ အကောင်းမြင်အဖြစ်စတင်နိုးထခြင်းဖြစ်၏။ ဘာသာတရားကို ထိန်းသိမ်း၍ သူတော်ကောင်းဘဝဖြင့် တစ်နေ့တာ ဆက်လက် ရပ်တည်ခြင်းလည်းမည်၏။ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ရခြင်း မင်္ဂလာတရားနှင့်လည်းညီ၏။(စာ-၅၂)

ကံအကြောင်း

ကံနှင့်လက်တွေ့ဘဝတွင်

-နိုင်ငံတိုင်းတွင် လူမှုပညတ်ချက် ဥပဒေရှိ၏။ ထိုဥပဒေကို လူတိုင်း လိုက်နာကျင့်သုံးနေကြ၏။ ခိုးယူခြင်း၊ လုယက်ခြင်း၊ သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ သူ့သားမယားကျူးလွန်ခြင်း၊ ပုန်ကန်ခြင်းစသော အပြစ်တို့ကိုကျူးလွန်မိသူသည် မိမိ၏ မကောင်းသောအလုပ်ကြောင့် ဥပဒေအရ ငွေဒဏ်၊ ကြိုးဒဏ်၊ ထောင်ဒဏ်၊ သေဒဏ်ခံကြရသည်။

ဘာသာရေးလမ်းညွှန်ချက်များ

ဘာသာရေးလမ်းညွှန်ချက်များကြောင့် ကိုယ်ကျင့်တရားထိန်းသိမ်းကြ၏။ တစ်ဦးနှင့်တစ်ဦး ရိုသေကိုင်း ညွတ်ကြ၏။ လှူဒါန်းပေးကမ်း စွန့်ကြဲကြ၏။ ကူညီကြ၏။ ရိုင်းပင်းကြ၏။ သနားကြ၏။ မေတ္တာထားကြ၏။ ဤသည်တို့ကား ကံအလုပ်များပင် မဟုတ်ပါလော။ (စာ-၁၈၂)

သီလဟူသည်

သီလဟူသည် ပါဠိဝေါဟာရဖြစ်၏။ အသုံးအစွဲများသဖြင့် အခြားမြန်မာဝေါဟာရကဲ့သို့ပင် နားလည်ရန်လွယ်ကူပြီး မြန်မာဝေါဟာရ အသွင်ဆောင်နေပြီ။ သီလ၏အဓိပ္ပာယ်မှာ ပင်ကိုသဘော၊ အလေ့အထ၊ မြင့်မြတ်ကောင်းမွန်သောအကျင့် စသည်တို့သည် သီလ၏အနက်အဓိပ္ပာယ်ဖြစ်၏။ ကိုယ်ဖြင့်ပြုမှု၊ နှုတ်ဖြင့်ပြုမှုတို့ကို ဖရိုဖရဲမဖြစ်စေဘဲ ကောင်းစွာထားခြင်း၊ ကောင်းစွာဆောင်ခြင်းကို သီလဆောက်တည်သည်ဟုခေါ်သည်။ (စာ-၃၇၁)

သမာဓိဟူသည်

သမာဓိဟူသည် တစ်အာရုံတည်းမှာသာ စိတ်ရှိခြင်း၊ တည်ကြည်ခြင်းဖြစ်၏။ စိတ်ကို အာရုံအမျိုးမျိုးသို့ မပျံ့လွင့် မပြေးသွားစေဘဲ တစ်အာရုံတည်းမှာသာ ကောင်းစွာထားနိုင်ခြင်း (သမာဓာန) သည် သမာဓိ၏ သဘော အဓိပ္ပာယ်ဖြစ်သည်။ သမာဓိအလုပ်သည် စိတ်ကူးယဉ် အလုပ်မဟုတ်။ နှုတ်ဖြင့် ပြောရုံသာ ပြောရသော အလုပ်လည်းမဟုတ်။ လက်တွေ့အလုပ်ဖြစ်သည်။ သမထ၊ ဝိပဿနာ တစ်မျိုးမျိုးကို လက်တွေ့ကျင့်ကြံရှုပွားမှသာ သမာဓိရရှိနိုင်မည်။

ဆိတ်ငြိမ်သော နေရာရွေး၍ ရှုမှတ်ပြီး သမာဓိထူထောင်မည်ဆိုလျှင် စိတ်ထဲက တရစပ် ရှုမှတ်နေရမည်။ စိတ်ကို ဟိုသည်ရွေ့မသွားအောင် ဖမ်းနေခြင်းဖြစ်၏။ သတိဝီရိယကြီးစွာဖြင့် ရက်လများစွာ အားထုတ်သောအခါ စိတ်သည် တင်ထားသည့် ပစ္စည်းလို ဘယ်မှမရွေ့မလျား တည်ငြိမ်နေလိမ့်မည်။ ထိုအခါ ပတ်ဝန်းကျင်ရှိ အသံများကိုလည်း မကြား၊ ကြားသော်လည်း မကွဲပြား၊ အခြားဘာကိုမျှ သတိမထားဘဲ ရှုမှတ်သောစိတ်သည် စွဲမြဲငြိကပ်နေလိမ့်မည်။ ဤသို့ ဖြစ်တည်နေသောစိတ်ကို သမာဓိ (စိတ် တည်ကြည်ခြင်း) ဟုခေါ် ခြင်းဖြစ်၏။ (စာ-၃၇၄)

သမာဓိ၏စွမ်းရည်

သမာဓိ၏စွမ်းရည်အား ကြီးမားလှ၏။ ဤကား ဒုက္ခတည်း။ ဤကား ဒုက္ခဖြစ်ကြောင်းတည်း။ ဤကား ဒုက္ခချုပ်ရာတည်း။ ဤကား ဒုက္ခချုပ်ရာရောက်ကြောင်း အကျင့်တည်းဟု ဟုတ်တိုင်းမှန်စွာ သိ၏။ သမာဓိကို ကြိမ်ဖန်များစွာ ပွားများက မျက်မှောက်ဘဝ၌ ချမ်းသာစွာနေရခြင်း၊ ဉာဏ်အမြင်ရခြင်း၊ ဆင်ခြင်ဉာဏ်ရခြင်း၊ ကိလေသာအပေါင်း ကုန်ခန်းခြင်း အကျိုးတို့ကို ရနိုင်၏။(စာ-၃၇၅)

ပညာဟူသည်

ပညာဟူသည် ပါဠိဝေါဟာရဖြစ်သည်။ မြန်မာတို့အသုံးများပြီး နားယဉ်ရင်းနှီးနေသဖြင့် ပညာဟူသည် ပါဠိဝေါဟာရ ဖြစ်သလိုပင် မြန်မာဝေါဟာရအသွင်လည်း ဆောင်နေပြီဖြစ်သည်။ အများအပြား ကျယ်ကျယ်ပြန့်ပြန့် သိခြင်းသည်ပညာ၏ အဓိပ္ပာယ်ဖြစ်သည်။ ကောင်းကောင်း ဆိုးဆိုး၊ မည်သည့်အကြောင်းအရာမဆို အမှန်အတိုင်းသိရှိခြင်းသည် ပညာ၏ အဓိပ္ပာယ်ပင်တည်း။

ပညာသည် အရောင်အလင်းနှင့်တူ၏။ အရောင်အလင်းသည် အမှောင်ကို ပယ်ဖျက်နိုင်သလို ပညာ (သိခြင်း) သည်လည်း မောဟ (မသိခြင်း)ကို ပယ်ဖျောက်နိုင်သည်။ ထို့ကြောင့် “ပညာနှင့် တူသော အရောင်အလင်းမရှိ။ (ပညာသမာအာဘာနတ္ထိ) ဟုမြတ်ဗုဒ္ဓက ဟောကြားခဲ့ခြင်းဖြစ်၏။

ပညာ၏အကျိုးတရားများ

ပညာသည် အမျိုးဘာသာ၊ သာသနာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသည်တို့ကို လျင်မြန်စွာ ဆောင်ရွက်နိုင်မည်။ မည်သည့်အရာကိုမဆို ကောင်းမွန်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းသည် ပညာ၏ အရာဖြစ်ပါ၏။ ထိုပညာသည် မကောင်းမှုမဟုတ်။ ကောင်းမှုဖြစ်၏။ (စာ-၃၇၇)

သီလ၊ သမာဓိ၊ ပညာတို့၏ အဓိပ္ပာယ်ကို ရည်ညွှန်း စာအုပ်တွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းဖြစ်ပါ ပေ၏။

မိမိကိုယ်မိမိသတိ

ကျွန်တော်သည် ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်ကို ဖတ်ရှုပြီး မိမိကိုယ်မိမိ သတိမှတ်မိပါ၏။ တွေးခေါ်မိပါ၏။ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ ကျင့်ဝတ်၊ တာဝန်များ ကျေပွန်ပါပြီလား။ တရားမလိုက် အမှားကြိုက်နေပါလေသလား။ ပထမအရွယ်၊ ဒုတိယ အရွယ်၊ တတိယအရွယ် စသည့် အရွယ်သုံးပါးကိုရော သတိထားမိပါပြီလား။ အချိန်နှင့်ဒီရေသည် လူကိုမစောင့်ဟူသော ဆောင်ပုဒ်ကိုရော မေ့နေပါသလား။

ဤကျမ်းစာ၊ ဓမ္မရတနာသည် ဘဝရတနာအတွက်အလှဆင်ပေးခြင်း ဖြစ်လေပြီ။ “ဓမ္မရတနာ၏ အလှ မှသည် “ဘဝရတနာ သို့ ဆက်လက်ပို့ဆောင်နေ ခြင်းလည်းဖြစ်ပေသည်။ ဖတ်လေ၊ မှတ်လေ၊ ရှုလေ အကျိုးများလေဖြစ်ပေသည်။ အတွေ့အကြုံအရ အနည်းငယ်(စိမ်း)နေဦးမည် ဖြစ်သော်လည်း အလေ့အကျင့်၊ ဆည်းပူးမှုအရ သီလ၊ သမာဓိ၊ ပညာ ဝေဖြာပေလိမ့်မည်။ အေးချမ်းပေလိမ့်မည်။ ဗုဒ္ဓဘာသာဝင် ပီသလာပေလိမ့်မည်။

မေတ္တာဝတ်ရည်

ကျွန်တော်၏တစ်ကိုယ်လုံးမေတ္တာဝတ်ရည် ထုံသင်းစေပါမည်။ နေ့တစ်နေ့၏အစ၌ မေတ္တာဖြင့် နိုးထစေပါမည်။ သတ္တဝါမှန်သမျှ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ အားလုံးအောင်မြင်ကြပါစေ။ အခက်အခဲများ ဖြတ်ကျော်နိုင်ကြပါစေ။ မေတ္တာရေချမ်း ပက်ဖျန်းလိုက်ပါသည်။ ကျွန်တော့် တစ်ကိုယ်လုံး အေးချမ်းနေပါပြီ။ ကျွန်တော့်သူငယ်ချင်း၊ မိတ်ဆွေအပေါင်းလည်း အေးချမ်းနေကြပါပြီ။ အားလုံး အားလုံး အေးချမ်း သာယာရှိကြပါစေသတည်း။ ထပ်တူထပ်မျှ ရကြပါစေ သတည်း။

မကောင်းမှုရှောင်

မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ကြပါစို့။ သတ္တဝါအားလုံးအန္တရာယ်ကင်း ဝေးကြစေဖို့ ဆုတောင်းမေတ္တာပို့သကြပါစို့။

ဖြူသော စိတ်ကို မညစ်နွမ်းကြဖို့ သတိပြုကြစို့။ မြို့ရွာနိုင်ငံအနှံ့ အန္တရာယ်ကင်းရှင်းကြပါပြီ။ မေတ္တာဓာတ်ရစ်ပတ် လွှမ်းခြုံပါပြီ။ အချင်းချင်း ခိုက်ရန်ဒေါသ မပွားများကြတော့ပါပြီ။ ငြိမ်းချမ်းသာယာရှိကြပါပြီ။ ဤသို့ ကျွန်တော်ယုံသည်။

သီလ၊ သမာဓိ၊ ပညာစွမ်းရည်များဖြင့် အချင်းချင်းသိရှိနားလည် ခွင့်လွှတ်ကြပေပြီ။ ဤသို့ ကျွန်တော်ခံယူသည်။

နိဂုံး

(၁)

ဗုဒ္ဓဘာသာကောင်းတစ်ယောက် အမည်ရှိကျမ်းစာအုပ်သည် ဗုဒ္ဓဘာသာဝင်တိုင်းအတွက် လက်စွဲကျမ်းကြီးတစ်ဆူ ဖြစ်ပါပေသည်။

(၂) ကျွန်တော်တို့ ဆက်လက်လေ့လာ၊ ဖတ်ရှု၊ ကျင့်ကြံပွားများကြရဦးမည်ဖြစ်ပါကြောင်း။

ကြေးမုံ