ရေဦးမြို့နယ်တွင် သန့်ရှင်းသောသောက်သုံးရေရရှိရန် (၄) လက်မရေတွင်းများ တူးဖော်ပေးလျက်ရှိ

 

ရေဦး ၅  ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ထန်းဘဲလှကျေးရွာ၊ ထန်းတောကျေးရွာနှင့် အောင်ကဲ့ဇင်ကျေးရွာ တို့တွင် သန့်ရှင်းသောသောက်သုံးရေ ရရှိရန်အတွက် ဇန်နဝါရီလ ၂၂ ရက်နေ့က စတင်ပြီး (၄) လက်မ ရေတွင်းတူးဖော်ပေးလျက်ရှိသည်။

 

ထန်းဘဲလှကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၁၁ ဒသမ ၅) သန်းဖြင့် အနက်ပေ ၄၀ဝ ကိုလည်းကောင်း၊ ထန်းတောကျေးရွာတွင် ခွင့်ပြုရန်ပုံကျပ် (၂၁) သန်းဖြင့် အနက်ပေ ၇၀ဝ ကိုလည်းကောင်း၊ အောင်ကဲ့ဇင်ကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၁၁ ဒသမ ၅) သန်းဖြင့် အနက်ပေ (၄၀ဝ) ကိုလည်းကောင်း တွင်းနက်များကို သန့်ကြယ်စင် ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ တွင်းနက်များတူးဖော်နေမှုကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဦးနိုင်လင်းဦးနှင့် ဝန်ထမ်းများက ဖေဖော်ဝါရီလ ၄ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)

 

mdn