ရခိုင်ပြည်နယ်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ် ငြိမ်းချမ်းမှု

၆ ဇွန်

 

နိုင်ငံတစ်နိုင်ငံ(သို့မဟုတ်) လူ့အဖွဲ့အစည်းတစ်ရပ်၏ တည်ငြိမ်ငြိမ်းချမ်းမှုသည် ထိုနိုင်ငံ(သို့မဟုတ်) ထိုလူ့အဖွဲ့အစည်း၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် တိုက်ရိုက်မှီခိုလျက်ရှိပါသည်။ သို့ဖြစ်ပါ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံအချို့က ဝေဖန်ပြစ်တင်လျက်ရှိသော ရခိုင်ပြည်နယ်၏ တည်ငြိမ် ငြိမ်းချမ်းမှုရရှိရေးသည် ရခိုင်ပြည်နယ်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအပေါ် မူတည်လျက်ရှိပါသည်။ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုရရှိရေး ဆောင်ရွက်ရာ၌ မြေနေရာအသုံးချမှုကို မလွဲမသွေဆောင်ရွက်ရမည်ဖြစ်ပါသည်။ ရခိုင်ပြည်နယ်၌လည်း မလွဲမသွေဆောင်ရွက်ခဲ့ရသည့် မြေနေရာအသုံးချမှုတို့အတွက် ထိုက်သင့်သော မြေယာလျော်ကြေးငွေတို့ကို ပေးချေရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါသည်။

 

 

ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ရခိုင်ပြည်နယ်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အားထားရမည့် စီမံကိန်းတစ်ရပ် ဖြစ်ပါသည်။ ဤစီမံကိန်းက ဒေသခံပြည်သူတို့အား ဖြစ်နိုင်သမျှ အကျိုးပြုစေနိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (Environ mental Impact Assessment - EIA) နှင့်လူမှုရေး ထိခိုက်မှုဆန်းစစ်ခြင်း (Social Impact Assessment-SIA)အပါအဝင် ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင် စစ်တမ်းကောက်ယူမှု (Geological and Topographical-GT survey )တို့ကို ဆောင်ရွက်ရန်သက်ဆိုင်ရာ အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

 

 

ရခိုင်ပြည်နယ်၏ အလုပ်အကိုင်အခွင့်အလမ်း တိုးပွားရေးကိုလည်း ဆောင်ရွက်လျက်ရှိရာ လုပ်သားအင်အားထုအတွင်း ပါဝင်နိုင်မှုနည်းပါးနေသေးသည့် အမျိုးသမီးတို့၏ပါဝင်မှုကို မြှင့်တင်ရန်တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း၊ အိမ်တွင်းမှုသင်တန်းများ၊ စက်ချုပ်သင်တန်းများ၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာသင်တန်းများနှင့် သမဝါယမ မွမ်းမံသင်တန်း စသည်တို့ကို စုစုပေါင်း ၄၂ ကြိမ် ဖွင့်လှစ်ပို့ချခဲ့ရာ အမျိုးသမီး စုစုပေါင်း ၅၆၈ ဦး တက်ရောက်ခဲ့ပါသည်။

 

 

၂၀၁၈ ခုနှစ်၊ ဧပြီလကုန်တွင် ရခိုင်ပြည်နယ်၌ တံတား ၁၃ စင်းကိုရာနှုန်းပြည့်ပြီးစီးအောင် တည်ဆောက်နိုင်ခဲ့ပြီး ကျန်တံတား ၁၁ စင်းကိုလည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ ပြီးစီးအောင် တည်ဆောက်သွားမည်ဖြစ်ပါသည်။ မေယုတောင်ကျော်လမ်း နှစ်လမ်းမှာလည်း ၉၈ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ပါသည်။ ဖွံ့ ဖြိုးတိုးတက်ရေး၏ အခြေခံလိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဘူးသီးတောင်မြို့နယ်အတွက် ၂၀၁၈ ခုနှစ် ဇွန်လအကုန်တွင်လည်းကောင်း၊ မောင်တောမြို့နယ်အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအကုန်တွင် လည်းကောင်း မဟာဓာတ်အားလိုင်းမှ၂၄ နာရီဓာတ်အားပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများမီးလင်းရေးအတွက် ဆိုလာမီးစနစ်ပေါင်း ၈၀၉၂ စုံကို ဝယ်ယူပြီး ဖြစ်ပါသည်။ စစ်တွေလေဆိပ်နှင့် ကျောက်ဖြူလေဆိပ် အဆင့်မြှင့်တင်ခြင်းအပါအဝင် ဆက်သွယ်ရေးလုပ်ငန်းများ တိုးချဲ့လျက်ရှိသကဲ့သို့ ရခိုင်ပြည်နယ်၏ စီးပွားရေးဝန်းကျင် လွယ်ကူချောမောရေးကိုလည်း အာရုံစိုက်ဆောင်ရွက်လျက်ရှိပါသည်။

 

 

 

ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများ သောက်သုံးရေရရှိရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းစီမံကိန်းပေါင်း ၂၄၅ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်ပါသည်။ ရခိုင်ပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများ လယ်ယာသုံးစက်ပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်က၂၀၁၈ ခုနှစ် ပထမလေးလအတွင်း ကျပ်ငွေ ၁၂၈၅၃ သန်းကို ထုတ်ချေးပြီးဖြစ်ပါသည်။ ခေတ်မီစိုက်ပျိုးရေး နည်းစနစ်ဆိုင်ရာ နည်းပညာသင်တန်းတို့ကို ၃၄ ကြိမ်အထိ ဖွင့်လှစ်ခဲ့ရာ တောင်သူလယ်သမား ၁၃၃၁ ဦး တက်ရောက်သင်ကြားခဲ့ပါသည်။ ဤအချက်တို့ကို ကြည့်ရုံမျှဖြင့် နိ်ုင်ငံတော်အစိုးရသည် ရခိုင်ပြည်နယ်၏ တည်ငြိမ်ငြိမ်းချမ်းမှုအတွက် လူမှုစီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုလုပ်ငန်းအရပ်ရပ်ကို အားကြိုးမာန်တက် ဆောင်ရွက်နေသည်မှာ ပေါ်လွင်ထင်ရှားနေသည်ဖြစ်၍ များမကြာမီ ရခိုင်ပြည်နယ်သည် တည်ငြိမ်ငြိမ်းချမ်းလာမည်ဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။

 

မြန်မာ့အလင်း