ရခိုင်ရိုးရာ ဝါကျွတ်ပွဲနှင့် ထမင်းထောင်ပွဲ

မြန်မာသီတင်းကျွတ်ကို ရခိုင်ကဝါကျွတ်ဟုခေါ်သည်။ “ဝါ” သည် ပါဠိလိုနေခြင်း၊“ကျွတ်”မှာ လွတ်ကျွတ်ခြင်းဟု အဓိပ္ပာယ်မည်၏။ ဝါကျွတ်မှာပါဠိစကားနှင့် ရောနှောထားသောဝေါဟာရဖြစ်သည်။ ရဟန်းသံဃာတို့ ဝါဆိုဝါကပ် သီတင်းသုံးနေထိုင်ခြင်းမှ လွတ်ကျွတ်ခြင်းဟု ဆိုလိုခြင်းဖြစ်၏။ ရှေးအခါက ရခိုင်ဝေါဟာရများကို ပါဠိသံနှော၍ ခေါ်ဝေါ်ခြင်းအား ခန့်ညားသည်ဟု ယုံကြည်ကြ၏။ထို့ကြောင့် ရခိုင်ဟူသောဝေါဟာရကိုပင်“ရက္ခိုင်”ဟု ပါဠိသံ နှောပြီး ခေါ်ဝေါ်သုံးနှုန်းခဲ့သည်။ ဝါကျွတ်ဟူသောဝေါဟာရသည်မည်သည့်အချိန်က စတင်ခဲ့သည်ကို တိကျစွာ မသိရချေ။ ရခိုင်လူမျိုးတို့ ဗုဒ္ဓဘာသာဝင်စတင်ဖြစ်လာသည့်အချိန်မှစ၍ သုံးနှုန်းခဲ့သည်ဟု ယေဘုယျယူဆနိုင် သည်။

 

သက္ကရာဇ် ၄၈၈ ခု အေဒီ ၁၁၂၆ ခုတွင်ရေးထိုးသော ဒသရာဇာကျောက်စာကြောင်းရေ ၁ တွင် “သက္ကရာဇ် ၄၈၈ ခု ဝါကျွတ်လဆုတ် ငါးရက်နီးနိ” ဟု ပါရှိလေရာ ဝါကျွတ်သည် လေးမြို့ခေတ်တွင် ကျောက်ထက် အက္ခရာ တင်ရှိနှင့်ပြီးဖြစ်သည်။

 

ရဟန်းသံဃာတို့ ဝါဆိုလပြည့်နေ့မှစ၍အရပ်တစ်ပါးသို့ မကြွရတော့ပေ။ မိမိတို့မူလနေထိုင်ရာကျောင်းတွင်ပင် ဝါဆိုဝါကပ်သီတင်းသုံးကြရသည်။ ဝါကျွတ်လပြည့်နေ့ လွန်မြောက်မှသာလျှင် ဝါဆိုဝါကပ်ခြင်းကိစ္စပြီးမြောက်၏။ ထိုအချိန်မှသာ ရဟန်းသံဃာတို့ အရပ်တစ်ပါးသို့ကြွရသည်။ လူပုဂ္ဂိုလ်တို့သည်လည်း ဝါတွင်းကာလအတွင်း ဥပုသ်နေ့တိုင်းဥပုသ်သီလဆောက်တည်ကြ၏။ ရခိုင်လူမှုရေးဓလေ့တစ်ခုအနေဖြင့် အပျိုလူပျိုတို့ ဝါကျွတ်ပြီးမှ အိမ်ထောင်ပြုကြသည်။

 

ဝါကျွတ်လပြည့်နေ့သည် အခါကြီးနေ့ကြီးတစ်နေ့ဖြစ်သည်။ ရှေးခေတ်မှစ၍ ယနေ့တိုင်“သြင်္ကန်ဝါကျွတ် အခါကြီးနေ့ကြီး”ဟု ခေါ်စမှတ်ပြုခဲ့ကြ၏။ တစ်နှစ်တာအတွက် ထူးကဲသည့်လပင်ဖြစ်သည်။ ထို့ကြောင့် နှစ်သစ် ကူးအတာသြင်္ကန်ပွဲကဲ့သို့ ဝါကျွတ်လပြည့်နေ့တွင်ရခိုင်ရိုးရာ ဝါကျွတ်ပွဲတော်ကိုကျင်းပခြင်းဖြစ်သည်။

 

ဝါကျွတ်ပွဲတော်

 

ဝါကျွတ်ပြီဆိုလျှင် ရခိုင်လူမျိုးတို့သည်ရခိုင်ရိုးရာဝါကျွတ်ပွဲကို ခြိမ့်ခြိမ့်သဲမျှ ဆင်နွှဲကြလေသည်။ ဝါကျွတ်ပွဲတွင် မီးထွန်းပွဲ၊ဘုရားပွဲ၊ကောက်ဦးဆွမ်းတင်လှူပွဲ ၊ ဆွမ်းသိမ်းပွဲစသည်တို့ကို ကျင်းပလေ့ရှိသည့်နည်းတူ ရခိုင်ကျေး လက်ဒေသမှ လူအများတို့သည်လည်း ထမင်းထောင်ပွဲကို ကျင်းပလေ့ရှိသည်။

 

ထမင်းထောင်ပွဲကို ကောက်ဦး ဆွမ်းတင်ပွဲဟုလည်း ခေါ်၏။ ရှေးခေတ်အဆက်ဆက်ကပင်အစဉ်အလာမပျက် ကျင်းပခဲ့ခြင်း ဖြစ်သည်။ မည်သည့်အချိန်က စတင်ကျင်းပခဲ့သည်ကိုတိကျစွာမသိရချေ။စန္ဒသူရိယမင်းလက်ထက် မဟာမြတ်မုနိ ရုပ်ပွားတော်သွန်းလုပ်ပြီး ရခိုင်သားတို့ ဗုဒ္ဓဘာသာဝင် စတင်ဖြစ်လာသည့် အချိန်မှ စတင်ခဲ့သည်ဟုဆိုရပါမည်။

 

ဝေသာလီခေတ်တွင်လည်း ဗုဒ္ဓပူဇနိယအက၊ ယေဓမ္မဂါထာအကတို့ကို တွေ့ရသဖြင့် ဝါကျွတ်ပွဲတော်ကို စဉ်လာမပြတ် ကျင်းပလေ့ရှိခဲ့သည်။ လေးမြို့ခေတ်တွင် ဒသရာဇာကျောက်စာ၌ ဝါကျွတ်လဟူ၍ ကျောက်ထက် အက္ခရာတင်ထားပြီးဖြစ်လေရာ လက်ဆင့်ကမ်းကျင်းပခဲ့ကြောင်း ဖော်ညွှန်းနေသည်။

 

မြောက်ဦးခေတ် ဝါကျွတ်ပွဲတော်တွင်ထမင်းထောင်ပွဲ ကျင်းပခဲ့ပုံကို ရခိုင်ရတုစာဆိုဥက္ကာပျံ၏ “သူတော်မှိတ်မှတ် ၊ဝါကျွတ်သည့်ဆန်းလတ်ခါ လူ့ရွာပွဲသဘင်၊ဆီမီးတန်ဆောင်၊ပန်းထောင်ထီးကြီးဖြန့်၍၊ ဒါနပေးစွန့်ကြဲလှူ၊ ကောင်းမှုလက်ဆောင်၊ ထမင်းထောင်ကိုဝန်း၍၊ ပိန်းပေါင်းခရာ၊ တူရိယာသည်၊ လူ့ရွာရှုမြင် ခံစားနိုင်ပါသည်” ဟု ရေးသားခဲ့သည်။ယင်း အချက်တို့သည် ရခိုင်တို့ ရှေးခေတ်အဆက်ဆက်ကပင် ဝါကျွတ်ပွဲတော် ကျင်းပ ခဲ့ကြပုံကိုသမိုင်းမှတ်တမ်း၊ ကျောက်ထက်အက္ခရာ၊စာပေမှတ်တမ်းတို့ပင်ဖြစ်ပေသည်။

 

ထမင်းထောင်ပွဲ

 

ရခိုင်တို့သည် သီးနှံပေါ်စ ဝါကျွတ်လတွင်ထမင်းထောင်၊ ပန်းထောင်ပွဲများပြုလုပ်၍ဘုရားပုထိုးများတွင် အရုဏ် တက်၌ ပူဇော်ကျင်းပကြသည်။ ရှေးအခါက အမျိုးသမီးချည်းသာ စုပေါင်းပြုလုပ်သောပွဲဖြစ်၏။ယခုအခါ အမျိုး သား အမျိုးသမီး၊ လူပျိုအပျို၊ လူရွယ်အားလုံး စုပေါင်းပါဝင်ပြုလုပ်သည့်ပွဲဖြစ်လာသည်။ယခု အမျိုးသား အမျိုး သမီး၊ လူပျို အပျို၊ လူရွယ်အားလုံး စုပောင်းပါဝင်ပြုလုပ်သည့်ပွဲဖြစ်လာသည်။

 

ရခိုင်ပြည်သူတို့သည် ကောက်ပဲသီးနှံရိတ်သိမ်းချိန်၌ မဟာမြတ်မုနိဘုရားတွင်ကောက်ဦးဆွမ်းတင်လေ့ရှိသည်။ ရခိုင်ကျေးလက်နေရွာသူရွာသားများသည် ကောက်သစ်ဆန်ဖြင့် ဆွမ်းချက်ပြီး စေတီအရွယ်အမျိုးမျိုး ပြုလုပ်၍ လင်ဗန်းပေါ်တင်လျက် မဟာမြတ်မုနိရုပ်ပွားတော်ရှိရာသို့ ပျော်ရွှင်မြူးထူးစွာအတူတကွ လာရောက်ပူဇော်လေ့ရှိကြသည်ဟု စာဖတ်တက် ဦးဒိုးဝေရေး ရခိုင်မဟာရာဇဝင်ကြီးတွင် ရေးသားထားသည်။ ထိုသို့ ပူဇော်ခဲ့ကြသည့် ဓလေ့ပွဲတော်ကို မင်းထောင်ပွဲ (ခေါ်)ကောက်ဦးဆွမ်းတင်လှူပွဲဟု ခေါ်သည်။

 

ထမင်းထောင်ပွဲကျင်းပပုံ

 

ရှေးရိုးစဉ်လာမပျက် ထမင်းထောင်ပွဲတော်ကျင်းပပုံမှာ ရခိုင်တောင်သူလယ်သမားတို့ ဝါကျွတ်လတွင် ကောက် လတ်စပါးရိတ်သိမ်းကြသည်။ ထိုသို့အလျင်ဆုံးထွက်သောစပါးကိုထောင်း၍ ဆန်ကိုဆွမ်းအဖြစ် ချက်ပြုတ် ကာကျောင်းကန်ဘုရားသို့ တင်လှူသည့်ဓလေ့ဖြစ်သည်။

 

အဖိတ်နေ့ညနေပိုင်းမှစ၍ တစ်ရပ်လုံး၊တစ်ရွာလုံး အပျို၊ လူပျိုများစုရုံးကာ ဆန်ဖွပ်သူဖွပ်၊ ဆန်ရွေးသူရွေး စုပေါင်းလုပ်အားပေးကြသည်။ လူပျိုများက ဗောဓိညောင်ရွက်သွားရောက်ခူးကြ၏။ ယင်းသို့ဆောင်ရွက်စဉ် အချို့လူငယ်များက တေးကဗျာသီဆို၍ တီးမှုတ်ကခုန်ကြသည်။

 

ဝါကျွတ်လပြည့်နေ့ မိုးမလင်းမီကပင်ဆွမ်းချက်ပြုတ်သည်။ ဗောဓိညောင်ရွက်များကို ဖက်ကတော့ ပြုလုပ်၏။ ချက်ပြီးသောဆွမ်းကို ဖက်ကတော့များတွင်သွတ်ထည့်ကာ ပြောင်းပြန်လှန်ထားသည်။ ဖက်ကတော့ ကိုခွာ လိုက်လျှင် ရှေးခေတ်ကဆွမ်းချက်ပြီး စေတီပုံသဏ္ဌာန်ပြုလုပ်သကဲ့သို့ ထမင်းကတော့ ချွန်များဖြစ် လာသည်။ ထမင်းကတော့ချွန်တစ်ထောင်ပြုလုပ်ကြ၏။ ထိုထမင်းကတော့ချွန်များကို လင်ဗန်းများတွင်တင်ကာ ခေါင်းပေါ် ရွက်၍ကျောင်းကန်ဘုရားသို့ သွားရောက်ကပ်လှူပူဇော်ကြသည်။ လူငယ်တို့ အတီးအမှုတ်အက အခုံဖြင့် တေးကဗျာသီဆို၍ နောက်မှလိုက်ကြ၏။

 

ထမင်းထောင် (ခေါ်)ကောက်ဦးဆွမ်းတင်လှူပွဲကို စစ်တွေမြို့နယ်တွင် ယနေ့တိုင်အလေးအနက်ထား ကျင်းပ လေ့ရှိသည်။မြို့လည်းမြို့အလျောက်၊ ကျေးလက်လည်းကျေးလက်အလျောက် နှစ်စဉ်ဝါကျွတ်လတွင် ကျင်းပ နေကြဆဲပင်။ ထမင်းထောင် (ခေါ်)ကောက်ဦးဆွမ်းတင်လှူပွဲကို ယခုအခါ ဆွမ်းတော်ကြီး လောင်းလှူပွဲ ဟုလည်း ခေါ်လာကြသည်။ အဘယ်ကြောင့်ဆိုသော် စစ်တွေမြို့ပေါ်၌ ရပ်ကွက်တိုင်းရပ်ကွက်တိုင်း ညဦး ကတည်းကပင် ထမင်းဟင်းလျာများကိုဆွမ်းအဖြစ် မဏ္ဍပ်ထိုးချက်ပြုတ်ကြပြီးထမင်းအထုပ်တစ်ထောင်၊ ဟင်း သားငါးအထုပ်တစ်ထောင်စီပြုလုပ်ကြ၏။ နံနက်စောစောအရုဏ်တက်တွင် ရဟန်းသံဃာတော်များ  ရပ်ကွက် တိုင်းလှည့်လည်ကြရောက်စဉ် လောင်းလှူကြသော ဓလေ့အဖြစ်သို့ ဆန်းသစ်လုပ်ဆောင် လှူဒါန်းလာမှု ကြောင့်ဖြစ်သည်။

 

ထမင်းထောင်ဟင်းထောင်တေးကဗျာ

 

“ထမင်းထောင် ၊ ဟင်းထောင်”

 အသူ့ထမင်းထောင်ထောင်

ရွာတော်လုံးမှာပပန်းပြောင်

ထမင်းထောင်၊ ဟင်းထောင်ပေါ်စ

အသျှင်ပြည်မှ ၊ ဝါကျွတ်လ

ဟိန်းစပ်စပ် ၊ ဟိန်းစပ်ကြပေါင်

လယ်ပြင်စပါး ၊ ငဖြူယာမှာဘဲငန်းစားရေ

ငဖြူယာမှာဘဲငန်းစားရေ။

ဘဲငန်းစားတုန် ၊ ခွာစားတုန်

“ဒိုးဒိုး”လက်ကောက် ၊ အညင်းပြောက်

အပြောက်သုံးဆယ် ၊ ဈီးကဝယ်ရေ

ဈီးကဝယ်ပါသည့် ထမင်းထောင်

ရွာတော်လုံးမှာ ၊ လင်းပြောင်

 

အထက်ပါတေးကဗျာသည် ထမင်းထောင်(ခေါ် )ကောက်ဦးဆွမ်းတင်လှူပွဲတွင်သီဆိုကြသည့် ရေပန်းစားတေး ကဗျာတစ်ပုဒ်ဖြစ်သည်။ ရှေးခေတ် ထမင်းထောင်ပွဲမြင်ကွင်းကို ဖွဲ့ဆိုထားခြင်းမဟုတ်ပေ။ ယနေ့ခေတ် ကာလ ၏ ကျင်းပပုံမြင်ကွင်းကို ဖွဲ့ဆိုထားခြင်းသာဖြစ်ပါသည်။ တေးကဗျာကို အမည်မသိ အရပ်စာဆိုတစ်ဦး စပ်ဆို ထားခြင်းဖြစ်၏။

 

တေးကဗျာကိုကြည့်ခြင်းအားဖြင့် ထမင်းထောင်အပြင် ဟင်းထောင်ပါ ချက်ပြုတ်လောင်းလှူလာကြကြောင်း တွေ့ရသည်။ တောင်ယာကောက်လတ်စပါးကို ဆန်ဖွပ်၍ ထမင်းထောင်ဆွမ်းချက်ပြုတ်သကဲ့သို့ ကောက်ပဲ သီးနှံနှင့်သားငါး၊ ကြက်ပေါင်ဟင်းတို့ကိုပါ ဟင်းထောင်အဖြစ် ချက်ပြုတ်လှူဒါန်းလာကြသည်။ ထမင်း ထောင် ဆွမ်းချက်မည့်ကောက်သစ်ဆန်၊ ဟင်းထောင်ဆွမ်းချက်မည့် ဟင်းသီးဟင်းရွက်၊ သားငါး၊ ကြက်ပေါင် စသည့် အလှူပစ္စည်းများကို ဈေးမှလွယ်ကူစွာ ဝယ်ယူရရှိကြောင်း ရေးဖွဲ့ထားသည်။

ထမင်းထောင်၊ ဟင်းထောင်အဖြစ်ချက်ပြုတ်မည့် အလှူပစ္စည်းများကို မညင်းပြောက်အရောင်ရှိ အဘွား လက်ကောက်အရန် သုံးဆယ်တန်ဖိုးလောက်ဝယ် ယူချက်ပြုတ်လှူဒါန်းခြင်းဖြစ်ကြောင် ဟင်းထောင်အဖြစ် ချက်ပြုတ်သည့် ဟင်းသီးနှံ၊ သားငါး၊ကြက်ပေါင်တို့ကို ရခိုင်ရိုးရာ ဟိန်းစပ်စပ် ချက်ပြုတ်မည့်အတိုင်း ချက်ပြုတ် ထားသည့်ဟင်းလျာများဖြစ်ကြောင်း၊ ထိုသို့စီမံထားသောထမင်းထောင်၊ ဟင်းထောင်တို့ကို ဝါကျွတ်  လပြည့်နေ့ အရုဏ်တက်တွင် လှူဒါန်းခြင်းဖြစ်ကြောင်း၊ ရွာလုံးကျွတ် နယ်လုံး ကျွတ် လှူဒါန်းသည့် အလှူထူးကြီးဖြစ်၍ လွန်စွာစည်ကား လှပါကြောင်း စသည့်ရခိုင်ရိုးရာဓလေ့ထမင်းထောင်၊ ဟင်းထောင် အလှူပွဲ တော်မြင်ကွင်းကို ထိထိမိမိ ရှုမြင်ခံစားနိုင်အောင် ဖွဲ့ဆိုထားသည်ကို တွေ့ရသည်။

 

တေးကဗျာမှ ရခိုင်ဝေါဟာရ အဓိပ္ပာယ်

 

၁။ ထမင်းထောင် -

ထမင်းအထုပ်တစ်ထောင်

၂။ ဟင်းထောင် -ဟင်းအထုပ်တစ်ထောင်

၃။ ရွာတော်လုံး =ရွာလုံးကျွတ်

၄။ ပပန်းပြောင် = အားလုံးကုန်အောင်လှူဒါန်းသည်

၅။ ခွာ = ခိုသတ္တဝါကောင်

၆။ ဒိုးဒိုး = အဘွား

၇။ ဟိန်းစပ်စပ် = အလွန်စပ်သည်

၈။ ဈီးကဝယ်သည် = ဈေးကဝယ်သည်

 

ကောက်ဦးဆွမ်းတင်ယိမ်းအက

 

ထမင်းထောင်(ခေါ်)ကောက်ဦးဆွမ်းတင်လှူပွဲဓလေ့ကို ကောက်ဦးဆွမ်းတင်ယိမ်းအကအဖြစ် တီထွင်ဖန်တီးခဲ့ သည်။ ၁၉၇၆ ခုနှစ်၂၉ ကြိမ်မြောက် ပြည်ထောင်စုနေ့ တိုင်းရင်းသားရိုးရာပဒေသာကပွဲတွင် မြောက်ဦး မြို့နယ်ယဉ်ကျေးမှုအဖွဲ့က “ကောက်ဦးဆွမ်းတင်ယိမ်းအက”ကို တင်ခဲ့သည်။ ရခိုင်လူမျိုးတို့သည် ဗုဒ္ဓဘာသာဝင်ဖြစ် သည်နှင့်အညီ အဦးဆုံး ပေါ်သောစပါးကို ဗုဒ္ဓမြတ်စွာဘုရားထံဆွမ်းတော်ကပ်လေ့ရှိသည်။ 

 

ယင်းရိုးရာဓလေ့ကို ဖော်ထုတ်သည့်အနေဖြင့် ကောက်ဦးဆွမ်းတင်ယိမ်းကို တင်ဆက်ခဲ့ခြင်းဖြစ်၏။ယိမ်းအက ကကွက်ကဟန်ကို သျှစ်သောင်းပုထိုးလိုဏ်ဂူအတွင်းရှိ ရှေးရုပ်ကြွရုပ်လုံးများကိုအခြေခံ၍ တီထွင်ထား ခြင်းဖြစ်သည်။တေးသွားဆိုရာ၌ ရခိုင်ရိုးရာဂီတသဘာဝတူရိယာ “စည်”နှင့် “ပြွီ”(ပုလွေ)ကို တီးမှုတ်ကြ၏။

 

ရခိုင်ဓလေ့များ

 

ဝါကျွတ်ပွဲတော်ကို ခေတ်အဆက်ဆက်စဉ်လာမပျက် ကျင်းပခဲ့ခြင်းမှသည် ရခိုင်သူရခိုင်သားအားလုံး ဗုဒ္ဓဘာ သာကို ယုံကြည်သူပီပီ

 

၁။ မြတ်စွာဘုရားရှင်ထံ အဦးဆုံးပေါ်သော ကောက်လတ်စပါးကို ဆန်ဖွပ်၍ဆွမ်းချက်လှူဒါန်းသည့် ထမင်း ထောင်(ခေါ်)ကောက်ဦးဆွမ်းတင်ဓလေ့

၂။ မြတ်စွာဘုရားအားရည်စူး၍ ဆီမီးထောင်၊ ပန်းထောင်၊ ပန်းဆီမီးပူဇော်သည့် ဓလေ့

၃။ အခါကြီးနေ့ကြီးဥပုသ်နေ့များတွင် ဥပုသ်သီလဆောက်တည်သည့်ဓလေ့

၄။ အပျို၊ လူပျိုတို့ ဝါကျွတ်ပြီးမှ အိမ်ထောင်ပြုတက်သည့် ဓလေ့များ ဖြစ်ထွန်းစေခဲ့ပါသည်။

 

ယင်းဓလေ့မျာသည် ယနေ့တိုင် အလေးအနက်ထားစောင့်ထိန်းကြသည့် မူပိုင်ဓလေ့များအဖြစ် ကောင်းမြတ် သည့်ပြုဆောင်ဖွယ်ရာများကိုပြုလုပ်၍ မင်္ဂလာယူကြသည်။ထိုသို့သောထုံးတမ်းစဉ်လာများသည် ရခိုင်လူမျိုးတို့၏ အမျိုးသားသင်္ကေတ၊ အမျိုးသားရေးစရိုက်လက္ခဏာတို့ပင်ဖြစ်ကြ၍ အမျိုးဂုဏ်၊ဇာတိဂုဏ်မြင့်မားအောင် စောင့် ထိန်းကြစေလိုကြောင်း ရေးသားလိုက်ရပါသည်။ ။

 

မောင်မောင်ကျော့(ပလက်ဝ)