ရခိုင်တို့၏အတိတ်ကာလ သမိုင်းကြောင်းနှင့် စာပေအရေးအသားလေ့လာနိုင်သည့် အာနန္ဒစန္ဒြကျောက်စာ

၁၀ နိုဝင်ဘာ

 

ရခိုင်တို့၏ ရှေးဟောင်းယဉ်ကျေးမှုလက်ရာများ စုဝေးရာ မြောက်ဦးမြို့ကို အေဒီ ၁၄၃ဝ ခုနှစ်တွင် ဘုရင် မင်းစောမွန် တည်ထောင်ခဲ့သည်။ မြောက်ဦးမြို့သည် အေဒီ ၁၇၈၄ ခုနှစ်တိုင်အောင် ရခိုင်မင်းဆက် ၄၉ ဆက်မျှ အဆက်မပြတ်နန်းစံခဲ့သည်။ ဝေသာလီမြို့ဟောင်းသည် မြောက်ဦးမြို့မှ ငါးမိုင်အကွာတွင်ရှိသည်။ ကောင်းကင်မှရိုက်ယူထားသော ဓာတ်ပုံများကိုကြည့်လျှင် ဝေသာလီမြို့ရိုးနှင့်နန်းရာကုန်းကို အထင်းသား တွေ့မြင်နိုင်သည်။ ဝေသာလီတွင် အာနန္ဒစန္ဒြမင်းသည် အေဒီရှစ်ရာစု အဦးပိုင်းလောက်တွင် ရခိုင်ပြည်၌ နန်းစံခဲ့သော ဘုရင်တစ်ပါးဖြစ်သည်။ ထိုမင်းသည် ဘေးတော်၊ ဘိုးတော်တို့ရေးသားခဲ့သော ကျောက်စာတိုင်ကြီးတွင် မိမိလုပ်ဆောင်မှုများကို ရေးထိုးစေခဲ့သည်။ ရေးထိုးသော လက်ရေးလက်သားမှာ အလွန်လှပသေသပ်၏။ စပ်ဆိုသောဂါထာများလည်း အဆင့်အတန်းမြင့်သည်။ ဖွဲ့နွဲ့ပုံမှာလည်း အတုယူ ဖွယ်ရာကောင်း၏။ သမိုင်းအလိုအရ ယင်းကျောက်စာမှ ရခိုင်လူမျိုးတို့၏ သမိုင်းကြောင်းနှင့် အလွန်အဖိုးတန်သော အချက် အလက်များ ရရှိစေခဲ့သည်။ ၎င်းမင်းရေးထိုးခဲ့သည့် အနောက်ဘက် မျက်နှာစာများကို ယနေ့တိုင်ကောင်းစွာ ဖတ်ရှုနိုင် သေးသည်။

 

ဝေသာလီနန်းမြို့ဟောင်း

 

ဝေသာလီမြို့ဟောင်းကို မြောက်ဦးမြို့မြောက်ဘက် ငါးမိုင်အကွာ ရန်ကုန်-စစ်တွေကားလမ်းအနီးတွင် တွေ့ရှိနိုင်သည်။ နန်းမြို့မြောက်ဘက်တွင် ဝေသာလီဘုရားကြီးရှိ၏။ ကြီးမားသောကျောက်တုံးကြီးဖြင့် ထုဆစ်ခဲ့ခြင်း ဖြစ်သည်။ ဉာဏ်တော်အမြင့် ၁၇ပေခန့်ရှိ၏။ အနောက်ဘက်တွင် နန်းမြို့ အပြင် မြို့ရိုး၊ မြို့တံခါး၊ ဘုရားရှိသည်။ တောင်ဘက်တွင် သင်းကျစ်တော်ဘုရားရှိ၏။

 

ယခင်အစိုးရ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေတနဦးစီးဌာနမှ အထက်တန်းအရာရှိ ဦးမြင့်အောင် ဦးဆောင်ပြီး ဝေသာလီမြို့ဟောင်း တူးဖော်ရေးလုပ်ငန်းဆောင် ရွက်ခဲ့သည်။ ယင်းသို့ တူးဖော်မှုကြောင့် ရှေး ဟောင်းနန်း လက်ရာများ၊ ဘုရားစေတီပုထိုး၊ ရုပ်ပွားတော်များ၊ ကျောက်စာ၊ ကြေးနီပြားစာနှင့် ဒင်္ဂါးများ တူးဖော်ရရှိခဲ့သည်။ နွားလား ဥဿဘနည်းတူ ကျောက်နွားရုပ်တစ်ခုကိုလည်း တူးဖော်တွေ့ရှိခဲ့၏။ တူးဖော် တွေ့ရှိခဲ့သော အချက်အလက်များအရ ဝေသာလီ နေရာကို ရခိုင်ပြည်တွင်ဟု အခိုင်အမာထောက်ပြနိုင်ခဲ့သည်။ ယင်းသို့ တူးဖော်အားဖြည့်မှု၊ ပညာရှင်တို့၏ကြိုးပမ်းအား ထုတ်မှုတို့ပေါင်းစပ်၍ ဝေသာလီသည် ရခိုင်ပြည်တွင် အမှန်တကယ်ရှိသော နန်းမြို့ဟောင်းတစ်မြို့ဖြစ်ကြောင်း ရုပ်လုံးပေါ်လာခဲ့သည်။

 

ဝေသာလီကို မည်သူတည်ထောင်ခဲ့ သနည်း။ ရခိုင်ရာဇဝင်တွင် မဟာတိုင်း စန္ဒြမင်းတည်ထောင်ခဲ့သည်ဟု ဖော်ပြပါရှိ သည်။ ဒေါက်တာဂျွန်စတင်က ကျောက်စာ အနောက်ဘက်မျက်နှာစာကို ဖတ်ရှုပြီး ဝေသာလီတွင် မင်းပေါင်း ၃၇ ပါး စိုးစံခဲ့ကြောင်း၊ ယင်းမင်းတို့ကို မင်းဆက်သုံးဆက် ခွဲခြားဖော်ပြထားကြောင်း၊ ဒုတိယ မင်းဆက် တည်ထောင်သူ ဒွေဝံစန္ဒြမင်းဖြစ်ကြောင်း၊ ခရစ်နှစ် ၃၅ဝ ခန့်တွင် စတင်တည်ထောင်သည်ဟု ယူဆခဲ့သည်။ ကျောက်စာပါ ဂါထာ အပိုဒ် ၁၉ ၊၂ဝ ၊ ၂၁ ပါ အကြောင်းအရာများအရ ပညာရှင်အသီးသီးက ဒုတိယမင်းဆက် တည်ထောင်သူမှာ ဒွေဝံစန္ဒြမင်းဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ ကျောက်စာတွင် မြို့ အမည်ကို ရေးထိုးထားခြင်းမရှိပေ။

 

ဒွေဝံစန္ဒြမင်းတည်ထောင်သည်ဟု ဆုံးဖြတ်ခဲ့မှုကြောင့် ကျောက်စာပါ ပထမမင်းဆက်ကို ဓညဝတီခေတ်မင်း ဆက်ဟုပင် သမိုင်းခေတ် ခွဲခြားရတော့မည်အခြေအနေကို တွေ့ကြုံလာခဲ့ရသလို ပထမမင်းဆက်၏ သမိုင်းခေတ်ခွဲခြား နေရာရှိမှုအတွက် ဓညဝတီမင်းဆက်များ၏ ကန့်သတ်ထားမှုသည် ကျောက်စာပါ ပထမ မင်းဆက်မှာ ဝေသာလီမင်းဆက် ဟုတ်၊ မဟုတ် ပြန်လည်ဆန်းစစ်ရမည့် အခြေအနေ မျိုးလည်း ရင်ဆိုင် လာရပြန်သည်။

 

ဤသို့ဆိုလျှင် အစဉ်အဆက်လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြသော ဓညဝတီမင်းဆက်ကို မျက်ကွယ်ပြုရ တော့မည်လော၊ ကျောက်စာပါ ပထမမင်းဆက်ကိုသာ အတည်ယူရမည်လော ပြဿနာတစ်ရပ် ပေါ်ပေါက်လာ ပေသည်။ ကျောက်စာသည် ရာဇဝင်ကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။ သို့သော် ယခင်ကစိတ်ကူးယဉ်မျှသာ ယူဆခဲ့ကြသောဝေသာလီသည် အာနန္ဒစန္ဒြကျောက်စာနှင့် ဝေသာလီမြို့ဟောင်းမှ တူးဖော်တွေ့ ရှိရသည့် ရုပ်ဝတ္ထုသက်သေအထောက်အထားများကြောင့် ရခိုင်သမိုင်းတွင် အထင်အရှားရှိခဲ့သော နန်းမြို့ ဟောင်းတစ်ခုအဖြစ် သိမြင် လာခဲ့ရသည်။

 

အာနန္ဒစန္ဒြကျောက်စာ

 

ဘုရင်မင်းဗာကြီး (အေဒီ ၁၅၃၁- ၁၅၅၃) လက်ထက် သျှစ်သောင်းပုထိုးတော်ကို အေဒီ- ၁၅၃၅ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သည်။ အာနန္ဒစန္ဒြကျောက်စာမှာ ဝေသာလီမြို့ဟောင်းမှ သျှစ်သောင်းပုထိုးတော်ကြီးသို့ အေဒီ ၁၅၃၆ ခုနှစ်တွင် မင်းဗာကြီးမှ ပြောင်းရွှေ့ စိုက်ထူခဲ့ခြင်းဖြစ်သည်။ သျှစ်သောင်း ဘုရားသို့အတက် ၁၆ ပေ မြင့်သောနေရာရှိ မုခ်ဝတွင် အမြင့်ကိုးပေခုနစ်လက်မ၊ အကျယ် နှစ်ပေ လေးလက်မပတ်လည်ရှိ ကျောက်စာ တိုင်တစ်တိုင်ကို ယနေ့တိုင်တွေ့နိုင်သေး သည်။ ယင်းကျောက်စာတိုင်ကို လက်ရှိတည်ရှိ နေသည့်နေရာကို အစွဲပြု၍သျှစ်သောင်းဘုရား ကျောက်စာတိုင်ဟုလည်း ခေါ်တွင်ကြသည်။

 

အာနန္ဒစန္ဒြကျောက်စာသည် ဗြဟ္မီပွား အက္ခရာကိုအသုံးပြု၍ သက္ကတဘာသာဖြင့် ရေးထိုးထားသော ကျောက် စာတိုင်ဖြစ်သည်။ ကျောက်စာတိုင် အရှေ့ဘက်မျက်နှာကို ခြောက်ရာစု၊ အနောက်ဘက်မျက်နှာကို ရှစ်ရာစု၊ မြောက်ဘက်မျက်နှာကို ၁ဝ ရာစု လောက်က ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု ခန့်မှန်းကြသည်။ ကျောက်စာတိုင်မှာ လေးမျက်နှာရှိပြီး အရှေ့ဘက်၊ အနောက်ဘက်၊ မြောက်ဘက်တို့တွင်သာ အိန္ဒိယမြောက်ပိုင်းသုံး ရှေး အက္ခရာများဖြင့် ကျောက်စာတစ်တိုင် တည်းတွင် အေဒီ ၆ဝဝ မှ အေဒီ ၁ဝဝဝ အတွင်း အနှစ် ၂ဝဝ မျှစီခြား၍ ဗြဟ္မီပွား အက္ခရာသုံးမျိုးဖြင့် ရေးထိုးထားသည်။ ကမ္ဘာတွင်ပင် ခပ်ရှားရှား ကျောက်စာတိုင်ဖြစ်သည်။ ကျောက် စာတိုင်ပါ စာသုံးမျိုးအနက် ရှေးအကျ ဆုံးမှာ အရှေ့ဘက်မျက်နှာစာဖြစ်သည်။

 

မောင်မောင်ကျော့-ပလက်ဝ