ရန်ကုန်မြို့ ဆိပ်ကမ်းမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် လာရောက်လေ့လာကြည့်ရှု

ရန်ကုန်     ၃ နိုဝင်ဘာ   
 
 
 
၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်၌ ယနေ့ နံနက်ပိုင်း တွင် မိသားစုရပ်ကွက်နှင့် ရဲရိပ်သာရပ်ကွက်တို့၌ ကျင်းပရာ အဆိုပါ ကြားဖြတ် ရွေးကောက်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး လာရောက်ကြည့်ရှု အားပေးခဲ့ ကြောင်း သိရသည်။
 
 
 
 
 
“ကျွန်တော်တို့က မြန်မာ့ဒီမိုကရေစီအရေးကို အမြဲထောက်ခံခဲ့ပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ ရွေး ကောက်ပွဲတွေကလည်း နိုင်ငံတစ်နိုင်ငံတိုးတက်မှုအတွက် အလွန်ပဲ အရေးကြီးပါတယ်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ နေပြည်တော်မှာ သွားတွေ့တဲ့အခါ ရွေးကောက်ပွဲ ကျင်းပရာ မဲရုံတွေကို သွားရောက်လေ့လာဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါကြောင့် လေ့လာဖြစ်တာပါ။ အခုလို မြေပြင်ဆင်းလေ့လာတဲ့အခါမှာလည်း  ချောချောမွေ့မွေ့ တွေ့ရလို့လည်း ဝမ်းသာပါတယ်။ လာမယ့် အင်္ဂါနေ့မှာလည်း အမေရိကန်မှာ အခုလို ရွေးကောက်ပွဲလုပ်ဖို့ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း အခုလိုပဲ ပွင့်လင်းမြင်သာစွာ ကျင်းပသွားမှာပါ။ ရွေးကောက်ပွဲတွေလုပ်တဲ့အခါမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကွာဟမှု နည်းနည်းတော့ ရှိပါတယ်” ဟု ယနေ့ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲသို့ လာရောက်လေ့လာသော မြန်မာနိုင်ငံဆိုင်ရာ အမေ ရိကန်သံအမတ် H.E Scot Marciel က ပြောသည်။
 
 
 
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် H.E Scot Marciel သည် ယနေ့ ၂၀၁၈ ကြားဖြတ်ရွေး ကောက်ပွဲကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲရုံများသို့ ကိုယ်တိုင်သွားရောက်လေ့လာခဲ့ပြီး ပြီးခဲ့သော ၂၀၁၇ ကြားဖြတ်ကောက်ပွဲ၌လည်း ယခုကဲ့သို့ ကိုယ်တိုင်မြေပြင်ကွင်းဆင်း လေ့လာမှုများရှိခဲ့ကြောင်း သိရ သည်။ 
 
 
 
ယနေ့ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်၌ ကျင်းပသည့် ၂၀၁၈ ကြားဖြတ်ရွေး ကောက်ပွဲတွင် မိသားစုရပ်ကွက်နှင့် ရဲရိပ်သာရပ်ကွက်တို့၌ မဲရုံနှစ်နေရာခွဲကျင်းပရာ ရဲရိပ်သာရပ်ကွက်မဲရုံတွင် မဲဆန္ဒရှင် အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၇၆၄ဦး မဲပေးခဲ့ပြီး၊ မိသားစုရပ်ကွက် ဓမ္မာရုံ၌ အမျိုးသမီး၊ အမျိုး သား စုစုပေါင်း ၆၈၈ ဦးမဲပေးခဲ့သည်။ 
 
 
 
ယင်းမဲရုံနှစ်ရုံတွင် မဲဆန္ဒရှင် အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၁၄၃၄ ဦး ပေးခဲ့ပြီး ကြိုတင်မဲကို အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၁၄ ပေးခဲ့သည်။ ယင်းမဲရုံများ၌ ပါတီ ရှစ်ခုဝင် ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်သီးပုဂ္ဂအနေဖြင့် တစ်ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ 
 
 
 
ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ လာရောက်ဆန္ဒမဲပေးသော ရဲရိပ်သာရပ်ကွက်မှ ဦးတင့်ဝေက “အခုလို လွတ်လွတ်လပ်လပ်နဲ့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမရှိဘဲ မဲပေးခွင့်ရတာ ကျေနပ်ပါတယ်။ တိုင်းပြည်ရဲ့ တစ်ထောင့်တစ်နေရာအတွက် လွှတ်တော်အမတ်တွေ ရွေးတဲ့အခါ ကိုယ်ရွေးချယ်ပေးလိုက်တဲ့ သူက ပြည်သူတွေအတွက် ဘယ်လောက်အလုပ်လုပ်ပေးနိုင်မလဲ၊ ဘယ်လောက်အထိ စွမ်းဆောင်ပေးနိုင်မလဲ၊ လွှတ်တော်ပဲ တက်နေတယ်၊ ပြည်သူအတွက်လည်း ဘာမှမလုပ်ပေးနိုင်ဘူး၊ မပြောပေးနိုင်ဘူးဆိုရင် မဲပေးရကျိုး နပ်မှာမဟုတ်ပါဘူး။ ဒီနေ့တော့ တကယ် လုပ်ပေးနိုင်မယ်ထင်တဲ့သူကို မဲပေးခဲ့တာပါ။ လိုက်ပြီးစည်းရုံး ကတည်းက သေချာစဉ်းစားဆုံးဖြတ်ပြီး ဒီကနေ့ ပေးခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။ 
 
 
 
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်၌ ယနေ့ကျင်းပသော ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံများကို နံနက် ၆ နာရီမှစတင်ဖွင့်လှစ်ခဲ့ပြီး  ညနေ ၄ နာရီတွင် မဲရုံပိတ်သိမ်းခဲ့ကာ ရွေးကော်ပွဲကော်မရှင်မှ တာဝန် ရှိသူများက ကြားဖြတ်ရွေးကောက်ပွဲ ဥပဒေစည်းမျဉ်းနှင့်အညီ ပြည်သူများရှေ့တွင် ပွင့်လင်းမြင်သာစွာ မဲပုံးဖွင့် ရေတွက်ခဲ့ရာ အဆိုပါဒဂုံဆိပ်ကမ်းမြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်သော ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးနေမျိုးအောင်က အနိုင်ရခဲ့ကြောင်း သိရသည်။ 


မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်