ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် အဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲ မတ်လအတွင်း ကျင်းပမည်

နေပြည်တော် ၁၅ ဇန်နဝါရီ 

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် အဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲကို မတ်လ ၃၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီး၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် အဆင့်ဆင့်ရွေးကောက် တင်မြှောက်ပွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်များနှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များအဖြစ် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့် ဝင်ရောက်ရွေးကောက်ခံလိုသော ကိုယ်စားလှယ်လောင်းများအနေဖြင့် ဇန်နဝါရီလ ၁၈ ရက်မှ ၂၈ ရက်အထိ မိမိနေထိုင်ရာ မြို့နယ်များရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အဆိုပြုလွှာ တင်သွင်းခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း အမည်စာရင်းတွင် ပါဝင်သူများအနေဖြင့် ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၂၉ ရက်အထိ မဲဆွယ်စည်းရုံးခြင်းများကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီဝင် အဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃၃)မြို့နယ်တွင် မဲဆန္ဒနယ် (၆)ခုဖြင့် ကျင်းပသွားမည်ဖြစ်သည်။ 

 

မောင်မောင်မျိုး