ရန်ကုန်မြို့တော်စည်/ပင်သို့ အမှိုက်သိမ်းယာဉ်လှူဒါန်း

ရန်ကုန် ၈ ဇန်နဝါရီ 

 

အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်းရပ်ကွက်နေ Best Bettery Trading ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးမှ ကျပ်သိန်း (၁၄၀)ကျော်တန်ဖိုးရှိ အမှိုက်သိမ်းယာဉ်နှင့် ယာဉ်နှင့်သက်ဆိုင်သော အထောက်ထားစာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်က အင်းစိန်မြို့နယ်ခန်းမဆောင်ရှေ့၌ ကျင်းပခဲ့သည်။

 

ဒီရပ်ကွက်က ကျွန်တော့မွေးဇာတိပါပဲ။ လူမှုအကျိုးပြုလုပ်ငန်းကို ငယ်ငယ်ထဲက ဝါသနာပါတာပါ။ လူမှုနယ်ပယ်မှာ နေရာတိုင်းလိုလို အမှိုက်ကိစ္စက အရေးပါနေတယ်‌လေ။ စွန့်ပစ်အမှိုက်ကြောင့် ကျန်မားရေးထိခိုက်တယ်။ မြောင်းပိတ်တယ်။ လမ်းသန့်ရှင်မှုလည်းမရှိဘူး။ ဒီနယ်မြေ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေက အမှိုက်ထုပ်ကောက်စနစ်နဲ့ လုပ်ပေးတော့ တော်တော်လေး အဆင်ပြေတာတွေ့ရတယ်။ အိမ်တိုင်းက စွန့်ပစ်မယ့်အမှိုက်ကို အလွယ်တကူ မိမိအိမ်ရှေ့ထုပ်ပိုးပြီး ချထားလိုက်ရုံနဲ့ပြီးပါတယ်။ ဒါ‌ကြောင့် ဒီအတွက်ကားလိုတယ်၊ တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေဖို့ ကျွန်တော့တို့မိသားစုရဲ့ စုဆောင်းရငွေနဲ့ အမှိုက်သိမ်းယာဉ်တစ်စီး ဝယ်လှူလိုက်တာပါဟု အလှူရှင် ဦးသန်းဦးက ပြောသည်။

 

အခမ်းအနားတွင် Best Bettery Trading ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးမှ အမှိုက်သိမ်းယာဉ်နှင့် ယာဉ်နှင့်သက်ဆိုင်သော အထောက်ထားစာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးသူရအောင်နှင့် လက်ထောက်ဌာနမှူး ဦးသန်းဌေးတို့က လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်း - မျိုးမင်းသိန်း(မရမ်းကုန်း)

ဓါတ်ပုံ - မျိုးကြီး