ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ဒေသခံပြည်သူများပြောကြားသည့် အာဇာနည်နေ့ အမှတ်တရစကား 

တွေ့ဆုံမေးမြန်း - ညွန့်ကိုကို၊ ဓာတ်ပုံ-ဖိုးထောင်

 

(၇၂) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတစ်ဝန်းတွင် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့သတိရသောအားဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင်နေထိုင်သည့် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ “အများပြည်သူပြောကြား အာဇာနည်နေ့ အမှတ်တရစကား” အစီအစဉ်အတွက် စုစည်းဖော်ပြလိုက်ရသည်။ 

 

ဦးစိန်ဝင်း (အငြိမ်းစားကျောင်းဆရာ)

 

၁၉၆၅ ခုနှစ် ကနေ ၁၉၈၇ ခုနှစ်အထိ ရန်ကုန်တိုင်း ပြည်သူ့ကောင်စီဝင်အဖြစ် တာဝန် ယူခဲ့တယ်။ အရင် အဘိုးတို့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်မှာတော့ လူထုအစည်းအဝေးပွဲတွေ လုပ်တာက အလုပ်သမားနေ့ရယ်၊ တောင်သူလယ်သမားနေ့ရယ်၊ ပြည်ထောင်စုနေ့ရယ်ပါ။ အာဇာနည်နေ့ကတော့ အလံတင်အခမ်းအနား လုပ်တယ်။ မြို့တော်ခန်းမမှာ အာဇာနည်တွေကိုရည်စူးပြီး ဆွမ်းကပ်တယ်။ အာဇာနည်ဗိမာန် မှာ နိုင်ငံတော်အဆင့်ကနေ လွမ်းသူ့ပန်းခွေချတယ်။ ရုပ်ရှင်အစည်းအရုံး၊ အလုပ်သမား အစည်းအရုံးစတဲ့ လူထုလူတန်းစားအသီးသီးကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေလည်း လာရောက်ဂါရဝပြုကြတယ်။ ဒီခေတ်မှာတော့ အာဇာနည်ပုဂ္ဂိုလ်တွေကို အခုလို ပြန်လည် ဖော်ထုတ်ပေးတာတွေ၊ ၁၉၈၈ နောက်ပိုင်း ခမ်းခမ်းနားနားမလုပ်ဖြစ်ခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားမှာ ဥဩဆွဲတာကအစ အခု ဒီမိုကရေစီ အစိုးရခေတ်မှာ ခမ်းခမ်းနားနားနဲ့ ပြန်လုပ်ပေးတာ အင်မတန်ဝမ်းသာစရာပါ။ ဒါဟာ ပြည်သူတွေအားလုံးက လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တွေကို အမြဲအမှတ်ရစေမှာပါ။ လွတ်လပ်ရေးကို ရယူဖို့ အတူတကွ ကြိုးပမ်းခဲ့တဲ့နေရာမှာ ဗိုလ်ချုပ် အောင်ဆန်းတစ်ယောက်တည်းတင် မကဘဲ သူ့ရဲ့ဦးဆောင်မှုနဲ့အတူ အခြားတိုင်းရင်းသား တွေလည်းပါဝင်တယ်ဆိုတာကို သိစေနိုင်မှာပါ။

 

333

 

ဂီတစာဆိုမောင်စန်းဝင့်

 

ကျောင်းဆရာဘဝမှာ ကလေးတွေနဲ့ အာဇာနည်နေ့အခမ်းအနားအဖြစ် ဟောပြောပွဲတွေ လုပ်ခဲ့တာ အမှတ်ရတယ်။ ဗိုလ်ချုပ်အိမ်ကို လေ့လာ ရေးအဖြစ် ကျောင်းသားတွေနဲ့ အတူတူသွားခဲ့ကြ တယ်။ အခုဆို အာဇာနည်နေ့ကို နှစ်တိုင်း နှစ်တိုင်း လုပ်နေတော့ စာရေးဆရာ၊ ဂီတသမားစတဲ့ လူတန်းစားအသီးသီးကလည်း မမေ့ကြတော့ဘူး။ နောက် နိုင်ငံတော်ကလုပ်သလို တိုင်းဒေသကြီး၊ မြို့နယ် ကျောင်းတွေကအစ အာဇာနည်နေ့ အခမ်းအနားကို လုပ်ကြတယ်။ အခုဆို ဆရာ ရန်နိုင်ဆွေရေးပြီး ဒေါ်မေလှမြိုင် သီဆိုတဲ့ အာဇာ နည်သီချင်းကို အသစ်ပြန်ဆိုကြတယ်။ ပြန်လွှင့် တယ်။ အမျိုးသားခေါင်းဆောင်ကြီးတွေအတွက် အမှတ်တရနဲ့ ပြန်လွှင့်တာဝမ်းသာပါတယ်။ ဒီလို ကျင်းပနေရုံနဲ့တော့ မပြီးဘူး။ အာဇာနည် ခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့ လမ်းစဉ်၊ စေတနာတွေကို ဂရုထားရမယ်၊ လေးစားရမယ်၊ လိုက်နာရမယ်။ နိုင်ငံသူ နိုင်ငံသားတွေပဲဖြစ်ဖြစ်၊ တာဝန်ရှိတဲ့ အစိုးရအဖွဲ့အစည်းကပဲဖြစ်ဖြစ် အမြဲလိုက်နာနေမယ်ဆိုရင် ဒါဟာသူတို့ကို သတိရ တာ ပိုပီသတယ်။ မမေ့ရာရောက်ပါတယ်။ 

 

111

 

ဒေါ်မိမိနိုင်(ကျောင်းအုပ်)

 

ဒီနှစ် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကျောင်းမှာ စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲ၊ ပန်းချီ ပြိုင်ပွဲတွေ လုပ်တယ်။ အာဇာနည်နေ့စာစီစာကုံး ပြိုင်ပွဲကိုတော့ လေးတန်း၊ ငါးတန်း၊ ခြောက်တန်း၊ ခုနစ်တန်းတွေမှာ လုပ်ပေးတယ်။ ဟောပြောပွဲကို တော့ ကျောင်းကောင်စီက ကြီးမှူးပြီး ကလေး တွေက အာဇာနည်နေ့ဖြစ်ပေါ်လာပုံနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိကို ဟောပြော တယ်။ ဒီနှစ်ထူးထူးခြားခြား လုပ်ဖြစ်မှာက အာဇာ နည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်တွေရဲ့ အတ္ထုပ္ပတ္တိကို ဖတ်ကြားတာတို့၊ သတိရလွမ်းဆွတ် မှုအတွက် ၂ မိနစ် ငြိမ်သက်တာတို့ လုပ်မယ်။ အာဇာနည်နေ့မှာ ကလေးတွေက အာဇာနည် ပုဂ္ဂိုလ်တွေရဲ့ အတ္ထုပ္ပတ္တိကိုသိပြီး အာဇာနည်တွေကို အားကျ အတုယူစေချင်တယ်။ ကိုယ့်တိုင်းပြည် အပေါ် သစ္စာတရားစောင့်သိစေချင်တယ်။ တိုင်းပြည်ကို အကျိုးပြုစေချင်တယ်။ ပညာရေး ပြက္ခဒိန်အရလည်း အခု ဇူလိုင်လမှာ အာဇာနည် နေ့ ဟောပြောပွဲတွေ၊ နံရံကပ်စာစောင်တွေ၊ စာစီစာကုံးပြိုင်ပွဲတွေ၊ ပန်းချီပြိုင်ပွဲတွေ၊ ကဗျာ ရွတ်ဆိုပြိုင်ပွဲတွေလုပ်ဖို့ ပညာရေးဌာနက ညွန်ကြားထားပါတယ်။ အာဇာနည်ခေါင်းဆောင် တွေရဲ့ အတ္ထုပ္ပတ္တိဆိုရင်လည်း ကလေးတွေအားလုံး သိနိုင်အောင် ပြည့်ပြည့်စုံစုံ သင်ကြားပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ 

 

444

 

ဦးစန်းမောင် (ရပ်ကွက်အုပ်ချုပ်ရေးမှူး)

 

(၇၂) နှစ်မြောက် အာဇာနည်နေ့မှာတော့ ဗိုလ်ချုပ်ကြေးရုပ်ရှိတဲ့ မြို့နယ်တွေမှာ အာဇာနည်နေ့ အခမ်းအနားလုပ်မယ်။ သာကေတမြို့နယ် မြကန်သာပန်းခြံမှာ လူမှုအဖွဲ့အစည်းတွေရော၊ ပါတီတွေရော၊ နောက် ကျွန်တော်တို့ ရပ်ကျေး အဖွဲ့ဝင်တွေရော လွမ်းသူ့ပန်းခွေချမယ်။ အလေး ပြုမယ်။ နောက် စတုဒိသာကျွေးပါမယ်။ ရပ်ကွက် အနေနဲ့ကလည်း ကျွန်တော်တို့ (၈) ရပ်ကွက်က ရပ်ကျေး NLD တွေက ညနေပိုင်းမှာ မုန့်ဟင်းခါး စတုဒိသာ ထပ်ကျွေးမယ်။ အချို့ရပ်ကွက်တွေက လည်း မနက်ပိုင်းမှာ ပဲပြုတ်နံပြား ကျွေးကြမယ် ပြောတယ်။ ကျွန်တော် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့တဲ့ ၂၀၁၃ ကတည်းက အာဇာနည်နေ့ ဆိုရင် ရပ်ကွက်ရုံးမှာပဲအာဇာနည်နဲ့ ပတ်သက်တဲ့ ဗိုလ်ချုပ်မိန့်ခွန်းတွေ၊ အာဇာနည်နေ့ သီချင်းတွေကို မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာဖွင့်ပေးတယ်။ နောက် အာဇာနည်တွေရဲ့ ရုပ်ပုံတွေကို ဗီနိုင်းထောင်ပေး ထားတယ်။ ဘာလို့လဲဆိုတော့ တချို့ကလေးတွေက အာဇာနည်ပုဂ္ဂိုလ်တွေအကြောင်း သိပ်မသိကြဘူး။ နောက်လူငယ်တွေက အာဇာနည်နေ့တောင် သိပ်မသိဘဲ မေ့မေ့ပျောက်ပျောက် ရှိကြတယ်။ ဒါကြောင့် ညွန်ကြားသည်ဖြစ်စေ၊ မညွှန်ကြားသည် ဖြစ်စေ အာဇာနည်နေ့အကြောင်းသိအောင် နှစ်စဉ်လုပ်တယ်။ ဒီနှစ်ကတော့ တိုင်းဒေသကြီး အစိုးရက သီချင်းတွေ၊ မိန့်ခွန်းတွေ လွှင့်ပေးဖို့ ညွန်ကြားချက်ရှိတယ်။ ဒါဟာကောင်းပါတယ်။ ဒါပေမယ့် ပိုဖြစ်စေချင်တာက ရပ်ကွက်မှာရှိတဲ့ စာကြည့်တိုက်တွေမှာ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ အခမ်းအနားလေးတွေ ပိုလုပ်စေချင်တယ်။ အာဇာနည် (၉) ဦးရဲ့ အတ္ထုပ္ပတ္တိတွေ ပြထားပေး စေချင်တယ်။ ကျွန်တော်တို့က လုပ်ချင်ပေမယ့် မိုးတွင်းဆိုတော့ နေရာအခက်အခဲရှိတယ်။ ဒါတွေ ကို ကျွန်တော်တို့ တင်ပြထားတော့ သာကေတ မြို့နယ် မြကန်သာပန်းခြံမှာတော့ လုပ်ဖြစ်မယ်။ 

 

222 ေ

 

ဒေါက်တာလေးငုံ (ကထိက) ရန်ကုန်တက္ကသိုလ်(မြန်မာစာဌာန)

 

အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးတဲ့ အချိန်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေကအစ မမေ့မလျော့ဖြစ်အောင် အခုလုပ်ပေးနေတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ငယ်ငယ် က အာဇာနည်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဥဩဆွဲတဲ့ အသံကြားရင် မျက်ရည်ပေါက်ပေါက် ကျပြီး ဝမ်းနည်းခဲ့ရတယ်။ အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရတဲ့ အခုလိုနေ့ ကို ပြန်ပြီးအောက်မေ့ တမ်းတစေအောင် လုပ်ဆောင်ပေးတဲ့အတွက် တော်တော်လေးကို ကောင်းပါတယ်။ အခုဆို တက္ကသိုလ် ကောလိပ် အသီးသီးကလည်း အာဇာနည်ခေါင်းဆောင် တွေရဲ့ လုပ်ဆောင်ချက်တွေ၊ လွတ်လပ်ရေးရ အောင် ကြိုးပမ်းချက်တွေ၊ နိုင်ငံအတွက် အသက် ပေးခဲ့တာတွေကို အတုယူလာနိုင်အောင် ဟောပြောပွဲတွေ၊ စာစီစာကုံးပြိုင်ပွဲတွေကို ပြုလုပ်ပေးနေပါတယ်။ အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ဒီထက်ပိုမို သိရှိနိုင်အောင် လုပ်ပေး ရင်တော့ လူငယ်တွေစိတ်ထဲမှာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တွေ ပိုမိုကိန်းအောင်းလာမယ်။ နိုင်ငံရဲ့လွတ်လပ်ရေးအချုပ်အခြာကို ဘယ်လို ကာကွယ်ရမယ်၊ ဗိုလ်ချုပ်အောင်ဆန်းလို ဘယ်လိုကြိုးပမ်းရမယ်၊ ဗိုလ်ချုပ်နဲ့ကျဆုံးခဲ့တဲ့ ခေါင်းဆောင်တွေကို အတုယူပြီးတော့ နိုင်ငံ အတွက်အကျိုးရှိအောင် လုပ်ဆောင်ကြမယ်လို့ ယုံကြည်ပါတယ်။