ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

သမိုင်းဖြစ်ရပ်များ၊ စာအုပ်စာပေများနှင့် ဘဝထဲက ရန်ကုန်တက္ကသိုလ်

အသက်နှစ်နှစ်မတိုင်မီက အဖြစ်အပျက် များကိုပင် မှတ်မိနိုင်စွမ်းရှိသော၊ ရန်ကုန်သူ စစ်စစ်ဖြစ်သော ကျွန်မ၏ ငယ်ဘဝတွင် ချစ်ခင်လေးစားအားကျမိခဲ့ရသည့် ခြံနီးချင်း မမနှစ်ယောက် ရှိခဲ့ဖူးလေသည်။

စနေ၊ တနင်္ဂနွေနေ့များဆိုလျှင် တက္ကသိုလ်ကျောင်းသူများ ဖြစ်ကြသော မမတို့က လာခေါ်သဖြင့် သူတို့အိမ်မှာ တစ်နေကုန် တစ်နင့်တစ်ပိုးစား၊ ဆော့ချင်တာ မှန်သမျှအလိုလိုက် အကြိုက်ဆောင်ကာ ညနေစောင်းမှ ပြန်ပို့လေ့ရှိသည်။ အမေး အမြန်းထူလှသော ကျွန်မကို ကလေးအသိ ဉာဏ်ဖြင့် နားလည်နိုင်သည့် စကားများ၊ ပုံပြင်များ၊ သူတို့တက်ရောက်နေသည့် တက္ကသိုလ်များအကြောင်း ပြောပြခဲ့ကြဖူးပါ သည်။ ကျွန်မသည် မမဟန်ပြောပြသည့် ရန်ကုန်တက္ကသိုလ်အကြောင်း၊ ရူပဗေဒ ဘာသာအဓိကယူပြီး တက်ရောက်နေသည့် အကြောင်းအရာများထက် အကြီးဖြစ်သူ မမမိုး၏လိပ်ခုံးဆေးတက္ကသိုလ်တွင် စာသင် ရသည့် အတွေ့အကြုံများကို ပိုမိုစွဲမက်မိပါ သည်။

ဗန်းလေးတစ်ခုထဲမှာ ဖားလေး တစ်ကောင်ကို ခြေကားယား၊ လက်ကားယား ဖြစ်အောင် ပင်အပ်လေးတွေစိုက်ပြီး ဗိုက် အရေပြားကို ကတ်ကြေးနှင့် ထိုးညှပ်ကာ မမမိုးက ဖားခွဲနေလျှင် ကျွန်မ မျက်တောင် ပင် မခတ်မိ။ ဘေးဘက်က ကြည့်လိုက်၊ ရှေ့တည့်တည့်သို့ နေရာပြောင်းလိုက်၊ ခုံပေါ် တက်ရပ်ကာ ငုံ့ကြည့်လိုက်နှင့် ဖားပြုပ် (ထိုစဉ်က ဖားအမျိုးအစား မသိခဲ့) လေး၏ နှလုံးလေးက ပွလိုက်၊ ကျုံ့လိုက် ဖြစ်တာကို ကျွန်မစိတ်ဝင်စားလှသည်။ မမမိုး ခွဲသည့် ဖားလေးက မကြာခင်မှာ ခုန်ဆွခုန်ဆွ ပြန်ထွက်သွားမှာပဲဟု စိတ်ချယုံကြည်နေ မိပါသည်။

တချို့သော ညနေခင်းများတွင် ဖေဖေ မေမေတို့က သားသမီး သုံးယောက်ကို လက်ဆွဲ၊ ချီပိုးလျက် ကမာရွတ် စံပယ်ခြံဝိုင်း မှထွက်ကာ လှည်းတန်းအဝိုင်းကြီးပေါ်၌ ထိုင်ပြီး လေညင်းခံလေ့ရှိသည်။

ရန်ကုန်တက္ကသိုလ် ပရဝဏ်ထဲမှ ပြန်လာသော မမဟန်နှင့် သူ့သူငယ်ချင်းများ၊ လိပ်ခုံးဘက်မှ တက်သုတ်နှင်လာသော မမမိုး တို့ကို မြင်ရလျှင် ကျွန်မက ခုန်ပေါက်မြူးထူး အော်ဟစ် နှုတ်ဆက်တတ်သည်။ ' ဆရာ ဝန်မကြီး ဖြစ်ချင်တယ်' ဆိုသော ရည်ရွယ်ချက် ပန်းတိုင်သည် မျက်မှန်ကိုင်း အနက် လေးတပ်ပြီး စာအုပ်ထူထူကြီးများကို ဖတ်နေတတ်သော မမမိုးအား ကြည့်ရင်း အားကျအတုယူခဲ့သော အတွေးဖြစ်နိုင်ပါ သည်။

မမဟန် ပြဖူးသော ဓာတ်ပုံများထဲမှ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင် အဆောက် အအုံကြီးသည် ကျွန်မစိတ်ကို ညှို့ယူဖမ်းစား လှသည်။
'ဘယ် တက္ကသိုလ်ပဲ တက်တက် ဒီမှာပဲ ဘွဲ့ယူရမှာ'ဆိုသော စကားကလည်း ကလေး ငယ်တစ်ယောက်၏ ဦးနှောက်ထဲဝယ် စွဲစွဲထင်ထင် ဖြစ်စေပါသည်။

ဗြုန်းဆို ဖေဖေ့အလုပ်တာဝန်အရ မော်လမြိုင်သို့ ပြောင်းရွှေ့ရမည်ဆိုသောအခါ ချစ်သောမမများအား ခွဲခွာထားရစ်ခဲ့ရ ပါတော့သည်။
ပထမတန်းတွင် သတင်းစာကို ကောင်း စွာ ဖတ်တတ်ပြီး တတိယတန်းတွင် လုံးချင်း စာအုပ်များကို ခပ်သွက်သွက် ဖတ်နိုင်နေပြီ ဖြစ်သော ကျွန်မဆီသို့ ရန်ကုန်တက္ကသိုလ်နှင့် ပတ်သက်သည့် အကြောင်းအရာများက ဟိုမှ သည်မှ တိုးဝှေ့ ထွက်ပေါ်လာကြပြန်သည်။

၁၉၇၄ ခုနှစ်တွင် ' ရန်ကုန် တက္ကသိုလ်မှာ ဦးသန့်အရေးအခင်းဖြစ်လို့ ကျောင်းတွေ ပိတ်လိုက်ပြီ' ဆိုသော သတင်းကား ငလျင် လှုပ်လိုက်သလို ခပ်ပြင်းပြင်း ရိုက်ခတ်သွား သည်။ 'ဘာတွေ ဆက်ဖြစ်မလဲ' ဟု လူကြီး များက စိုးရိမ်တကြီး ပူပန်နေကြချိန်၌ ကျွန်မ တို့ကလေးများကား မိုးပျံအောင် ဆော့မြဲ၊ အငြိမ့်ကတမ်း ကစားမြဲ။ ငလျင်လှုပ်သည့် အခါ ဗဟိုချက်နေရာမှာ ပြင်းထန်သလောက် အစွန်အဖျားမှာ လှုပ်သည်ဆိုရုံမျှသဘောသာ ရှိသကဲ့သို့ပင်။ သို့သော် တစ်နှစ်ပြီးတစ်နှစ် အတန်းကြီးလာလေ စာဖတ်အားကောင်းလာ လေ၊ စာအုပ်ကောင်းတွေ လက်လှမ်းမီလာလေ ဖြစ်သောကြောင့် မမဟန်တို့ ပြောပြသည်ထက် ပိုမိုစုံလင်စွာ သိရှိလာရပါသည်။

သမိုင်းထဲက ရန်ကုန်တက္ကသိုလ်

ရန်ကုန်တက္ကသိုလ်သည် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် တည်ရှိပြီး မြန်မာ နိုင်ငံ၏ ပထမဆုံးသော တက္ကသိုလ်ဖြစ်သည်။ အရှေ့တောင်အာရှ၏ အစောဆုံး တက္ကသိုလ် များတွင်လည်း ပါဝင်သည်။ တက္ကသိုလ်၏ ဆောင်ပုဒ်မှာ " နတ္ထိ၊ သမံ၊ ဝိဇ္ဇာ၊ မိတ္တံ" ဖြစ်ပါ သည်။ ၁၈၇၈ ခုနှစ်တွင် ဗြိတိသျှ-အိန္ဒိယရှိ ကာလကတ္တား တက္ကသိုလ် လက်အောက်ခံ ရန်ကုန်ကောလိပ်အဖြစ် စတင်တည်ထောင် ခဲ့ပြီး ကိုလိုနီဒေသများ၏ ပညာရေးအတွက် ဖွဲ့စည်းထားခဲ့သော ပညာရေးဌာနမှ တိုက် ရိုက် ကိုင်တွယ်ခဲ့သည်။ ၁၉၀၄ ခုနှစ်တွင် အစိုးရ ကောလိပ်ဟု အမည်ပြောင်းခဲ့ပြီး ၁၉၂၀ ပြည့်နှစ်တွင် ယူနီဗာစီတီကောလိပ် နှင့် ဂျပ်ဆင် (ယုဒသန်) ကောလိပ်ဟူ၍ ထွက်ပေါ်လာခဲ့သည်။ ဂျပ်ဆင်ကောလိပ်ကို ရန်ကုန်တက္ကသိုလ် လက်အောက်ခံ သီးခြား လွတ်လပ်သည့်ကျောင်းအဖြစ် အသိအမှတ် ပြုခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကို အင်္ဂလန် နိုင်ငံရှိ အောက်စဖို့ဒ်နှင့် ကိန်းဘရစ်ချ် တက္ကသိုလ်တို့၏ စနစ်အတိုင်း ဖွဲ့စည်း တည်ဆောက်ခဲ့ ခြင်းဖြစ်သဖြင့် ၁၉၄၀-၁၉၅၀ ပြည့်နှစ်များအတွင်းတွင် အရှေ့ တောင်အာရှ၏ အကောင်းဆုံး တက္ကသိုလ် ဖြစ်ခဲ့ပြီး အာရှအဆင့်တွင်လည်း ထိပ်တန်းမှ ရပ်တည်နိုင်ခဲ့ခြင်းကြောင့် အခြားအာရှ နိုင်ငံများမှ ကျောင်းသားများကပင် လာရောက် ပညာဆည်းပူးကြရသည်။

ရန်ကုန်တက္ကသိုလ်ကို ပါမောက္ခများ ကောင်စီ၊ ပညာရှင်များနှင့် အစိုးရ အရာရှိများ ပူးပေါင်းအုပ်ချုပ်ခဲ့သော်လည်း ၁၉၆၂ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီလက်ထက်တွင် အဆင့်မြင့်ပညာ ဦးစီးဌာနမှ တိုက်ရိုက်ချုပ်ကိုင်ခဲ့သည်။ ထို့ပြင် ကျောင်းတွင်း သင်ကြားရေးဘာသာ စကားအား အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြောင်းလဲခဲ့ပြီးနောက် မကြာမီ ပညာရေး အဆင့်အတန်း တဖြည်းဖြည်း နိမ့်ကျလာခဲ့ရာ အပြည်ပြည်ဆိုင်ရာမှ အသိအမှတ်ပြုခြင်းများ ရပ်တန့်သွားခဲ့ရသည်။ ဆေးပညာ၊ ဘောဂ ဗေဒနှင့် ပညာရေးဌာနများအား သီးခြား ကျောင်းများအဖြစ် ခွဲထုတ်ပြီးချိန်တွင် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ဟု အမည် ပြောင်းလဲခဲ့သည်။ ရှစ်လေးလုံး လူထုအုံကြွမှု ကာလအပြီးမှစ၍ ရန်ကုန်တက္ကသိုလ်သည် အချိန်အကန့်အသတ်မရှိ ပိတ်ထားခြင်း ခံခဲ့ရပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ ဘွဲ့ကြိုသင်တန်းများ ပြန်လည်ဖွင့်လှစ်ပေး ခဲ့သည်။ ဘွဲ့နှင်းသဘင်အနီးတွင်ရှိသော အထင်ကရ သစ်ပုပ်ပင်ကြီးသည် ၂၀၀၈ ခုနှစ်က တိုက်ခတ်သွားသော နာဂစ်မုန်တိုင်း ဒဏ်ကို ကြံ့ကြံ့ခံပြီး မားမားမတ်မတ် ဆက်လက် ရပ်တည်လျက်ရှိသည်။ ရွှေရတုနှစ် ကျရောက်သော ၁၉၇၀ ပြည့်နှစ် တွင် ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင် အခမ်းအနားကျင်းပပြီး ရွှေရတု အမှတ်တရ မဂ္ဂဇင်းထုတ်ဝေခဲ့ကြောင်း သိရ သည်။

၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ် (၇၅) နှစ်မြောက်အတွက် တက္ကသိုလ် စိန်ရတုသဘင်ကျင်းပခဲ့ပြီး စိန်ရတုခန်းမကို ဆောက်လုပ်ခဲ့ပါသည်။ ယခု ၂၀၂၀ ပြည့်နှစ်သည် ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်နှစ်သို့ ရောက်ခဲ့ပါပြီ။ ရန်ကုန် တက္ကသိုလ် နှစ် ၁၀၀ ကာလအတွင်း ထင်ရှားကျော်ကြား ထူးချွန်လှသော နိုင်ငံရေးသုခမိန်ခေါင်းဆောင်ကြီးများ၊ စာပေဂီတအနုပညာရှင်များ၊ ပညာရှင်သုခမိန် အကျော်အမော်ပုဂ္ဂိုလ်များ ပေါ်ထွန်းခဲ့ကြသည်။

နိုင်ငံရေးသမား ခေါင်းဆောင်ကြီးများထဲတွင် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်း၊ ဦးနု၊ ဦးနေဝင်း၊ သခင်မြ၊ ဦးရာဇတ်၊ ဦးဗဆွေ အစရှိသော ပုဂ္ဂိုလ်များ၊ စာရေးဆရာ ဂီတ ရုပ်ရှင် အနုပညာသမားထဲ တွင် ကာတွန်းဗကလေး၊ ကြည်အေး၊ ကောလိပ်ဂျင်နေဝင်း၊ ခင်မျိုးချစ်၊ လူထု ဒေါ်အမာ၊ မြသန်းတင့်၊ မင်းသုဝဏ်၊ ဇော်ဂျီ၊ သိန်းဖေမြင့်၊ သိပ္ပံမောင်ဝ၊ မောင်ထင်၊ ဒါရိုက်တာ မင်းသား မောင်တင်မောင်၊ ကြည်စိုး ထွန်း၊ စင်ရော်မောင်မောင်၊ ကျော်သူ၊ မေဆွိ အစရှိသူများ၊ စာပေပညာရှင်ကြီးများထဲတွင် ပါမောက္ခ ဒေါက်တာ လှဘေ၊ ဒေါက်တာ လှမြင့်၊ ဒေါက်တာဦးမြင့်၊ ဒေါက်တာ ညီညီ၊ ဒေါက်တာထင်အောင်၊ ဦးဖေမောင် တင်၊ ဦးဖိုးကျား၊ နန္ဒာသိန်းဇံ၊ ဦးသော်ကောင်း စသောပုဂ္ဂိုလ်ကြီးများ ပါဝင်ကြပါသည်။

စာပေထဲက ရန်ကုန်တက္ကသိုလ်

အစောဆုံး သတိရမိသည့် စာအုပ်မှာ ဆရာဦးသိန်းဖေမြင့် ရေးသားသော "အရှေ့က နေဝန်းထွက်သည့်ပမာ" စာအုပ် ဖြစ်ပါသည်။ ကိုလိုနီခေတ်(အင်္ဂလိပ်ခေတ် နှင့် ဂျပန်ခေတ်) ကျောင်းသားများ၏ သမိုင်း ကို ဖော်ပြထားသော ထိုဝတ္ထုရှည်တွင် လွတ်လပ်ရေး အရေးတော်ပုံသမိုင်းကို နောက်ခံပြုပြီး ဇာတ်လမ်း ဇာတ်ကွက် ဇာတ်အိမ် ဆင်ထားကာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ဆန်း နှင့် ကျောင်းသားခေါင်းဆောင်များက တိုင်းပြည်အရေး အရှည်မြော်တွေးပြီး လုပ်ဆောင်ခဲ့ကြသည်များကို သိရှိနားလည် ခဲ့ရသည်။
နောက်ထပ် စွဲလမ်းမိသော စာအုပ်မှာ ဆရာဇဝန ရေးသားသည့် "ကောလိပ်ကျောင်း သား"ဝတ္ထုရှည်ကြီး ဖြစ်ပါသည်။ ထိုဝတ္ထု ရှည်ကြီးထဲတွင် လွတ်လပ်ရေးမရမီ ကိုလိုနီခေတ်က ရန်ကုန်ကောလိပ် ကျောင်းသား ကျောင်းသူတို့အကြောင်းကို ရွှင်ရွှင်မြူးမြူး ဖတ်ခွင့်ရခဲ့ပါသည်။ သို့သော် ရန်ကုန် တက္ကသိုလ်မှာ ကျားကုတ်ကျားခဲ ပညာလေ့လာဆည်းပူးကြရသည့် အတွေ့ အကြုံများအနက် ရင်ထဲနှလုံးသားထဲမှာ စွဲမြဲနေသော စာအုပ်ကို ပြပါဆိုလျှင် ဆရာ ဆန်းလွင် (အရှင် အာဒိစ္စရံသီ)၏ “ရတနာ သုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူ တစ်ယောက်အကြောင်း" စာအုပ်ကို ညွှန်ပြမိမည်ဖြစ်ပါသည်။ အိန္ဒိယလူမျိုး ပါမောက္ခဆရာကား၊ ဆရာမ ရီနာဆာကား တို့၏ စာသင်ချိန်များမှာ ဒဿနိကဗေဒပညာ နှင့်ပတ်သက်ပြီး ဆရာဆရာမတို့က သင်ကြားပြသသော အယူဝါဒများ၊ ဆရာ ဆန်းလွင်က အပြန်အလှန် ဆွေးနွေးမေးမြန်း ပုံများ၊ ဆရာ ဆရာမတို့၏ မေးခွန်းများကို ရဲရဲဝံ့ဝံ့ ဖြေကြားခဲ့ပုံများ၊ ပြန်လှန်ဆွေးနွေး ချက်တစ်ခုကို ဆရာကားက သဘောမတွေ့၊ အထင်လွဲမှားခဲ့သည့်တိုင်အောင် ပညာရပ် နှင့် ပတ်သက်လာလျှင် မလျှော့တမ်း ဇွဲဖြင့် ကြိုးစားခဲ့ပုံများသည် စိတ်လှုပ်ရှား တက်ကြွစရာ၊ အားကျအတုယူစရာ ကောင်း လှသည်။ ပညာရပ်ကို အမှန်တကယ် နားလည်သဘောပေါက်ပြီး ကိုယ်ပိုင်ဉာဏ် ဖြင့် ထိုးထွင်းဆင်ခြင်တတ်သူဟု ဆရာများ က အသိအမှတ်ပြုမှ ဂုဏ်ထူးရခဲ့သည်ဆိုသော အချက်က ရန်ကုန်တက္ကသိုလ်၏ ပညာအဆင့် အတန်း မည်မျှမြင့်မားခဲ့သည်ကို မှန်းဆသိမြင် ခွင့်ရခဲ့ပါသည်။

"ပညာ၏တန်ဖိုးကိုသိ၍ တိုင်းပြည် တိုးတက်အောင် လုပ်သွားကြသော စင်ကာပူ၊ မလေးရှား၊ ယိုးဒယား(ထိုင်း) တို့ကြားတွင် ကျွန်တော်တို့၏ တိုင်းပြည်ကို ပြန်လည် မြှင့်တင်ရန် ပညာရေးကို ပြုပြင်မှရမည်" ဟု မြန်မာနိုင်ငံ၏ ပညာရေးသမိုင်းကို ခြုံငုံ သုံးသပ်ထားသော ဆရာကြည်မင်း(ပါမောက္ခ ဒေါက်တာမောင်မောင်စံ) ရေးသားသည့် 'လမ်းမပေါ်မှ သစ်ပင်များ' ဆောင်းပါးက ထိုအချက်ကို မီးမောင်းထိုးပြနေပါသည်။

ပညာရေးအဆင့်အတန်း နိမ့်ကျလာ သည်ဆိုသောကြောင့် စိတ်ပျက်အားလျော့ နေရာက ၁၉၇၅ ခုနှစ် မှ ၁၉၈၅ ခုနှစ်အတွင်း ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်တွင်သာ သင်ကြားတက်ရောက်ခွင့် ရှိခဲ့ဖူးသည့်ဥပဒေ ပညာမှာ မဟာဥပဒေဘွဲ့ရသည်အထိ အားထုတ်ကြိုးပမ်းခဲ့ရသည့် ဆရာကြည်ရွှန်း၏ အတွေ့အကြုံများကို 'ကျမ်းတစ်စောင်နှင့် ခြေတစ်လှမ်း'ဆောင်းပါးမှာ ဖတ်ရှုမှတ်သား လိုက်ရတော့လည်း ဘဝင်ကျမိရပါသည်။

ဘဝထဲက ရန်ကုန်တက္ကသိုလ်

ကျွန်မ အခြေခံပညာ အထက်တန်း ရောက်တော့ မိသားတစ်စုလုံး ရန်ကုန် ပြန်ရောက်နေပါပြီ။ မော်လမြိုင် ရောက်သွား ကတည်းက မမဟန်တို့နှင့် အဆက်အသွယ် ပြတ်သွားခဲ့ရပေမယ့် မမတို့ ပြောပြခဲ့သော စကားများကို လုံးဝမမေ့ပါ။ ငယ်စဉ်က ရည်မှန်းထားခဲ့သလို ဆေးတက္ကသိုလ်သို့ မရောက်ဘဲ တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ်မှာသာ တက်ရောက် ခွင့်ရပြီး ရေဆင်း၌သာ ဘွဲ့ယူရမည်ဟု သေချာစွာသိရသော တစ်နေ့တွင် ကျွန်မသည် ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်နေသော မမကြီးနှင့်အတူလိုက်ပါလျက် ကံ့ကော်တောသို့ ခြေချမိပါသည်။

ကံ့ကော်တော ပုံပြင်များတွင် ပါနေကျ ဦးချစ်လက်ဖက်ရည်ဆိုင်နှင့် ဦးယမ်းဘီလူး အအေးဆိုင်မှာ ထိုင်ဖူးချင်သည်။ သူတို့ ဘယ်လို ပညာသင်ရသလဲ စပ်စုချင်သည်။ သစ်ပုပ်ပင်ကြီးကို မော့ကြည့်ချင်သည်။ ဘွဲ့နှင်းသဘင် အဆောက်အုံကြီးကို ငေးကြည့်ချင်သည်။ ဖြည့်ဆည်းလိုသော ဆန္ဒများစွာနှင့်ပါ။ သို့သော် တခြားကျောင်းက လာတက်သည်ကို ဆရာတွေ သိသွားမှာ လားဟု စိုးရိမ်ကြောင့်ကြစွာ ခန္ဓာကိုယ်ကို တတ်နိုင်သလောက် သေးကျုံ့နေမိသေး သည်။ တကယ်တမ်း လက်တွေ့တွင် များပြား လှသော တက္ကသိုလ်ကျောင်းသား ကျောင်းသူ တွေထဲဝယ်မည်သို့မျှ မသိသာပါပေ။

ထိုစဉ်က အပြင်ဘက်မှသာ ငေးမော ကြည့်ရှုခဲ့ရသော ဘွဲ့နှင်းသဘင်ခန်းမကြီးထဲ သို့ ဝင်ရောက်ရန် အခွင့်အရေး ဆိုက်ရောက် လာတော့ ကျွန်မက ပဉ္စမနှစ်ရောက်နေပြီ။ ရန်ကုန်တက္ကသိုလ်ထဲတွင် နွေရာသီကျောင်း ပိတ်ရက်မှာဖွင့်သော လမ်းစဉ်လူငယ် ခေါင်း ဆောင်သင်တန်း တက်ရသောကြောင့် မာလာဆောင်မှာ စခန်းဝင်ရခြင်းဖြစ်သည်။ ကျွန်မက ဆေး(၁)၊ ဆေး(၂)၊ ဆေး(မန်း)မှ ကျောင်းသူများနှင့် တစ်အုပ်စုတည်း။ ကျွန်မ၏ အခန်းဖော်က ဆေး(၂) မှ ညီမလေး စပယ်ဖြူ (ခုတော့ ဝေဘာဂီဆေးရုံမှာ ဆေးပညာ ပါမောက္ခ အထူးကု ဆရာဝန်ကြီး ဒေါက်တာ စပယ်ဖြူ ဖြစ်နေပြီ)။

စစ်ရေးပြသင်တန်း၊ တောတွင်းစခန်းချ သင်ခန်းစာ၊ အလံရိုက် အချက်ပြ ဆက်သွယ် ရေး၊ အထွေထွေတို့က ကံ့ကော်တောဝယ် ကျွန်မတို့ ခြေရာတွေကို အထပ်ထပ် ဖြစ်စေခဲ့ သည်။ ဘွဲ့နှင်းသဘင်ခန်းမထဲတွင် မကြာခဏ အစည်းအဝေးလုပ်ခဲ့သဖြင့် ရောက်ဖူး ချင်သောဆန္ဒလည်း ပြည့်ဝခဲ့ပါသည်။ ကျောင်းသူဘဝမှာ တန်ဖိုးထားမိသော အမှတ်တရပါ။

ယခု ကျွန်မတို့ အပါအဝင်ဖြစ်သော မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များ အသင်း(MVA) သည် ဆရာဝန်ညီလာခံကို နှစ်စဉ်ကျင်းပလေ့ရှိရာ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ အကြိမ်ကြိမ်ကျင်းပဖူးလေ သည်။ လက်တွေ့ဆေးကုသနေသည့် ပညာရှင် တစ်ယောက်အနေဖြင့် ပညာရပ်ဆိုင်ရာ စာတမ်းများကို ညီလာခံတွင် ဖတ်ကြားရ သောကြောင့် စိန်ရတုခန်းမနှင့်လည်း အကျွမ်းတဝင်ဖြစ်ရပြန်သည်။ ထိုမျှသာမက သေး။

၂၀၁၉ ခုနှစ်က ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်းရှိ လေလွင့်ခွေးများအား ခွေးရူး ကာကွယ်ဆေးထိုးပေးခြင်း၊ တိရစ္ဆာန် ကောင်ရေ ထိန်းချုပ်ရန်အတွက် မျိုး မပွားအောင် ခွဲစိတ်ကုသပေးခြင်း စသော ပရဟိတလုပ်ငန်းတွင် Infinity Vet Myanmar (IVM) အဖွဲ့ဝင်တစ်ဦးအနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပါဝင်ဆောင်ရွက်ခဲ့ရင်း ရောက်ဖူးရပြန်ပါ၏။

ရန်ကုန်တက္ကသိုလ်ကို အဆင့်မြှင့်တင် မည်ဟု ကြားရသည်။ ယခုခေတ်က Printer၊ Copiers၊ Scanner ခေတ်၊ အင်တာနက်ခေတ် ဖြစ်လာပြီး ပရိုဂျက်တာနှင့် ပါဝါပွိုင့်တို့က သင်ထောက်ကူပစ္စည်း ဖြစ်လာသည်။ သင်ကြားမှုက ၆၀ ရာခိုင်နှုန်း၊ ပြန်လှန် ဆွေးနွေးမှုက ၄၀ ရာခိုင်နှုန်းစနစ် ဖြစ်သည် ဟု လက်ရှိ ဘွဲ့လွန်သင်တန်းတက်နေသော ဂျူနီယာမောင်လေး တစ်ယောက်ထံမှ ကြားသိရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါသည်။

အသက် ၈၀ ကျော်မှာ ပညာထပ်မံ ဆည်းပူးလျက် ဘွဲ့လွန်ဒီဂရီများ ဆွတ်ခူးခဲ့ သော ဆရာမကြီး မသက်ဆွေ၏ သတင်း ကြောင့် ပညာသင်ကြားလိုစိတ်များပင် နိုးကြားလာရသည်။ ဂုဏ်အယူရဆုံး ဖြစ်ရပ် ကတော့ ရန်ကုန်တက္ကသိုလ် ပရဝဏ် အတွင်းရှိ အထင်ကရ နေရာတစ်ခုဖြစ်သော တက္ကသိုလ်စာကြည့်တိုက်၏ ကက်တလောက် ထဲတွင် ဆရာဝန်စာရေးဆရာ ဒေါက်တာ ခင်စန်းမော်အနေဖြင့် လည်းကောင်း၊ ရသ စာရေးဆရာ ကြည်ဇင်နှင်းအမည်ဖြင့် လည်းကောင်း ပါဝင်နေပြီဖြစ်သောကြောင့် ဖြစ်ပါသည်။

အသက် ၁၇ နှစ်အရွယ်က ရေးခဲ့သော ပထမဆုံး ဝတ္ထုတိုနှင့် တက္ကသိုလ် ကောလိပ် အဆင့်ပထမဆုရ ပထမဆုံးဆောင်းပါးတို့ကို ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ထဲမှာ ပြန်လည်ရှာဖွေရယူခဲ့ရတာသည်လည်း မမေ့ နိုင်စရာ။ တစ်ချိန်ချိန်မှာ ဦးကျည်ပွေ့ထုံး နှလုံးမူလျက် ပညာရပ်တစ်ခုခု လေ့လာ ဆည်းပူးမည့် ကျောင်းသူတစ်ယောက် ဖြစ်ချင်ဖြစ်နေမည်။

သမိုင်းအစဉ်အလာ ကြီးကျယ်ခမ်းနား လှသော ရန်ကုန်တက္ကသိုလ်နှင့် ကျွန်မ၏ ပတ်သက်မှုက စုတ်ချက်တစ်တို့၊ နှစ်တို့(သို့) စုတ်ချက်အနည်းငယ်လောက်သာ ဖြစ်ကောင်း ဖြစ်နေနိုင်သော်လည်း ကျွန်မအတွက် ရန်ကုန်တက္ကသိုလ်ကြီးကတော့ အဝေးမှ တစိမ့်စိမ့်ကြည့်ပြီး မြတ်နိုးတန်ဖိုးထားရ သည့် ပန်းချီကားတစ်ချပ်ပမာ ဖြစ်တော့ သည်။ ။

ဒေါက်တာခင်စန်းမော်