ရည်းစားတစ်ဝမ်းကွဲ ဇာတ်ကားတွင် စိုင်းစိုင်းခမ်းလှိုင်၏ငယ်ဘဝကို မြင်တွေ့ရမည်

စိုင်းစိုင်းနှင့် ဖွေးဖွေးတို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြသည့် 'ရည်းစားတစ်ဝမ်းကွဲ'ဟု အမည်ရှိ ရုပ်ရှင်ကားကြီးကို မကြာမီရုံတင်သွားမည် ဖြစ်သည်။ အဆိုပါဇာတ်ကားကို ပြန်လည်ကြည့်ရှုဖြစ်ခဲ့သည့်အပေါ် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ''ဒီကားက ရိုက်ထားတာ တော်တော်လေးကိုကြာပါပြီ။ အခုမှ ရုံတင်ဖြစ်တာပါ။ ဖွေးဖွေးနဲ့ ကျွန်တော် ဗီဒီယိုကားတွေ တော်တော်များများ ရိုက်ဖူးပါတယ်၊ ရုံတင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးကတော့ 'ကျူးပစ်ရဲ့ ကျေးကျွန်များ' ဇာတ်ကားပေါ့။ Music Video တွလည်း တော်တော်များများ ရိုက်ဖူးတယ်။ နောက်ပိုင်းမှာ Samsung မှာ brand Ambassador အဖြစ် နှစ်ယောက်အတူတူ လုပ်ကိုင်နေပါတယ်။ အပြင်မှာလည်း ပေါင်းဖြစ်ကြတယ်ဆိုတော့ ကျွန်တော်တို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် စိတ်တူကိုယ်တူသရုပ်ဆောင် လို့ရတယ်ပေါ့ဗျာ။ ဒီဇာတ်ကားထဲမှာ ဖွေးဖွေးက ဝတ္ထုထဲကကာရိုက်တာနဲ့ ထပ်တူကျအောင် သရုပ်ဆောင်ထားတာဖြစ်လို့ ဇာတ်ကားက ပိုကြွလာတယ်လို့လည်း ကျွန်တော် ထင်ပါတယ်။ ဒီကားက လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ရိုက်ထားတာဆိုတော့ အခုမှ ရိုက်ထားတဲ့ကားတွေလို သိပ်ပြီးတော့ ခေတ်မမီတော့ဘူးပေါ့။ ဒါပေမယ့်လည်း မကြည့်ရသေးတဲ့အခါကျတော့ အသစ်ပါပဲ။ ကျွန်တော်တို့လည်း သေသေချာချာလေး ရိုက်ထားတာဖြစ်လို့ လာကြည့်တဲ့ပရိသတ်တွေအတွက်တော့ ဆွဲဆောင်မှုလည်းရှိမယ်။ ပျော်စရာ ကြည်နူးစရာလေးတွေလည်းဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ဒီကားကို ပရိသတ်တစ်ယောက်အနေနဲ့ပြန်ကြည့်တဲ့အခါမှာတော့ ငယ်ငယ်ရွယ်ရွယ် ဖျတ်ဖျတ်လတ်လတ်နဲ့ လူငယ်လေးတစ်ယောက်လိုတော့ ပြန်ခံစားရပါတယ်။ ပျော်စရာကောင်းပြီး ချစ်ရာကောင်းတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်တယ်လို့လည်း ခံစားရတယ်''ဟု ဆိုသည်။

ယင်းဇာတ်ကားကြီးသည် လေးနှစ်ကျော်ကြာ ရုံတင်ရက်မရရှိခဲ့သော်လည်း စီးပွားရေးအနေဖြင့် တွက်ချက်ရိုက်ကူးခဲ့ခြင်းမဟုတ်ကြောင်းလည်း စိုင်းစိုင်းက ပြောသည်။ ''တစ်ချိန်တစ်ခါတုန်းက ကျွန်တော်တို့ အားထည့်ပြီး ကြိုးစားထားခဲ့ကြတဲ့ ကားဖြစ်ပေမယ့် စီးပွားရေးအရတော့ မှန်းထားတာမရှိပါဘူး။ ဒါပေမယ့်လည်း ပရိသတ်တွေကိုတော့ ဒီကားလေးကိုလာကြည့်ဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်။ ဒီကားထဲမှာ ကျွန်တော့်ရဲ့ ကာရိုက်တာက သူဌေးသားပေါ့၊ သူဌေးရဲ့မြေး။ တကယ့်ကို လူချမ်းသာတစ်ယောက် နေရာက သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားက ဒီဇင်ဘာ ၂၁ ရက် ရုံတင်မယ်။ ၂၂ ရက်မှာက Myanmar Music Wave ဆိုတဲ့ ကျွန်တော့် ရှိုးပွဲလေးရှိတယ်ဆိုတော့ ၂၁ ရက်နေ့ ဒီကားလာကြည့်တဲ့ ပရိသတ်တွေထဲက တစ်ရုံကို လေးယောက်စီ ရှိုးပွဲလက်မှတ်တွေ မဲဖောက်ပေးမယ်လို့ စိတ်ကူးထားပါတယ်။ ပရိသတ်တွေ အားလုံးကိုလည်း လာကြည့်စေချင်တယ်'' ဟု ပြောသည်။

 

ကိုလင်း