ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ အားကောင်းခိုင်မာမှ တရားဉပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်နိုင်မည်

၂၉ ဇွန်

 

ဦးဝင်းထွဋ် (ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

 

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက အကောင်အထည်ဖော် ဆောင်ရွက်ရမည့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး စသည့်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူနှင့် အနီးစပ်ဆုံး တာဝန်ထမ်းဆောင်နေရသော ရပ်ကွက်၊ ကျေးရွားအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၏ အခန်းကဏ္ဍက အရေးကြီးလှပေသည်။

 

ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ရပ်ကျေးတာဝန်ခံ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုလျင်မြန်တွင်ကျယ်စွာ ထမ်းရွက်နိုင်ရေးအတွက် ရပ်ကျေးတာဝန်ခံ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးအတွက် သင်တန်းပေါင်း ၁၈၃၀၉ ခုကို မြို့နယ်၊ ကျေးရွာအုပ်စုအလိုက် ဖွင့်လှစ်ပေးနေသည့် အခြေအနေများနှင့်ပတ်သက်၍ အများပြည်သူသိရှိလေ့လာနိုင်ရန် တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြပါသည်။

 

ဦးသန်းဆွေဝင်း

 

ဒုတိယညွှန်ကြားရေးမှူးချုပ် အတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

 

မေး။ ။ သင်တန်းများ ဖွင့်လှစ်ဖြစ်ပုံအကြောင်း ရှင်းပြပေးစေချင်ပါတယ်။ 

 

ဖြေ။ ။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ရာအိမ်မှူးပေါင်း ၁၀၆၉၀ ရှိနေပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ရဲ့ လုပ်ငန်းအကောင်အထည်ဖော်ရာမှာ သူတို့ရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ရာအိမ်မှူးတွေက ပြည်သူတွေနဲ့ အနီးဆုံးနဲ့ နေရာအနှံ့ မှာရှိနေတယ်။ အဲ့ဒီအတွက် ဒီရာအိမ်မှူးတွေ လုပ်ရမယ့်တာဝန်တွေ၊ သိထားရမယ့်ဥပဒေ၊ နည်းဥပဒေတွေ၊ ညွှန်ကြားချက်တွေကို ဘယ်လိုလိုက်နာရမယ်ဆိုတာတွေ သိရှိပြီး တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ဆောင်ရွက်နိုင်မယ့် အသိပညာတွေ တိုးပွားလာဖို့ရယ်။ မိမိတို့မှာ ဘာတာဝန်တွေရှိတယ်ဆိုတာ တိတိကျကျသိရှိပြီး ပြည်သူ့ဝန်ဆောင်မှုပိုပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

 

မေး။ ။ သင်တန်းတွင်ပို့ချမယ့် သင်ခန်းစာများနဲ့ပတ်သက်ပြီး သိပါရစေ။

 

ဖြေ။ ။ သင်ခန်းစာတွေအနေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ မဖြစ်မနေ သိထားရမယ့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ မျှော်မှန်းချက်၊ လုပ်ငန်းစဉ်သုံးရပ်၊ ကျေးရွာတာဝန်ခံတွေဖြစ်တဲ့ ရာအိမ်မှူး၊  ဆယ်အိမ်မှူးများရဲ့ လုပ်ငန်းတာဝန်၊  ရပ်ကျေးအုပ်ချုပ်ရေးဥပဒေ၊ ဆောင်ရွက်ရမယ့် နည်းလမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်း နေထိုင်သူများရဲ့ တာဝန်ဝတ္တရားများ၊ ရပ်ကွက်ကျေးရွာအုပ်စုအတွင်း နေထိုင်သူများရဲ့ အခွင့်အရေးများ၊ ပုံစံ ၂၇ မျိုး အပါအဝင် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ၊ ပြစ်မှုဆိုင်ရာ ဉပဒေများ၊ လူဝင်မှုကြီးကြပ်ရေးဉပဒေ၊ လုပ်ထုံးလုပ်နည်းများ စတဲ့ဘာသာရပ်တွေကို သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဉပဒေ၊ လယ်ယာ၊ စာရင်းအင်းဌာန၊ လူမှုဝန်ထမ်းဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက သင်ကြားပို့ချပေးမှာ ဖြစ်ပါတယ်။ ဒီသင်တန်းတွေမှာ ဒီလိုကိစ္စရပ်တွေ ဒေသမှာရှိလာရင် ဘယ်လိုသတင်းပို့ရမယ်၊ ဘယ်လိုဆောင်ရွက်ရမယ် ဆိုတာတွေပါ သင်ကြားပေးနေခြင်းဖြစ်တယ်။

 

ဦးသိန်းစိုး

 

ဖျာပုံမြို့နယ် အုပ်ချုပ်ရေးမှူး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

 

မေး။ ။ လက်ရှိ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပတ်သက်ပြီး လုပ်ငန်းအကောင်အထည်ဖော်ရာမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲများ ရှိရင် အခြေအနေတွေ သိပါရစေ။

 

ဖြေ။ ။ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအနေနဲ့ သူတို့ရဲ့ ဆောင်ရွက်ချက်လေးတွေ အချို့အမှားအယွင်း ဖြစ်သွားတာတွေရှိတယ်။ လိုအပ်တဲ့ သိအပ်တဲ့ ဉပဒေ၊ နည်းဉပဒေတွေကို ရှင်းလင်းဆွေးနွေးပေးရင်းနဲ့ ခုချိန်မှာ အထိုက်အလျောက်လုပ်ငန်းတွေ အဆင်ပြေချော့မွေ့လာတာတွေ့ရတယ်။ ဒီစွမ်းဆောင်ရည်မြှင့်သင်တန်းမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ လုပ်ငန်းကို ပံ့ပိုးအကောင်အထည်ဖော်ပေးနေရတဲ့ ရာအိမ်မှူးတွေကိုပါ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ခေါ်ပေးခြင်းဖြစ်တယ်။ သင်တန်းကာလ တိုတယ်ဆိုပေမယ့် အင်မတန်သင့်တော်ပါတယ်။ သင်တန်းကရတဲ့ အသိအမြင်တွေနဲ့ဆက်ပြီး လေ့လာဆောင်ရွက်သွားမယ်ဆိုရင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့အတွက် အများကြီး တိုးတက်လာနိုင်ပါတယ်။

 

ဦးဝင်းထွဋ်

 

ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

 

မေး။ ။ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများရဲ့ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မာရေး သင်တန်းများအပေါ် အမြင်သိပါရစေ။

 

ဖြေ။ ။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေက ရွေးကောက်ခံထားတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ သူတို့က အရပ်သားတွေ ဖြစ်နေတယ်။ သက်ဆိုင်ရာ ဉပဒေ၊ နည်းဉပဒေတွေကို ကျွမ်းကျင်မှုမရှိဘူး။ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို သေသေချာချာ မသိတဲ့အတွက် တချို့နေရာတွေမှာ အာဏာအလွဲသုံးစားမှုတွေဖြစ်တယ်။ တချို့နေရာမှာ တာဝန်ကို စိတ်ရင်းစေတနာအမှန်နဲ့ ဆောင်ရွက်ပေမယ့် ရပ်ရွာနဲ့ သဘောထားကွဲလွဲမှုတွေဖြစ်တယ်။ အဲ့ဒါကြောင့် ဒီသက်ဆိုင်ရာ ရပ်ကျေးတာဝန်ခံတွေက မိမိတို့ ကိုင်စွဲကျင့်သုံးရမယ့် ဉပဒေ၊ နည်းဉပဒေတွေ အမိန့်ညွှန်ကြားချက်တွေကို သေသေချာချာ သိမြင်ဖို့လိုတယ်။

 

နောက်တစ်ချက်က မိမိတို့ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကိုလည်း သေချာသိထားဖို့လိုတယ်။ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က ဒေသအတွက် အခြေခံကျတယ်။ ဒီရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ အားကောင်းခိုင်မာမှ ဒီကနေ့ အကောင်အထည်ဖော်နေကြတဲ့ တရားဉပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ မြို့နယ်ပေါင်း ၂၆ မြို့နယ်၊ ရပ်ကွက်ပေါင်း ၃၀ဝ၊ ကျေးရွာအုပ်စုပေါင်း ၁၉၁၉ စု၊ ကျေးရွာပေါင်း ၁၁၉၅၂ ရွာရှိရာ ရာအိမ်မှူးပေါင်း ၁၀၆၉၀ ရှိကြောင်း သိရသည်။

 

သူဇာနွယ် (ဖျာပုံ)