ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း ပြုလုပ်ရုပ်ရှင်နယ်ပယ်မှ ပုဂ္ဂိုလ်များနှင့် ဒါရိုက်တာများ ပါဝင်လာသည့်အတွက် ဆွေးနွေးမှု ပိုမိုအားကောင်းလာ

Cinematheque Program ၏ကဏ္ဍခွဲတစ်ခုဖြစ်သော ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်း (Film Analysis) ပြုလုပ်ရာတွင် လက်ရှိမြန်မာ့ရုပ်ရှင်နယ်ပယ်မှ ပုဂ္ဂိုလ်များနှင့် ဒါရိုက်တာများလည်း ပါဝင်လာသည့် အတွက် ဆွေးနွေးမှုများ ပိုမိုအားကောင်းလာကြောင်း ရုပ်ရှင်မြှင့်တင်ရေးကော်မတီ အဖွဲ့ဝင် (ဇာတ်ညွှန်းရေးဆရာ) ဒေါက်တာ အောင်မင်းက ပြောသည်။

ရုပ်ရှင်မြှင့်တင်ရေးကော်မတီ အဖွဲဝင် (ဇာတ်ညွှန်းရေးဆရာ) ဒေါက်တာ အောင်မင်း က " ဒီနေ့ ပြသဆွေးနွေးမှု ကတော့ ၂၀၁၈ ခုနှစ်အတွက် နောက်ဆုံးပါ။ ဒီနေ့ဆိုရင် ပုံမှန်လာနေကြ သင်တန်းသား၊ သင်တန်းသူတွေအပြင် လက်ရှိ ရုပ်ရှင်အနုပညာ နယ်ပယ်မှာ အနုပညာအလုပ်တွေကို လုပ်ဆောင်နေတဲ့သူတွေ၊ ထုတ်လုပ်သူနဲ့ ဒါရိုက်တာတွေလည်း စိတ်ဝင်တစားနဲ့ ပါဝင်ဆွေးနွေးကြတဲ့ အတွက် အားရဖို့ကောင်းပါတယ်။ ဆွေးနွေးမှု အပိုင်းတွေကလည်း ပိုကောင်းလာတယ်။ အားရ ကျေနပ်ဖို့ ကောင်းပါတယ်” ဟုပြောသည်။

ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်း၊ အမှတ်(၅၀) ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ (ရုပ်ရှင်အနုပညာရပ်ဝန်း) ရုပ်ရှင်ပြခန်းမ၌ ပြုလုပ်သည့် ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း (Film Analysis) သတ္တမ အကြိမ် သုံးသပ်ဆွေးနွေးမှု အပြီးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

အဆိုပါ သုံးသပ်ဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာတို့ ပူးပေါင်း၍ မြန်မာ့ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး ရုပ်ရှင်ဖွံ့ဖြိုးတိုးတက် ရေးစင်တာ မှတာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ရန်ကုန်မှ ရုပ်ရှင်ပညာကို စိတ်ဝင်စားသော ကျောင်းသား၊ ကျောင်းသူများ၊ ပြင်ပမှ ရုပ်ရှင်ပညာကိုစိတ်ဝင်စားသည့် လူငယ်များနှင့် ပြင်ပရုပ်ရှင် သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ၊ မြန်မာ့ရုပ်ရှင် အနုပညာနယ်ပယ်မှ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ယနေ့ သုံးသပ်ဆွေးနွေးရာတွင် ဒေါက်တာ အောင်မင်း က ဒါရိုက်တာ David Lynch   ရိုက်ကူး ထားသည့် “the straight story ” ရုပ်ရှင်ဇာတ်ကားအပေါ် မိတ်ဆက်စကားပြောကြားပြီး အဆိုပါဇာတ်ကားကို တက်ရောက်လာကြသူများနှင့် အတူကြည့်ရှုကြသည်။

ယင်းနောက် ဒေါက်တာ အောင်မင်းက ရုပ်ရှင်ဇာတ်ကား တစ်ကားလုံး အပေါ် အသေးစိတ် ခွဲခြမ်းစိတ်ဖြာသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး တက်ရောက်လာကြသူများ၏ အမြင်များကို မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ကြသည်။

ဒါရိုက်တာ အဏ်ထော်ဏီ က ``ကျွန်တော်တို့ ခေတ်တုန်းက ဒါမျိုးတွေမရှိခဲ့ပါဘူး။ ဒါမျိုးတွေ များများလုပ်ပေးလေ လူငယ်တွေအတွက် ပညာများများရလေပါပဲ။နောင်တစ်ချိန်မှာ ရုပ်ရှင်လောက အတွက် အားထားရမယ့် လူငယ်တွေဖြစ်လာမှာပါ။ မြန်မာ့ရုပ်ရှင်လောကအတွက် အများကြီးအထောက်အပံ့ရမှာပါ။ မြန်မာ့ရုပ်ရှင်လောက အတွက် အခုလို မျိုးဆက်သစ် လူငယ်တွေများများ မွေးထုတ်ပေးဖို့လိုပါတယ်။ နိုင်ငံတကာနဲ့ ထဲထဲဝင်ဝင်ဖြစ်ဖို့ အခုလို လူငယ်တွေကို အဖွဲ့ချင်း အလိုက်ဖြစ်စေ ပြည်ပနိုင်ငံတွေမှာ ရှိတဲ့ အနုပညာကျောင်းတွေမှာ ပညာဆည်းပူးနိုင်အောင် သက်ဆိုင် ရာအဖွဲ့ အစည်းတွေအနေနဲ့ စီစဉ်ပေးရင်ပိုကောင်းပါတယ်´´ ဟုပြောသည်။

ယနေ့ ပြသဆွေးနွေးသည့် ရုပ်ရှင်ဇာတ်ကားသည် ဒုတိယ ကမ္ဘာစစ်တွင် တာဝန်ထမ်းဆောင်ခဲ့ သော စစ်မှုထမ်းဟောင်း (ယာသမား) တစ်ဦး ၏ ဘဝနေဝင်ချိန်နှင့် အတူ တစ်သက်တာ နာကြည်း ခဲ့ရသော ညီဖြစ်သူ ကျန်းမာရေးဖောက်ပြန်သောအခါ အရေးကြီးလျင်သွေးနီးမှ ဆိုသည့် စကားအတိုင်း အမုန်းတရားများကို စွန့်ကာ ချစ်ခြင်း မေတ္တာတရားကို ဖော်ပြကျူးပြသထားသည့် ဘဝဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သည်။

ယင်းကဲ့သို့ ဆွေးနွေးပွဲများကို လစဉ် ဒုတိယပတ်နှင့် တတိယပတ်တို့၏ တနင်္ဂနွေနေ့တိုင်း ပြုလုပ်ရန်စီစဉ်ထားသော်လည်း လာမည့် ဆွေးနွေးပွဲကို ဇန်နဝါရီ ၆ ရက်တွင်ပြုလုပ်ရန် စီစဉ်ထားသည်။

ထိုသို့ပြုလုပ်ရာတွင် မြန်မာနိုင်ငံနှင့် ကိုက်ညီမှုရှိသည့် ကမ္ဘာတစ်ဝန်းမှ Art House Film အမျိုးအစား ရုပ်ရှင် ဇာတ်ကားများထဲမှ ဇာတ်ကားများကို အလှည့်ကျ ရွေးချယ်ကာ ပြသ ဆွေးနွေးမှုများပြုလုပ် သွားမည်ဖြစ်သည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်